Latest News

Sunday, January 15, 2017

စိတ်ဓာတ်တွေကို အတုယူကြ

စိတ်ဓာတ်တွေကို အတုယူကြ


မြန်မာနိုင်ငံတွင်လူတွေသည် အလွယ်လမ်းကို လိုက်ကြတာများသည်။ ကိုရီးယားရုပ်ရှင်ဇာတ်ကားများ တီဗီစီးရီးများကိုကြည့်ကြသောအခါ ကိုရီးယားများ အပြင်းအထန်မနားမနေ အလုပ်လုပ်တတ်တာ၊ အချိန် လေးစားတာ၊ စားချိန်စား နားချိန်နားကြတာ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာကြတာ၊ စည်းကမ်းမဲ့ အမှိုက်မပစ်တာတွေကို အတုယူမည့်အစား ကျွန်တော်တို့ ရွှေမြန်မာချစ်သူစုံတွဲများက ယောက်ျားလေးက မိန်းကလေးကို ကုန်းပိုးတာကို အတုယူချင်ယူသည်။ မင်းကိုငါချစ်တယ်ဟု ပင်လယ်ကြီးထဲသို့ကြည့်ပြီး အော်လိုက်တာကို ပေါတောတော အတုယူချင်ယူသည်။ ကိုရီးယားမှာ အနုတ် ၃ ဒီဂရီလောက်ရာသီ ဥတုချမ်းအေးသဖြင့်အနွေးထည်အင်္ကျီကြီးများ၊ လောင်းကုတ်ကြီးများဝတ်ကြတာကို မြန်မာပြည်မှာ နေပူပူ ချွေးတလုံးလုံးဖြင့် လိုက်ဝတ်ချင်ဝတ်သည်။ အိမ်ထောင်ရေး ဖောက်ပြန်ကြသည့်အဖြစ်တွေ၊ မိန်းကလေးတန်မဲ့ အရက်သောက်သည့်ပြကွက်တွေကို အတုခိုးချင်ခိုးကြသည်။

တကယ့်အနှစ်သာရကို အတုယူဖို့ဆိုလျှင် အပင်ပန်းခံရသည်။ ကြိုးစားရသည်။ အချိန်ယူရသည်။ အခြေခံကစပြီး ကြိုးစားရသည်။ မြန်မာသည် ထိုသို့ မလုပ်ချင်။ အပေါ်ယံတွေကို အလွယ်လိုက်တာများသည်။ အင်္ဂလိပ်ခေတ် အင်္ဂလိပ်များ တုတ်ကောက်နှင့် လမ်းထွက်လျှောက်တာ၊ နောက်ပိတ်ဖိနပ်စီးတာ၊ ဒင်နာပါတီပေးတာ၊ ဘိုဆန်ဆန်ကကြတာ၊ မြန်မာနာမည် ရှေ့တွင် ဘိုနာမည်များတပ်ကြတာကို အတုယူကြ သည်။ အင်္ဂလိပ်ကျွန်း နိုင်ငံသေးသေးလေးသည် တကမ္ဘာလုံးကို သိမ်းပိုက်အုပ်ချုပ်နိုင်ရခြင်း၏ အဓိက အကြောင်းတရားများဖြစ်သော၊ ခေတ်ပညာတတ်ခြင်း၊ အမြင်ကျယ်ခြင်း၊ သိပ္ပံပညာထွန်းကားခြင်း၊ အလုပ်လုပ်ရာတွင် စနစ်တကျရှိခြင်း၊ အချိန်လေးစားခြင်း၊ စည်းစနစ်ကောင်းခြင်းစသော အတုယူဖွယ်အရည် အချင်းများကို ကျွန်တော်တို့မရလိုက်တာ များသည်။ မြန်မာသည် အချိန်မလေးစားရာ၌ မြန်မာစံတော်ချိန်ဆိုသည့်အခေါ်အဝေါ်ပင် နိုင်ငံကျော်ဝေါဟာရဖြစ် နေပေသည်။

