Latest News

Monday, January 9, 2017

လိုလားနှစ်သက်ခြင်းမရှိပါဘဲလျက်

လိုလားနှစ်သက်ခြင်းမရှိပါဘဲလျက်

ဆရာကြီးသခင်ကိုယ်တော်မှိုင်းက  ဗိုလ်ချုပ်အောင်ဆန်းကို ပြော ခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။ အဲဒီစကားကတော့ ‘‘အောင်ဆန်း မင်းပင့်လာတဲ့ ဘုရားတွေကို မင်း ပဲ ပြန်ပို့လိုက်’’တဲ့။

ဒီစကားဖြစ်ပေါ်လာရတဲ့ သ မိုင်းကြောင်းက လွတ်လပ်ရေး တိုက်ပွဲနဲ့ ဆက်စပ်ပတ်သက်နေပါ တယ်။ မြန်မာနိုင်ငံဟာ အင်္ဂလိပ် လက်အောက်ကို ၁၈၈၅မှာ ကျရောက်ခဲ့ပါတယ်။ အဲဒီနောက် ပဒေသရာဇ်အနွယ်ဝင် မင်းညီမင်းသားတွေရော၊ စော်ဘွားကြီးတွေရော တိုင်းရင်းသားခေါင်းဆောင်တွေပါမကျန် သူ့ကျွန်မခံချင်တဲ့စိတ်နဲ့ တော်လှန်ပုန်ကန်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ခေတ်မီစစ်လက်နက်တွေ ကိုင်ဆောင်ထားရုံမက စည်းကမ်းရှိတဲ့ လက်နက်ကိုင်စစ်တပ်တွေရှိ နေလေတော့ ဆယ်နှစ်ဆယ်မိုးတော်လှန်ပုန်ကန်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးအင်္ဂလိပ်ရဲ့ ကိုလိုနီကျွန်ပြုမှုကို လုံးလုံးခံလိုက်ကြရပါတယ်။

၁၉၂၀ ပြည့်နှစ် မတိုင်ခင် အထိ မြန်မာ့နိုင်ငံရေးဟာ သိသိသာသာ နိုးကြားမှုမရှိသေးပါဘူး။ ၁၉၂၀ ပြည့်နှစ် ရောက်တဲ့အခါမှာ တော့  တက္ကသိုလ်ကျောင်းသား သပိတ်  စတင်ပေါ်ပေါက်လာ ပါတယ်။  အဲဒီပထမဆုံး ကျောင်းသားသပိတ်ဟာ အိပ်ပျော်နေတဲ့ မြန်မာတွေရဲ့မျိုး ချစ်စိတ်ကို လှုပ်နှိုးလိုက်သလိုပါပဲ။ မြန်မာပြည်သူလူထုကြီးတစ်ရပ်လုံး အမျိုးသားရေးစိတ်တွေ နိုးထလာပါတော့တယ်။ အဲဒီနောက်မှာ တော့ ဂျီစီဘီအေအသင်းကြီးတွေကအစ တို့ဗမာအစည်းအရုံးအဆုံးနိုင်ငံရေးအသင်းအဖွဲ့တွေ ပေါ်ပေါက်လို့ လာပါတော့တယ်။

