Latest News

Saturday, January 7, 2017

အငှားမယားကိစ္စ စုံစမ်း၍ လွှတ်တော်သို့ တင်ပြမည်

အငှားမယားကိစ္စ စုံစမ်း၍ လွှတ်တော်သို့ တင်ပြမည်

ရန်ကုန်၊ ဇန်န၀ါရီ ၇

သတင်းများ ထွက်ပေါ်လျက်ရှိသော အငှားမယားကိစ္စနှင့် ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်နေပြီး တိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းမေးမြန်းရန်အထိ လုပ်ဆောင်နေကြောင်း ပန်းဘဲတန်းမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဇန်န၀ါရီ ၇ ရက်တွင် The Voice သို့ ပြောသည်။

“လောလောဆယ်တော့ သူငယ်ချင်းတွေဆီမှာ ကြားထားတာတွေနဲ့ စုံစမ်းနေတာပေါ့။ နေရာတွေက သုံးလေးခုကြား နေတာဆိုတော့ တားဆီးဖို့အတွက် လွှတ်တော်မှာ မေးပြီးတော့ ကြိုတင် ကာကွယ်လို့ရအောင် ဆိုပြီး လုပ်နေတာ။ တကယ်သာ ဒီလိုမျိုးတွေ ရှိခဲ့ရင်တော့ ဒါကြီးက လူကုန်ကူးမှုနဲ့လည်း ဆိုင်တယ်။ ကာမလိမ်လည်တာနဲ့လည်း ဆိုင်တယ်။ နောက် အမျိုးသမီး အခွင့်အရေးတွေ ဆုံးရှုံးတာတွေနဲ့လည်း ဆိုင်တယ်ဆိုတော့ အဲဒါတွေနဲ့ ချိတ်ပြီးတော့ အရေးယူ ဆောင်ရွက်လို့ရအောင် ကျွန်တော်က မေးမှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ အငှားမယားကိစ္စမှာ မြန်မာ့ယဉ်ကျေးမှု နယ်ပယ်တွင် လက်ခံ၍ မဖြစ်နိုင်သောကြောင့် အမျိုးသမီးများ ကိုယ်တိုင်က သဘော တူညီချက်နှင့် လုပ်သည်ဆိုပါက ကာယကံရှင် မဟုတ်သည့် ရပ်ကွက်နေ ပြည်သူ တစ်ယောက်က ဖြစ်စေ၊ တာဝန်သိပြည်သူကဖြစ်စေ တိုင်ကြားနိုင်ရန်နှင့် ရက်ကွက်လူထုက လက်မခံပါကလည်း နှစ်ယောက်စလုံးကို အရေးယူသည့်အပိုင်းဖြင့် ပြုလုပ်သွားမည်ဟု ၎င်းက ထပ်မံ ပြောကြားသည်။

မိန်းကလေးများကို အငှားမယားအဖြစ် ငှားရမ်း နေထိုင်သူများတွင် နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း၊ မိန်းကလေးများမှာ နယ်မှလာရောက်ကာ နိုင်ငံရပ်ခြားသို့ အလုပ်သွားရောက် လုပ်ကိုင်မည့်သူများဖြစ်ပြီး မသွားမီ ရန်ကုန်တွင် အငှားမယားအဖြစ် တစ်လလျှင် ငွေကျပ် သုံးသိန်းဖြင့် နေထိုင်နေသည်များ ရှိကြောင်း ဦးသန်းနိုင်ဦးက ဆိုသည်။

အငှားမယားအဖြစ် နေထိုင်ခြင်းနှင့် ပတ်သတ်ပြီး အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသည့် ဖန်တီးအိမ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေးငယ်က “အမျိုးသမီးတွေကိုယ်တိုင်က သူတို့ အခွင့်အရေးအရ ရွေးချယ်တယ်လို့ ပြောလို့ရပေမယ့် ရေရှည်မှာတော့ ဒါလူမှုရေး ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်။ စားဝတ်နေရေးအရ တကယ်လို့ အကူအညီ လိုနေတဲ့အမျိုးသမီးတွေ ရှိတယ်ဆိုရင်လည်း အစ်မတို့က အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ နောက်နိုင်ငံတော် အစိုးရကလည်း အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ စနစ်တကျ လုပ်ပေးသင့်တယ်။ ဒါမျိုးက အားမပေးသင့်တဲ့အပြင် ဥပဒေကြောင်းအရရော ပညာပေးတာတွေရော အကုန်ဝိုင်းဝန်းပြီးတော့ ဒါကို ကာကွယ်သင့်တယ်”ဟု ပြောဆိုသည်။

အဆိုပါ အငှားမယားကိစ္စဆိုသည် မှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရသော်လည်းကောင်း၊ အခြားသော ဘာသာ ဓလေ့ထုံးတမ်းများအရသော်လည်းကောင်း၊ လုံးဝ လက်ခံနိုင်စရာ မရှိကြောင်းနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေ၊ တစ်လင် တစ်မယား ဥပဒေ၊ ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေစသည့် ဥပဒေ များစွာဖြင့် ငြိစွန်းသွားမည်ဖြစ်ကြောင်း ဥပဒေပညာရှင် ဦးရောဘတ်ဆန်းအောင်က ပြောဆိုသည်။

Sources; ရွှေဖူးခင် / The Voice

No comments:

Post a Comment