မြန်မာနိုင်ငံ၏ ခေါင်းဆောင်များအကြောင်းကို လေ့လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် ၍ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ ဖြစ်စေ အတုယူစရာအထင်ကြီးလေးစားလောက်ဖွယ် အံ့မခန်း စိတ်ဓာတ်များစွာရှိသည်။ သို့သော် အချို့လူများသည် စိတ်ဓာတ်တွေကို အတုယူရမည့်အစား အပေါ်ယံတွေ ကိုသာ အလေးထားပြီး လိုက်နာနေကြတာလည်း ယနေ့ထက်တိုင်တွေ့နိုင်သည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့်ပတ်သက်၍ လူငယ်သလောက် စာဖတ်တာ၊ အင်္ဂလိပ်စာတော်တာ၊ နိုင်ငံတော်၏ ပိုက်ဆံကို မလိုအပ်လျှင် တပြားတချပ်မှမကုန်စေချင်တာ၊ မိသားစု အရေးအရာထက် နိုင်ငံတော်အကျိုးစီးပွားကိုပို၍ အလေးထားတာ၊ အမှန်တရားအတွက် တိုက်ပွဲဝင်ရဲတာ၊ အောက်ခြေရဲဘော်များနှင့် တတန်းတစားတည်း နေထိုင်စားသောက်လေ့ရှိသော အကျင့်များသည် ကောင်းမြတ်သောစိတ်ဓာတ်များဖြစ်သည်။ သို့သော် ထိုမြင့်မြတ်သော စိတ်ဓာတ်များသည် ကျင့်သုံးလိုက်နာ ရခက်လှသည်။ ထို့ကြောင့် မြန်မာများက အလွယ်လမ်း လိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း ပဲပြုတ်နှင့်နံပြားစားသဖြင့် ဗိုလ်ချုပ်လိုဖြစ်ချင်သူများက ပဲပြုတ်နှင့် နံပြားလိုက်စားကြသည်။ ဟိုက နေမကောင်းသဖြင့် တောင့်တကာ စားခြင်းဖြစ်သည်။ နေ့ခင်းနေ့လည်ဘက် ပူပူနွေးနွေး ပဲပြုတ်နံပြားစားခြင်းဖြစ်သည်။ အရသာရှိပေမည်။ ကျွန်တော်တို့က တလွဲဆံပင်ကောင်းကာ ပဲပြုတ်နှင့်နံပြားတွေ လိုက်စားကြသည်။ စားသည့် အချိန်က ညကိုးနာရီ၊ ဆယ်နာရီခန့်။ မနက်တည်းက ရိုက်ထားသောနံပြားများလည်း ပျော့ပြီ။ မနက်စောစော ကတည်းက ပြုတ်ထားသောပဲပြုတ်များလည်း အောက် နေပြီ။ ဒါတွေကိုစားကာ ဗိုလ်ချုပ်ကို အတုခိုးကြ၏။

မိန်းကလေးတွေက ဒေါ်အောင်ဆန်းစုကြည် ၀တ်ပုံစားပုံကိုသာကြည့်၍ ဘယ်လိုလှကြောင်းဘယ်လို ချောကြောင်း၊ ဘယ်အချိတ်ထဘီက ဘယ်လိုအဆင်ဆန်းကြောင်း၊ ဘယ်ပ၀ါကဘယ်ကလာကြောင်း ဒါတွေ ပြောကြသည်။ သူမ၏ သံမဏိနှင်းဆီစိတ်ဓာတ်ကို အတုယူအားကျကာ ထိုသို့ဖြစ်ဖို့ ကြိုးစားတည် ဆောက်ကြသူတွေ အင်မတန်နည်းလှသည်။ NLD အစိုးရအာဏာရခါစ ၂၀၁၆ ဧပြီလထဲတွင် မြန်မာနိုင်ငံသို့ ပထမဆုံးနိုင်ငံတော်ဧည့်သည်အဖြစ် စင်ကာပူနိုင်ငံမှ ၀န်ကြီးချုပ်လီရှန်လွန်း အလည်အပတ်ရောက်လာ၏။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးထင်ကျော်တို့ ခေါင်းဆောင်သော အစိုးရ၏ပထမဆုံး နိုင်ငံတော်ညစာ စားပွဲကို တနိုင်ငံလုံးက စိတ်ဝင်စားကြသည်။ ဘာတွေ ကျွေးမှာလဲ၊ ဘာအဖျော်ယမကာတွေတိုက်မှာလဲ၊ ဘာတွေနဲ့ တည်ခင်းဧည့်ခံမှာလဲ။ ပထမဆုံးနိုင်ငံတော်ညစာစားပွဲ (State Dinner) ကြီးကို ဘယ်လိုကျင်းပမှာလဲ။ သံတမန်များနှင့်တကွ ရွေးကောက်ပွဲ တွင် မဲရှုံးသွားသော ပါတီများ၊ အာဏာရှင်ဟောင်းများ၊ နိုင်ငံရေးအသိုင်းအ၀ိုင်းက စိတ်ဝင်တစားစောင့်ကြည့်ကြသည်။