နယ်ချဲ့အင်္ဂလိပ်ကို ပူးသတ် တဲ့ သေနင်္ဂဗျူဟာ အခင်းအကျင်း နဲ့ အစိုးရအဖွဲ့အတွင်း ဝင်ရောက် ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါ ဘူး။ ငါးထောင်စားအမတ်တွေ ဖြစ်ပြီးတဲ့နောက် ပြည်သူကို ကျောခိုင်းသွားကြတာကိုပဲ တွေ့ခဲ့ကြရ ပါတယ်။ တိုင်းပြည်လွတ်လပ်ရေး အတွက် စွမ်းစွမ်းတမံ ဆောင်ရွက် သွားကြတာရယ်လို့တော့ မတွေ့ခဲ့ကြပါဘူး။  တချို့သော  ခေါင်း ဆောင်ကြီးတွေကတော့ ကိုယ့်စီး ပွားအပျက်ခံပြီး တိုင်းပြည်လွတ် လပ်ရေးကို လုပ်ခဲ့ကြပေမယ့် အ  ချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲ နေကြလေတော့ လိုရာပန်းတိုင် ကို မရောက်နိုင်ကြဘူးပေါ့။ ဒီကြားထဲ  ငါးထောင်စားအမတ်နေရာ လုကြရင်းနဲ့ တစ်ဦးနဲ့တစ်ဦး မိတ် ဆွေဘဝကနေ ရန်သူဘဝကို ရောက်ခဲ့ကြရတာဟာလည်း တိုင်းပြည်အတွက်  ရင်နင့်စရာပေပဲပေါ့။

အဲဒီလိုနဲ့ လူငယ်သခင်နိုင်ငံ ရေးသမားတွေရဲ့အလှည့်အ ပြောင်းမှာတော့ တိုင်းပြည်ရဲ့ကံ ကြမ္မာဟာ တစ်ဆစ်ချိုးအကွေ့ တစ်ခုကို ရောက်လာခဲ့ပါတော့ တယ်။ လက်ဟောင်းနိုင်ငံရေးသ မားကြီးတွေရဲ့ အတွေးအခေါ်နဲ့ လူငယ်သခင်လေးတွေရဲ့ အတွေး အခေါ်တွေဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ လက် ဟောင်း နိုင်ငံရေးသမားကြီးတွေ ကတော့ ဘိလပ်သွားအရေးဆိုပြီး လွတ်လပ်ရေးကို တောင်းယူဖို့ ကြိုးစားခဲ့ကြတယ်။ လူငယ်နိုင်ငံ ရေးသမားတွေကတော့ လွတ်လပ် ရေးဆိုတာ တောင်းယူလို့မရဘူး။ တိုက်ယူမှ ရမယ်ဆိုတဲ့ တော်လှန် တဲ့အတွေးနဲ့ စစ်ရေးပြင်ခဲ့ကြ တယ်။

ဒီနေရာမှာ ကျွန်တော်တို့ ငယ်ငယ်က သင်ခဲ့ရတဲ့ ‘‘ငါးသုံး ကောင်’’ပုံပြင်လေးကို ပြောပါရ စေ။ တစ်ရံရောအခါကပေါ့။ တံငါ သည်တစ်ယောက်ဟာ ငါးသုံး ကောင်ကို ဖမ်းမိလာသတဲ့။ အဲဒီ ငါးလေးသုံးကောင်ကို လှေဝမ်းထဲ မှာ ထည့်ပြီး အိမ်ပြန်လာခဲ့တာ ပေါ့။ တံငါသည်ရဲ့စိတ်ကူးထဲမှာ တော့ အိမ်ရောက်ရင် ဒီငါးသုံး ကောင်ကို အိမ်ရှင်မကို အပ်၊ သူကယမကာလေးမှီဝဲပြီး အပန်းဖြေ မယ်ပေါ့လေ။ အဲဒီလို စိတ်ကူး လေးယဉ်ပြီး လှေကလေးကို လှော်လို့ နေညိုညိုညနေစောင်း မှာ အိမ်ကို ပြန်လာခဲ့ပါသတဲ့။

ငါးသုံးကောင်ကလည်း သူ တို့စိတ်ကူးနဲ့သူတို့ လွတ်မြောက် ဖို့ လမ်းကို ရှာကြံနေတာပါပဲ။ ငါး လေးတွေအနေနဲ့ကလည်း တံငါ သည်စိတ်ကူးယဉ်ထားသလို သူ တို့ရဲ့လွတ်မြောက်မှုကို မရှာကြံ နိုင်ရင်တော့ အိမ်ရှင်မရဲ့ဟင်းစား ဖြစ်သွားမယ်ဆိုတာ သိနေကြ တယ်။ သေဘေးက လွတ်အောင် ရုန်းနိုင်ရင် ရုန်းပါမှ မရုန်းနိုင်ရင် တော့ ဒီဘဝဒီမျှလို့သာ အောက်မေ့ကြရပေတော့မယ်။  အဲဒါကြောင့်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ လှေဝမ်းထဲက လွတ်ဖို့ ကြိုးစားကြသတဲ့။

