Latest News

Saturday, January 14, 2017

အများပိုင်ယာဉ်လိုင်းစနစ်ပြေးဆွဲမည့်ကားများကို ၃ လအတွင်း CCTV နှင့် GPS များတပ်ဆင်သွားမည်

အများပိုင်ယာဉ်လိုင်းစနစ်ပြေးဆွဲမည့်ကားများကို ၃ လအတွင်း CCTV နှင့် GPS များတပ်ဆင်သွားမည်

ရန်ကုန် ၊ ဇန်န၀ါရီ ၁၄

အများပိုင်ယာဉ်လိုင်းစနစ်ပြေးဆွဲမည့်ကားများကို ၃ လအတွင်း CCTV နှင့် GPS များတပ်ဆင်သွားမည်ဖြစ်ပြီး ငွေပေးချေသည့်စနစ်ကို နောက်ထပ် ၃လ တွင်မှသာ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကပြောသည်။

ဇန်န၀ါရီ ၁၄ ရက်နေ့ က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက '' Traffic Control Center ကနေ တိုက်ရိုက်ထိန်းချုပ်မယ့် ကိစ္စတွေကို ဒီသုံးလအတွင်းဆောင်ရွက်သွားမှာဖြစ်ပါတယ် ငွေပေးချေရေးစနစ်ကိုတော့ ဒီသုံးလအပြီး နောက်သုံးလမှာ စီမံကိန်းအသစ်ထဲဆောင်ရွက်သွားမှာပါ ငွေပေးချေရေးစနစ်ကိုလည်း စနစ်တစ်ခုတည်းဖြစ်အောင် ဆောင်ရွက်သွားမယ် '' ဟုပြောသည်။

လက်ရှိတွင် ဇန်န၀ါရီ ၁၆ ရက်နေ့ ၌ ပြေးဆွဲမည့် ယာဉ်လိုင်း ၆၁ ခုရှိနေပြီး ပြောင်းလဲပြေးဆွဲမည့် စနစ်သစ်တွင်ပါဝင်ပြေးဆွဲလိုသည့် ယာဉ်ပိုင်ရှင်များအနေဖြင့် အဆိုပြုလွှာများကိုဇန်န၀ါရီ ၁၅ ရက်နေ့ ညနေနောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ်ကဆက်ပြောသည်။

'' ကျွန်တော်တို့ ပြုပြင်လိုက်တဲ့စနစ်ထဲမှာ ပါဝင်နေမိဖို့ တော့လိုပါမယ် စနစ်ထဲမှာ မပါဝင်တော့တဲ့သူတွေက ပြီးမှ ဒီစနစ်ထဲကိုပါချင်ပါတယ်ဆိုပြီး တစ်စီးချင်း တစ်ယောက်ချင်းလာရောက်ဆောင်ရွက်လို့ မရနိုင်တော့ပါဘူး ၁၅ ရက်နေ့ ညနေဟာ အပြီးအပြတ်ဖြစ်သွားမှာဖြစ်ပါတယ် ဒါကြောင့် ဒီစနစ်ထဲမှာ ကိုယ့်ရဲ့ကား ကိုယ့်ရဲ့လုပ်ငန်းကို ပါဝင်ထားကြဖို့ တော့လိုမှာဖြစ်ပါတယ် '' ဟုဦးဖြိုးမင်းသိန်းကပြောသည်။

လက်ရှိတွင် အများပိုင်ယာဉ်လိုင်းစနစ်ကို ကားစီးရေ ၃၇၀၀ ကျော်ဖြင့် ပြေးဆွဲရန်စီစဉ်ထားပြီး လူစီးများသည့်အချိန်များတွင် ၂မိနစ်တစ်စီးနှုန်းဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ဖြိုးထက်အောင်
ဓာတ်ပုံ - အောင်နိုင်စိုး(ကစ္ဆပ)ပေါ်ဖြူလာ

No comments:

Post a Comment