အံ့သြဖွယ်ကောင်းလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်တို့ အစိုးရက အကုန်အကျသက်သာ၍ ရိုးရှင်းသောညစာစားပွဲဖြင့် ဧည့်ခံသည်။ ဘူးသီးနှင့်ကြက်သားကာလသားဟင်း ကျွေးသည်။ ထူးခြားမှုအဖြစ် အရက်ဘီယာလုံးဝမတိုက်။ ယခင်က ၀ိုင်များ၊ ဘီယာများ၊ ၀ီစကီများ၊ နိုင်ငံခြားအရက် အကောင်းစားများ ချောင်းစီးလောက်အောင် (နိုင်ငံ တော်ဘဏ္ဍာဖြင့်) စားကြသောက်ကြဧည့်ခံခဲ့တာတွေ ကို တော်လှန်ကာ ရပ်တန့်ပစ်ခဲ့ပြီဖြစ်သည်။ အချိုပွဲတွင် လက်ဖက်ရည် တိုက်တာတွင်ပင် ခပ်ရိုးရိုး ရှမ်းလက်ဖက်ခြောက်ခပ်ထားသော ရေနွေးကြမ်းကိုတိုက်သည်။ လစ်ပတန် လက်ဖက်ရည်ကို တိုက်သည်။ ဧည့်သည်တော် လီရှန်လွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလို၍လာခဲ့ခြင်းဖြစ်ရာ ဘာပဲကျွေးကျွေးလက်ခံသည်။ သို့သော် မြန်မာနိုင်ငံကို ဆိုရှယ်လစ်စနစ်လိုလို စစ်အာဏာရှင်စနစ် အကြောက်တရားတို့ဖြင့် ၂၆ နှစ်တာ အုပ်စိုးသွားသော အာဏာရှင်ဟောင်း ကြီး ဦးနေ၀င်း၏မြေးဖြစ်သူ အေးနေ၀င်းက ဖေ့စ်ဘွတ်တွင် တစခန်းထလာသည်။ နိုင်ငံတော်ညစာစားပွဲတွင် လစ်ပတန် လက်ဖက်ရည်တိုက်လိုက်ခြင်းသည် မကြားဝံ့မနာသာ ရာဇ၀တ်မှုခင်းကြီးသဖွယ် ကဲ့ရဲ့ရှုတ်ချပြီး ဂုဏ်ကျက်သရေ ကင်းမဲ့သည့်လုပ်ရပ် (Such a disgrace) ဆိုသော စာလုံးကိုသုံးပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီး လက်ထက်က မြန်မာနိုင်ငံထဲတွင် မြင်းပွဲများကို ပိတ်ထားသည်။  လူငယ်တွေစာရိတ္တ ထိခိုက်မှာစိုး၍ ပိတ်သလိုလို၊ အရင်းရှင်တို့၏ ရေပေါ်ဆီအားကစားမို့ ပိတ်သလိုလို ၀ါဒဖြန့်ထားသည်။ ဦးနေ၀င်းကိုယ်တိုင်ကတော့ အင်္ဂလန်သို့သွားပြီး မြင်းလောင်းသည်။ ဦးနေ၀င်းမြင်းပွဲမှာရောက်နေသော ဓာတ်ပုံသည် ထိုခေတ်က Times မဂ္ဂဇင်းမှာ ကမ္ဘာကျော်ဓာတ်ပုံအဖြစ် ပါလာသည်။ သူ့ဓာတ်ပုံပါသော တိုင်းမဂ္ဂဇင်းမှာ ထိုအပတ်က မြန်မာနိုင်ငံတွင် ဖြန့်ချိခွင့်မရဘဲ အပိတ်ခံရသည်။ နိုင်ငံကဆင်းရဲနေချိန်၊ ပြည်သူတွေကို လောင်းကစားအဖြစ် ပိတ်ပင်ထားချိန်တွင် တိုင်းပြည်ခေါင်းဆောင် တယောက်က အပြောတမျိုး၊ အလုပ်တမျိုးလုပ်ပြနေခြင်းသည် အေးနေ၀င်းပြောပြောနေ သော ဂုဏ်ကျက်သရေယုတ်မှု (Disgrace) ဖြစ်ပါသည်။

 ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ်မှာအတုယုထိုက်သောစိတ်ဓာတ်ဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်း၏ စိတ်ဓာတ်မှာရှောင်ရမည့်စိတ် ဓာတ်မျိုးဖြစ်ပါသည်။

စစ်အစိုးရလက်ထက်တလျှောက်လုံး လမ်းဆုံလမ်းခွများတွင် ''ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ''ဟု ၀ါဒဖြန့်ခဲ့ကြသည်။ ထိုဝါဒဖြန့်သူများသည် နှာစေးချောင်းဆိုးလောက်မှ စကာ ပုံမှန်ကျန်းမာရေးစစ်ဆေးသည်အထိ စင်ကာပူနိုင်ငံကို ပြေးကြသည်။ စင်ကာပူမှာ ဆေးစစ်ကြသည်။ စင်ကာပူမှာ ဆေးကုကြသည်။ စင်ကာပူမှာ သေကြ သည်။ သူတို့သားသမီးများကို နိုင်ငံခြားတွင် ကျောင်း ထားကြသည်။သူတို့စောင်းမြောင်းကဲ့ရဲ့ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မြန်မာနိုင်ငံ သို့ရောက်လာသည်မှစကာ တခါမှပြည်ပထွက်၍ ဆေးကုသမခံခဲ့ဘဲ ရန်ကုန်နှင့် နေပြည်တော်ဆေးရုံများတွင်ပဲ ကျန်းမာရေးနှင့်ပတ်သက်လာလျှင် ကုသစစ် ဆေးမှုခံယူခဲ့တာလည်း အတုယူသင့်သည့်စိတ်ဓာတ်များ ဖြစ်သည်။

 အာဏာနှင့်ပတ်သက်လာလျှင် အလွဲသုံးစားမလုပ်သော စိတ်ဓာတ်တခုကိုလည်း အတုယူ ဖွယ်ဖြစ်သည်။
မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် ရုပ်ရှင်ကုမ္ပဏီသက် တမ်းတိုးလျှောက်ထားရာတွင် လျှောက်လွှာပုံထဲတွင် ဒေါ်အောင်ဆန်းစုကြည်အမည်နှင့် လျှောက်လွှာ တစောင်တွေ့ရာ ထိုလျှောက်လွှာကို စိတ်ဝင်စားသဖြင့်စာရေးဆရာတယောက်က သေသေချာချာကြည့်ရှုလေ့လာခဲ့သည်ဆို၏။ ထိုအခါသိရသည်မှာ ဗိုလ်ချုပ်အောင် ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ရန် ရုပ်ရှင်ကုမ္ပဏီတခုလိုအပ်ရာ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူက သူတို့ မိသားစုပိုင် အမျိုးသားရုပ်ရှင်ကုမ္ပဏီကို ဒေါ်အောင်ဆန်းစုကြည်အား မေတ္တာဖြင့် ပေးလှူခဲ့သည်ဆို၏။ ဗိုလ်ချုပ်ရုပ်ရှင်မှာသိကြသည့်အတိုင်း တော်တော်နှင့် မပြီးသဖြင့် ထိုရုပ်ရှင်ကုမ္ပဏီကို သက်တမ်းတိုးရန် လိုအပ်လာရာ နိုင်ငံ့ခေါင်းဆောင်ဖြစ်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် ရာထူးအာဏာအရှိန်အ၀ါကို အခွင့်ထူးခံအသုံးမချဘဲ သာမန်ပြည်သူ တယောက်လို ပုံမှန်လမ်းကြောင်းအတိုင်း သက်တမ်းတိုးလျှောက်လွှာ တင်ထားခြင်းကိုတွေ့ခဲ့ရခြင်းဖြစ်၍ လက်ဖျားခါလောက်အောင် ချီးကျူးလိုက်နာသင့်သော စိတ်ဓာတ်များဖြစ်သည်။