အဲဒီငါးသုံးကောင်ထဲမှာ ကံကို ယုံတဲ့ ငါးလေးက တစ် ကောင်၊ ဝီရိယကို ယုံတဲ့ ငါးလေး က တစ်ကောင်၊ ကံဉာဏ်ဝီရိယ သုံးပါးလုံးကို အချိုးညီအသုံးချ တတ်တဲ့ ငါးလေးက တစ်ကောင် ဆိုပြီး ကိုယ်စီအသိလေးတွေ ရှိနေ ကြတယ်။

ပထမဆုံး ကံကို ယုံတဲ့ငါးက တော့ ‘‘ငါ့ကံပါရင် လွတ်စရာရှိ လွတ်လိမ့်မယ်’’လို့ ကံကိုပုံပြီး အပ် ထားသတဲ့။ အဲဒီတော့ လှေဝမ်းထဲ က လွတ်မြောက်ဖို့ မကြိုးစားဘဲ အေးအေးဆေးဆေးပဲ လွတ် မြောက်မယ့်အချိန်ကို စောင့်နေရှာ သတဲ့။

ဒုတိယငါးကတော့ ဝီရိယကို ပိုပြီးအားစိုက်တယ်။ အဲဒါကြောင့် တံငါသည်ရဲ့လှေဝမ်းထဲက လွတ် မြောက်ဖို့အတွက် သူ့အစွမ်းအစ ရှိသလောက် ထထခုန်သတဲ့။ လှေဝမ်းထဲက တဖျပ်ဖျပ်နဲ့ ထထခုန် နေတဲ့ အသံဟာ တစ်ကြိမ်လည်းမက၊ နှစ်ကြိမ်လည်းမကနဲ့ အကြိမ်ရေအတော်များများခုန်သံတွေကို ကြား ရတော့ တံငါသည်ဟာ ဒုတိယငါးဆီကို စိတ်ကရောက်သွားပါလေရော။ တံငါသည် ကြည့်နေဆဲ ကာလမှာပဲ ဒုတိယငါးက ဝီရိယစိုက်ပြီး ခုန်ပြန်ပါ လေရော။ ဒါပေမဲ့ လှေဝမ်းက မြင့်လေတော့ သူ ဘယ်လိုပဲ ခုန်ခုန် မလွတ်နိုင်ဘူး။ နောက်ဆုံး တော့ ငါးလေးလည်း အင်အား တွေ ကုန်ခန်းနေပြီ။ တံငါသည်က လည်း တဖျပ်ဖျပ် ခုန်လွန်းလှတဲ့ ငါးဆိုပြီး လှော်တက်နဲ့ ရိုက်သတ်လိုက်လို့ ငါးကလေး သေသွားရှာ တယ်။

