Latest News

Saturday, January 7, 2017

NLD အောင်နိုင်ရေးတွင် အသုံးပြုသည့် မော်တော်ဆိုင်ကယ် လေလံတင်မည်

NLD အောင်နိုင်ရေးတွင် အသုံးပြုသည့် မော်တော်ဆိုင်ကယ် လေလံတင်မည်


တောင်ကြီး၊ ဇန်န၀ါရီ ၇

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာမှ ထောင်ကျခံနေရသည့် တောင်သူ ၇၅ ဦး၏ မိသားစုဝင်များကို ထောက်ပံ့ငွေ လှူဒါန်းရန်၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ NLD ပါတီ မဲဆန္ဒအောင်နိုင်ရေး လှုပ်ရှားမှု ခရီးစဉ်တစ်လျှောက် အသုံးပြုခဲ့သည့် မော်တော်ဆိုင်ကယ်ကို လေလံတင် ရောင်းချမည်ဖြစ်ကြောင်း တရားဥပဒေ စိုးမိုးရေး ကွန်ရက်မှ ဦးဝင်းနိုင်စိုးက ပြောကြားသည်။

အဆိုပါ လေလံတင် ရောင်းချမည့် မော်တော်ဆိုင်ကယ်တွင် ခွပ်ဒေါင်းပုံများ ခြယ်သထားပြီး ရွေးကောက်ပွဲအကြို NLD ပါတီ မဲဆန္ဒ အောင်နိုင်ရေးတွင် အသုံးပြုခဲ့ခြင်းဖြစ်ကာ လေလံတင် ကြမ်းခင်းဈေးကို ကျပ် သုံးသိန်း သတ်မှတ်ထားကြောင်း ၎င်းက ပြောဆိုသည်။

“တောင်သူတွေကို ကူညီချင်တဲ့ စိတ်ရှိပေမယ့် ပိုက်ဆံ မရှိဘူး။ လေလံတင် ရောင်းမယ့် ဆိုင်ကယ်က အမှန်တော့ ကျပ် နှစ်သိန်း ပတ်ချာလည်လောက်ပဲ တန်တာပါ။ ဒါပေမဲ့ အလှူလုပ်မှာ ဖြစ်တဲ့အတွက် နည်းနည်း တန်ဖိုးမြှင့်ရောင်းဖို့ သတ်မှတ်လိုက်တာ”ဟု ၎င်းကဆိုသည်။

ယင်းသို့ လေလံတင် ရောင်းချမည့် အစီအစဉ်ကို စိတ်ဝင်စားသူများ ရှိလာပါက လူမှုအဖွဲ့အစည်းများနှင့် တိုင်ပင်၍ ရက်သတ်မှတ်ကာ လေလံတင် ရောင်းချ ပွဲကျင်းပမည်ဖြစ်ကြောင်း ၎င်းင်း၏အဆိုအရ သိရသည်။

တပ်ပိုင်မြေကို ကျူးကျော် ၀င်ရောက်မှုဖြင့် ထောင်ဒဏ် အမိန့်ချခံရသည့် ရေပူကျေးရွာမှ တောင်သူ ၇၅ ဦးတွင် ကျောင်းနေအရွယ် ကလေးများနှင့် သက်ကြီးရွယ်အို မိသားစုဝင်များ ကျန်ရှိနေခဲ့သောကြောင့် ၎င်းတို့ကို ထောက်ပံ့နိုင်ရန် ရေပူကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အလှူခံမဏ္ဍပ် ဖွင့်လှစ်ထားကြောင်း တောင်ကြီးမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ကိုမောင်မောင်က ပြောကြားသည်။

အဆိုပါတောင်သူ ၇၅ ဦးမှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလကုန်က တောင်ကြီးမြို့နယ် တရားရုံးက ပုဒ်မ ၄၄၇/ ၄၂၇ ဖြင့် ထောင်ဒဏ် တစ်လစီ ကျခံစေရန် အမိန့် ချမှတ်ခဲ့ပြီး ထောင်ဒဏ်ကျခံရသူများ၏ ပြစ်ဒဏ်ကို ပြန်လည် ပြင်ဆင်ပေးရန်လည်း တောင်ကြီးခရိုင် တရားရုံးထံသို့ အယူခံ တင်သွင်းရန် ပြင်ဆင်နေကြောင်း ၎င်း၏အဆိုအရ သိရသည်။

R-10

Sources; The Voice

No comments:

Post a Comment