 ဗိုလ်ချုပ်အောင်ဆန်းလက်ထက်ကလည်း သူစားမည့်ထမင်းဝိုင်းတွင် ဟင်းကောင်း များဖြင့် ပြင်ဆင်ထားပြီး ရဲဘော်များစားမည့် ထမင်းဝိုင်းတွင် ဟင်းကောင်းကျွေးကောင်းမရှိသည် ကို မြင်သွားပြီး ရဲဘော်တွေစားသလိုပဲ သူစားမည်၊ သူ့ကို အထူးသီးသန့်ပြင်မပေးပါနဲ့ဟု ပြောခဲ့သည့် စိတ်ဓာတ်ကိုသတိရမိသည်။ လမ်းသွားရင်း ကားပျက် သည်ကိုပင် ဗိုလ်ချုပ်အောင်ဆန်းသည် မင်းနဲ့ငါဆင်း တွန်းကြတာပေါ့ဟုဆိုကာ အပါးတော်မြဲနှင့်အတူ ကားဆင်းတွန်းဖို့ လုပ်ခဲ့သော စိတ်ဓာတ်သည် အင်မတန် မြင့်မြတ်သော စိတ်ဓာတ်ဖြစ်သည်။ ထိုစိတ်ဓာတ်မျိုးကို ကျွန်တော်တို့နိုင်ငံမှ လူများစုစိတ်ထဲရောက်လျှင် နိုင်ငံတိုးတက်မည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မှန်ရာကို ရဲရဲဝံ့ဝံ့တဲ့တိုးပြောရဲသည်။ ပြောတတ်သည်။ မြန်မာနိုင်ငံသို့ အရှေ့ တောင်အာရှ မဟာမိတ်တပ်ပေါင်းစု၏ စစ်သေနာပတိနှင့် နောင်အခါ အိန္ဒိယဘုရင်ခံချုပ်ဖြစ်ခဲ့သူ လော့ဒ် မောင့်ဘက်တန် အလည်လာစဉ်က မောင့်ဘက်တန်ကို ကြိုဆိုဂုဏ်ပြုပွဲတခု ရန်ကုန်မြို့အိုးရီးယန့် အဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့သည်။ ထိုပွဲသို့ သခင်အောင်ဆန်းလည်း တက်ခဲ့သည်။ ဗြိတိသျှအရာ ရှိကြီး မောင့်ဘက်တန်မိန့်ခွန်းပြောသောအခါ မြန်မာနိုင်ငံရေးသမားများကို ပုတ်ခတ်ဝေဖန်သလိုရှိသော စကားတခွန်းပါသွားသည်။ ထိုစကားမှာ Politics is the refuge of the scoundrels (နိုင်ငံရေးဆိုတာ ယုတ်ညံ့တဲ့သူတွေရဲ့ ခိုလှုံရာအရပ်) ဆိုသည့် စကား ဖြစ်သည်။ ထိုစကားကို မခံနိုင်သော်လည်း မည်သူကမျှ ထမပြောရဲကြ။ ဗိုလ်ချုပ်အောင်ဆန်းတယောက်သာ ဇိုးခနဲ၊ ဆတ်ခနဲထ၍ ''နိုင်ငံရေးလောကဆိုတာ လူယုတ်မာတွေ ခိုကိုးရာဒေသဖြစ်တယ်လို့ ဘုရင်ခံချုပ်ကြီးပြောသွားပါတယ်။ ဒါဟာ အနောက်နိုင်ငံမှာ မှန်ကောင်းမှန်မယ်။ ကျုပ်တို့ဆီမှာ နိုင်ငံရေးဆိုတာ ဟာ ပရဟိတလုပ်ငန်း၊ လောကတ္ထစရိယကျင့်တဲ့ လုပ်ငန်း၊ ဒါဟာဒွိဟိတ်ပုဂ္ဂိုလ်တွေ မလုပ်နိုင်ဘဲ တိဟိတ်ပုဂ္ဂိုလ်များ၊ ဘုရားအလောင်းများမှသာ လုပ်နိုင်တဲ့ လုပ်ငန်းလို့ ယူဆထားတယ်။