ဒီအခြင်းအရာကို မြင်လိုက် ရတဲ့ တတိယငါးဟာ စဉ်းစားပါ သတဲ့။ ပထမငါးလို ဘာမှ မကြိုး စားပဲ ကံကိုယုံပြီး လွတ်မြောက်မှု ကို မရှာကြံရင်လည်း ဘယ်လိုမှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဒုတိယငါးလို လွတ်မြောက်မှုအ တွက် အားစိုက်ကြိုးစားပေမယ့် လည်း အခြေအနေ မပေးသေးသ မျှ  မလွတ်မြောက်နိုင်ဘူး။ ကိုယ့် အင်အားသာ  ဆုတ်ယုတ်သွား မယ်။  လွတ်မြောက်မှာတော့ မဟုတ်ဘူးလို့  စဉ်းစားတယ်။ ဒီတော့ သူလွတ်မြောက်ဖို့အတွက် အချိန်အခါကို စောင့်ရမယ်ဆိုပြီး သတိ၊ ဝီရိယထားနေသတဲ့။ အဲဒီ လို အချိန်ကောင်းအခါကောင်းကို စောင့်မျှော်နေရင်းက တစ်ကြိမ်မှာတော့ တံငါသည်ဟာ လှေပေါ်မှာ မတ်တတ်ရပ်လိုက်ပါသတဲ့။  လှေသမားမတ်တတ်ရပ်လိုက်တဲ့ အရှိန်ကြောင့် လှေဟာ တစ်ဖက်ကို စောင်းသွားပါတယ်။ အဲဒီလို လှေစောင်းသွားတဲ့အခါမှာ တတိယ ငါးလေးရှိနေတဲ့ လှေနံရံဟာ ရေပြင်နဲ့ တစ်ပြေးညီဖြစ်လုနီးပါး အခြေအနေကို ရောက်သွားပါ လေရော။ အခြေအနေနဲ့ အချိန် အခါအရ တတိယငါးလေးဟာ သူ့မှာရှိတဲ့ ခွန်အားကုန်သုံးပြီး ရုန်းထွက်လိုက်တာ လွတ်မြောက် သွားပါလေရောတဲ့။

တံငါသည်အိမ်ပြန်ရောက် တဲ့အခါမှာတော့ သူ့အိမ်ရှင်မကို ငါးနှစ်ကောင်သာရတော့တဲ့ အ ကြောင်း၊ ငါးတစ်ကောင်ကတော့ လွတ်သွားတဲ့အကြောင်းပြောပြီး လှေပေါ်ပါလာတဲ့ ငါးနှစ်ကောင် ကို အိမ်ရှင်မ လက်အပ်လိုက်ပါ တယ်။ အိမ်ရှင်မဟာ ငါးနှစ်ကောင် အနက်က တစ်ကောင်က သေနေ ပေမယ့် ကျန်တဲ့တစ်ကောင်က အ ရှင်ဆိုတာ သိလိုက်တော့ မသေ သေးတဲ့ ငါးအရှင်ကို အလေးနဲ့ ထုပြီး သတ်လိုက်ပါတော့တယ်။ လွတ်ဖို့ ကံပါလာရင် လွတ်မြောက်မှာပဲလို့ ကံကိုယုံပြီး ပုံအပ်ခဲ့တဲ့ ငါးကလေးကတော့ အိမ်ရှင်မရဲ့ အလေးအောက်မှာ ခေါင်းပြား သွားရရှာပါလေရောတဲ့။

အဲဒီ ငါးသုံးကောင်ပုံပြင်ထဲ ကလိုပါပဲ။ တချို့သော နိုင်ငံရေး သမားကြီးတွေကတော့ အင်္ဂလိပ် ပေးတဲ့ ဒိုင်အာခီအုပ်ချုပ်ရေး လောက်ကိုပဲ ယူချင်ကြပါတယ်။ အချို့သော နိုင်ငံရေးသမားကြီး တွေကတော့ အခြေအနေနဲ့ အချိန်အခါ မပေးသေးဘဲ လက်နက်ကိုင် တော်လှန်ရေး ထလုပ်တော့ ထောင်နန်းစံရတာတွေ၊ ကြိုးပေး အသတ်ခံရတာတွေ ဖြစ်ကုန်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ လူငယ်သခင်တွေကတော့ တတိ ယငါးလို ‘‘အင်္ဂလိပ်အခက် ဗမာ အချက်’’ဆိုပြီး တော်လှန်ရေး ဆင်နွှဲဖို့ အချိန်ကောင်းကိုပဲ စောင့်နေ ခဲ့ကြပါတယ်။ လက်နက်ရှိတဲ့ အင်္ဂလိပ်ကို လက်နက်နဲ့ပြန်ပြီး တိုက်မှရနိုင်မယ်ဆိုတဲ့ ခံယူချက် နဲ့ သခင်လူငယ်တွေဟာ လက် နက်အရှာထွက်ကြပါတယ်။ ဒီအ ခါမှာ ဂျပန်နဲ့ အဆက်အသွယ်ရ ပြီး စစ်ပညာတွေသင်၊ စစ်လက် နက်တွေ တပ်ဆင်ပြီး နယ်ချဲ့ အင်္ဂလိပ်ကို ပြန်လည်မောင်းထုတ်ခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦး ဆောင်တဲ့ မြန်မာ့တပ်မတော်နဲ့ အတူ ဖက်ဆစ်ဂျပန်တွေဟာ မြန်မာနိုင်ငံထဲကို လွယ်လွယ်ကူ ကူပဲ ၀င်ရောက်နိုင်ခဲ့ကြပါတယ်။ အဲဒီနောက်တော့ သုံးနှစ် သုံးမိုး လက်သည်းခွံခွာ၊ ပါးရိုက်၊ သမီးပျို လေးတွေကို စော်ကား၊ ရတနာ တွေကို ခိုးဆိုးလုယက်လိုက်ကြ တာ မြန်မာနိုင်ငံကြီးအဖို့တော့ ကံ ဆိုးမိုးမှောင်ကျခဲ့ရတာပေါ့။ နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန် ထက်ကဲဆိုတဲ့ စကားလိုပါပဲ။ နယ်ချဲ့အင်္ဂလိပ်ကို မောင်းထုတ် မိပါတယ်။ သူ့ထက်ဆယ်ဆ ပို ဆိုးတဲ့ ဖက်ဆစ်ဂျပန်တွေနဲ့ တိုး ခဲ့ရပြန်ပါတယ်။ အဲဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း က ဗိုလ်ချုပ်အောင်ဆန်းကို ပြော ခဲ့တာပေါ့။ ‘‘အောင်ဆန်းမင်းပင့် လာတဲ့ ဘုရားတွေကို မင်းပဲပြန် ပို့လိုက်’’တဲ့။

 ဗိုလ်ချုပ်အောင်ဆန်းက လည်း ဖက်ဆစ်တွေရဲ့ စရိုက် လက္ခဏာကို မြန်မာပြည်ထဲ မ၀င် ခင်ကတည်းက သိလိုက်ရပါ တယ်။ အဲဒါကြောင့်လည်း ဖက်ဆစ်ဂျပန်တွေ မြန်မာပြည်မရောက်ခင် အုပ်ချုပ်ရေးအာဏာ တွေကို ကြိုတင်ယူထားကြဖို့ သူ့မိတ်ဆွေသခင်တွေကို ဆက်သွယ်ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း အချိန်နှောင်းသွားခဲ့ရပါ တယ်။ အင်္ဂလိပ်ကို အမုန်းကြီး မုန်းတဲ့စိတ်နဲ့ ဖက်ဆစ်ဂျပန်ကို သပြေပန်းနဲ့ လက်ကမ်းလို့ ကြိုခဲ့မိတယ်။ သိပ်ပြီး မကြာလိုက်ပါ ဘူး။ ‘‘ခူးရား၊ ခူးရား’’ဆိုပြီး ပါးရိုက်တော့တာပါပဲ။ မိန်းမကြီးငယ် အိမ်တွင်းပုန်းကြရတဲ့ ဘ၀တွေကို ရောက်ခဲ့ကြရပါတယ်။ ရွာထဲက ကြက်တွေ၊ ၀က်တွေ တက်တက် ပြောင်ခဲ့ရပါတယ်။ အားကောင်း မောင်းသန်လူငယ်တွေ သံဖြူဇရပ်မှာ သေမင်းတမန် ရထားလမ်း ဖောက်ဖို့  သွားခဲ့ကြရတယ်။ ဖက်ဆစ်စနစ်ရဲ့ အမှောင်ဆုံးညတွေကို ဖြတ်သန်းရင်း မြန်မာပြည်သူလူထုတစ်ရပ်လုံး ဖက်ဆစ်စနစ်အောက်မှာ အံကြိတ်ပြီး ဒေါသတွေကို မျိုသိပ်ခဲ့ရတယ်။