အဲဒီလိုအလွန်မွန်မြတ်တဲ့အထဲမှာ တခါတရံ လူယုတ်မာတွေပါ ကောင်းပါလာမယ်။ အဲဒါကြောင့် နိုင်ငံရေးအလုပ်ဟာ မကောင်းဘူးလို့ ဆိုရတော့မှာလား။ ဥပမာတခု ပြောပြပါရစေ။ ဒီအိုးရီးယန့် အဆောက်အအုံကြီးဟာ လူအများစုဝေးဖို့ တည်ဆောက်ထားတယ်။ အစောင့်အကြပ်ကင်းမဲ့ချိန်မှာ တခါတရံ ခွေးတွေတက်အိပ်နေကြတယ်။ အဲဒီလို ခွေးတွေတက်အိပ်နေတာကိုကြည့်ပြီး ဒီအဆောက်အအုံကြီးဟာ ခွေးအိပ်ဖို့ဆောက်ထားတာပါလို့ဆိုရင် မှန်ပါ့မလား။ မမှန်ပါဘူး။

ဒါကြောင့် နိုင်ငံရေးဟာလည်း ဒီလိုပါပဲ။ အင်မတန်မွန်မြတ်ပါတယ်။ ဒီအဆောက်အအုံကြီးပေါ်မှာ ခွေးတက်အိပ်သလို လူယုတ်မာတွေလည်းအလစ်မှာ နိုင်ငံရေးလောကထဲကိုဝင်လာတတ်ပါတယ်။ အဲဒီလို ၀င်လာတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံရေးသမားစစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြည်မပြတ်ဟန့် တားဝိုင်းပယ်နိုင်သည်နှင့်အမျှ နိုင်ငံရေးလောကကြီးဟာ သန့်ရှင်းစင်ကြယ်မွန်မြတ်လာပါလိမ့်မယ်။ ဒါပဲ ကျုပ်ပြောချင်တာ''ဟုပြောပြီး စင်ပေါ်မှဆင်းကာ သူ့နေရာသူ ပြန်ထိုင်နေသည်ဆို၏။ ထိုသို့ အမှန်တရား အတွက် ချက်ကျလက်ကျထပြောရဲသော ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်ကို ချီးကျူးလေးစားအတုယူ ရမည်ဖြစ်သည်။ ထိုနည်းတူပင် ဗိုလ်ချုပ်စကားအဆုံး ၌ လူပုံအလယ်တွင် ဗိုလ်ချုပ်အောင်ဆန်းကို မဆိုင်းမတွ ထတောင်းပန်ခဲ့သော လော့ဒ်မောင့်ဘက်တန်၏ လူကြီးလူကောင်းဆန်မှုကိုလည်း ကျွန်တော်တို့ ချီးကျူး လေးစားအတုယူရမည် ဖြစ်သည်။ မောင့်ဘက်တန်က ဗိုလ်ချုပ်အောင်ဆန်း ထိုသို့ပြောလိုက်လျှင် စင်ပေါ်သို့ တဖန်တက်လာ၍
''ဒီနေ့ညစကားပြောတဲ့အထဲမှာ အစီအစဉ်ထဲမှာ မပါတဲ့ သခင်အောင်ဆန်းရဲ့ မိန့်ခွန်းဟာ အဖိုးအတန်ဆုံးပါပဲ။ ကျွန်တော်ပြောမိတာကတော့ ထမင်းစားပွဲအပြီး ရယ်စရာမောစရာအနေနဲ့ ခပ်ပေါ့ပေါ့နိုင်ငံရေးလောကကို ပြက်ရယ်ပြုတဲ့ စကားပြောမိပါတယ်။ အလွန်ဝမ်းနည်းမိပါတယ်။ ကျွန်တော်ပြောမိတဲ့ အချက်အလက်တွေကို ရုပ်သိမ်းပါတယ်ခင်ဗျား''ဟု လော့ဒ်မောင့်ဘက်တန်က ရှင်းပြတောင်းပန်ခဲ့သည်။ ထိုစိတ်ဓာတ်မှာ ချီးကျူးဖွယ်ဖြစ်သည်။ မောင့်ဘက်တန်သည်ဗိုလ်ချုပ်အောင်ဆန်းထက် အသက် ၁၅ နှစ်ကြီးသည်။ ရာထူးအရလည်း အလွန်ကွာသည်။ သူက မဟာမိတ်တပ်ပေါင်းစု၏ အရှေ့တောင်အာရှသေနာပတိ၊ ဗိုလ်ချုပ် က မြန်မာ့တပ်မတော်မှ ပူပူနွေးနွေး နုတ်ထွက်ကာ နိုင်ငံရေးလောကထဲမှာ အာဏာမရသေးသော ဖဆပလပါတီတွင် လုပ်ကိုင်နေရသူ။ နိုင်ငံချင်းဆိုလျှင်လည်း အင်္ဂလန်သည် အုပ်စိုးသူသခင်နိုင်ငံ၊ မြန်မာသည် သူ၏ ကိုလိုနီကျွန်နိုင်ငံ။ ထိုသို့ အဖက် ဖက်က ကွာခြားသော်လည်း ဗိုလ်ချုပ်အောင်ဆန်းထပြောသောစကားမှာ အမှန်တရားဖြစ်နေသောအခါ သူမှားသည်ကိုမှားပါသည်ဟု လူပုံအလယ်တွင် ၀န်ခံရဲသောသတ္တိမှာ  တော်ရုံတန်ရုံစိတ်ဓာတ်မဟုတ်ပေ။ မြန်မာနိုင်ငံအာဏာရလူကြီးအဆက်ဆက်တွင် ကိုယ်မှားသည်ကို မှားပါသည်ဟု မောင့်ဘက်တန်လို လူကြီးလူကောင်းဆန်ဆန် ၀န်ခံတောင်းပန်တတ်သော ဓလေ့များထွန်းကားခဲ့ပါက မြန်မာ့နိုင်ငံရေး ခရီးသည် ဤမျှကြာရှည်ကြမ်းတမ်းမည်မထင်။ ယခုတော့ အကြွေးကျေအောင် ထမင်းတနပ်လျှော့စားပါဟုဆိုသူများ၊ နယ်လှည့်ပါးရိုက်လာတာဟုဆိုသူများ၊ တပည့်တော်တို့က တရုတ်ကိုလည်း ကြောက်ရပါသည်ဆိုသူများ၊ မီးမလင်းရင်ဖယောင်းတိုင်ထွန်းနေကြပါ ဆိုသူများ၊  ဓားကိုဓားချင်း၊ လှံကိုလှံချင်းဟုဆိုသူများ၊ တပ်မတော်ဟာ ပစ်ရင်တည့်တည့်ပစ်တယ်အပေါ်ကို ထောင်မပစ်ဘူးဆိုသူများက သူတို့အမှား သူတို့မြင်ကြသောအခါ တိုင်းပြည်နစ်နာရလေသည်။