ဂျပန်တော်လှန်ရေးကြီး ပြီး တော့ ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့လုပ်ဆောင်ချက်နဲ့ပတ်သက် ပြီး မှားယွင်းကြောင်း ၀န်ခံခဲ့ပါ တယ်။ ဗိုလ်ချုပ်က ‘‘ဤသို့လျှင် ကျွန်ုပ်တို့သည် ဖက်ဆစ်ဝါဒကိုလို လား နှစ်သက်ခြင်း မရှိပါဘဲလျက် ကျွန်ုပ်တို့၏ အရင်းရှင်ပေါက်စ လူတန်းစားဉာဏ်နှင့် အတွေးအ ခေါ် ညံ့ဖျင်းမှုကြောင့် ဂျပန်တို့ကို ဖိတ်ခေါ်မိခဲ့ခြင်း ဖြစ်ပေသည်’’လို့ အမှားကို အမှားမှန်းသိသိ ရိုးသား  စွာ ၀န်ခံသွားခဲ့ပါတယ်။ အဲဒီလို ရိုးသားတဲ့ စိတ်ဓာတ်ကိုပဲ ဒီကနေ့ ပြည်သူလူထုတစ်ရပ်လုံးက ချစ် ခင်လေးစားနေကြတာပါ။

ဗိုလ်ချုပ်အောင်ဆန်း ကွယ် လွန်သွားခဲ့တာ နှစ်ပေါင်း ၇၀ နီးနေပါပြီ။ ဒီကနေ့အထိ ဗိုလ် ချုပ်အောင်ဆန်းကို သိမီလိုက် သူတွေရော၊ မသိမီလိုက်တဲ့ မျိုးဆက်သစ်လူငယ်တွေကကောဗိုလ်ချုပ်ကို ချစ်နေကြတာ ဘာ ကြောင့်ပါလဲ။ ဗိုလ်ချုပ်ရဲ့ ရိုးသား ပွင့်လင်းတဲ့ စိတ်ကြောင့်ပါ။ အမှားကို ၀န်ခံရဲတဲ့ သတ္တိ ဗိုလ် ချုပ်မှာ ရှိနေတယ်။ နောက်ပြီး သူ့ ကြောင့် မှားယွင်းစွာ ဖိတ်ခေါ် မိတဲ့ ဂျပန်ကိုသူကိုယ်တိုင် ဦး ဆောင်ပြီး ပြန်တိုက်ထုတ်ခဲ့တယ်။ တာဝန်ရှိလာရင် တာဝန်ယူရဲတဲ့ သတ္တိ ဗိုလ်ချုပ်အောင်ဆန်းမှာ ရှိ ခဲ့တယ်။ ဖက်ဆစ်ဂျပန်ကို သူခေါ် လာတယ်။ မှန်တယ်။ ဂျပန်တွေ မကောင်းမှန်း သူသိလာတယ်။ ပြန်ပြီးမောင်းထုတ်လိုက်တယ်။ မကောင်းတာကို မကောင်းမှန်း သိရင် ချက်ချင်းပြင်ဖို့ ၀န်မလေး ခဲ့ဘူး။ ဒါနဲ့တောင် ဗိုလ်ချုပ်အပေါ် အမြင်မကြည်လင်တဲ့သူတွေ အ များကြီး ရှိနေသေးတယ်။ ဗိုလ် ချုပ်အောင်ဆန်း ဖက်ဆစ်ဂျပန်ကိုခေါ်လာလို့ ဖခင်ဆုံးရှုံးရပါတယ်ဆိုပြီး အပြစ်တင်တဲ့သူတွေကိုတောင် ဒီကနေ့ တွေ့နေရတော့ စဉ်းစားမိတယ်။ ‘‘သြော် .. ဗိုလ်ချုပ်ရယ်၊ တိုင်းပြည်အတွက် ရက်ရက်စက်စက် အသက်ပေး သွားတာတောင် အပြောခံနေရပါ သေးလား။ အသက်စွန့်ရတာ မတန်လိုက်လေခြင်း ဗိုလ်ချုပ် ရယ်’’လို့ စိတ်မကောင်းခြင်း ဖြစ် လိုက်မိပါတယ်။