မြန်မာတို့သည် အတုခိုးလွယ်သောစိတ်ထား ပိုင်ရှင်များဖြစ်သည်။ သူများ နယူရီးယားဆို ကိုယ်လိုက် နယူရီးယားသည်။ သူများ ဗာလင်တိုင်းလျှင် ကိုယ်လိုက်ဗာလင်တိုင်းသည်။ သူများ ဟော်လိုဝင်ည ဆိုလျှင်ကိုယ်လိုက်ဟော်လိုဝင်သည်၊ သူများ အိဒ်နေ့ဆို ကိုယ်လဲရောယောင် အမဲသားတောင်းစားသည်။ သူများ ဟိန္ဒူမီးနင်းပွဲလုပ်လျှင် ကိုယ်လဲရောယောင်ပါသည်။ သူများဘာဝတ်သည်ဆိုလျှင် ကိုယ်နှင့်လိုက်လိုက်၊ မလိုက်လိုက် အတုခိုးဝတ်ဆင်ကြသည်။ တကယ်တော့ ကျွန်တော်တို့သည် ကောင်းမွန်မြင့်မြတ်သော စိတ်ဓာတ်တွေကို အတုယူကြရမည် ဖြစ်သည်။ သမိုင်းတွင် ယုတ်မာညစ်ထေးခဲ့သော စိတ်ဓာတ်များကို ရှောင် ရှားကြရမည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓာတ်မျိုး၊ ဒေါ်အောင်ဆန်းစုကြည် စိတ်ဓာတ်မျိုး၊ လော့ဒ်မောင့်ဘက်တန်၏ စိတ်ဓာတ်မျိုးကိုသာလက် ဆင့်ကမ်းအတုယူကြရမည်ဖြစ်ပါကြောင်းနှင့် ဦးနေ၀င်း စိတ်ဓာတ်၊ အာဏာရှင်စိတ်ဓာတ်၊ တာဝန်မဲ့သူအချို့၏ စိတ်ဓာတ်နှင့် အပေါ်ယံကြော ထုံးစံဓလေ့များကို အတု ယူရမည်မဟုတ်ပါကြောင်း ရေးသားလိုက်ရပေသည်။

သရ၀ဏ်(ပြည်)

No comments:

Post a Comment