 ဗိုလ်ချုပ်အောင်ဆန်းဟာ သူပင့်လာတဲ့ ဘုရားကို သူကိုယ်တိုင် ပြန်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ သူ့အမှားကိုလည်း သူကိုယ်တိုင်ဝန်ခံခဲ့ပါတယ်။ ဒီခေတ်ခေါင်းဆောင် တချို့က တော့ ‘‘နိုင်ငံကောင်းမယ်ထင်လို့ အသက်တွေ၊ သွေးတွေ၊ ချွေးတွေ ရင်းပြီးတော့ လုပ်ခဲ့ပါတယ်။ ယနေ့မအောင်မြင်ဘူး။ ခင်ဗျားတို့ အပြစ်တင်စရာမလိုဘူး။ အစိုးရလည်းကောင်းတာ လုပ် တာပဲ။ နိုင်ငံရေးသမားလည်း ထောင်ကျခံပြီး ကောင်းစေချင် လို့ လုပ်တာပဲ။ လူတိုင်းက ကောင်းမယ်ထင်လို့ လုပ်ခဲ့တာ’’ ဆိုပြီး ကိုယ့်အမှားကို ကာကွယ် ပြောဆိုတတ်ကြပါတယ်။

လူတိုင်းဟာ ခြောက်ပြစ် ကင်း သဲလဲစင် မဟုတ်ပါဘူး။ ‘‘မမှားသော ရှေ့နေ၊ မသေသော ဆေးသမား’’လို့ ဆိုရိုး ရှိပါတယ်။ လူဟာမှားတတ်ပါတယ်။ ဒါပေမဲ့ မှားတာကို ၀န်ခံရဲတဲ့သတ္တိရှိရပါ တယ်။ နောက်ပြီး အဲဒီအမှားကို သင်ခန်းစာယူပြီးနောက် မမှား အောင် လမ်းညွှန်နိုင်ရပါတယ်။ မှားလို့ မှားတယ်ပြောတာကို ရန်တုံ့မူစရာ မလိုဘူးလို့ ထင်ပါ တယ်။ အရှင်သာရိပုတ္တရာလို ရဟန္တာ ပုဂ္ဂိုလ်ကြီးတောင်မှ (၇) နှစ်အရွယ် သာမဏေငယ်ရဲ့ ဝေ ဖန်မှုကို ကျေကျေနပ်နပ် ခံယူခဲ့ သေးတာပဲ။ သူတော်ကောင်းစိတ် နဲ့ အမှားဝန်ခံတာကို ဘုရား ရဟန္တာတွေ ချီးမွမ်းတတ်ကြပါ တယ်။ ဘုရားရှင်ကတောင် အရှင်အာနန္ဒာကို မိန့်ခဲ့ဖူးပါတယ်။ ‘‘ချစ်သား အာနန္ဒာ လောကမှာ အကဲ့ရဲ့ လွတ်တဲ့ အရပ်ဒေသရယ် လို့ ငါဘုရားမမြင်’’လို့ မိန့်ခဲ့ဖူး ပါတယ်။

အဲဒါကြောင့် အကျိုးကိုလို လို့ ဝေဖန်ထောက်ပြတာကို ကျေ ကျေနပ်နပ်ခံယူပြီး အမှားကို ပြု ပြင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက် ပါရစေလာ... ခင်ဗျား။   ။

Sources; သိန်းမြင့်ညို (ချောက်) 7 Day News Journal

No comments:

Post a Comment