တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာ စိစစ်ရေးကော်မတီမှ တွံတေးမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များရှိ တရားရုံး၊ အချုပ်နှင့် ရဲစခန်းများအား ဆက်လက် လေ့လာမှုများ ပြုလုပ်
တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာစိစစ်ရေး ကော်မတီမှ တွံတေးမြို့နယ်နှင့် ဆိပ်ကြီး ခနောင်တိုမြို့နယ်များရှိ တရားရုံး၊ အချုပ်နှင့် ရဲစခန်းများအား ဇန်န၀ါရီ ၉ ရက်တွင် ဆက်လက်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သိရ သည်။
“တရားစီရင်ရေး စနစ်တွေက ယိမ်းယိုင်တိမ်းစောင်းနေတယ်။ မှန်ကန်မှု မရှိဘူးလို့ ပြည်သူတွေက ပြောဆိုဝေဖန်နေကြတယ်။ တင်ပြစာတွေရှိတယ်။ ဘက်လိုက်မှုကင်းစင်ပြီး အဂတိကင်းစင်တဲ့ တရားစီရင်ရေး စနစ်ကို ပေါ်ပေါက်လာအောင်လုပ်ဖို့က အန်ကယ်တို့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။ ၂၀၁၆ သြဂုတ် ၁ ရက်က စပြီးတော့ တရားရုံးတွေ ရဲစခန်းတွေကို ကွင်းဆင်းလေ့လာတယ်။ ပြီး ခဲ့တဲ့နှစ်က အားလုံးပေါင်း ၃၈ မြို့နယ်ကို ဆောင်ရွက်ခဲ့ပြီးတော့ ရန်ကုန်တိုင်းဒေသကြီး တတိယအစည်းအဝေး ပြုလုပ်တဲ့အချိန်မှာ ရပ်နားခဲ့တယ်။ ကွင်းဆင်းလေ့လာတဲ့ အခါမှာ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်ဖို့ တရားသူကြီးတွေနဲ့ ဆွေးနွေးမှု ပြုလုပ်တယ်။ အဲဒီကာလမှာ တရားရုံးတွေ ပြုပြင်ပြောင်းလဲတာကို တွေ့ရှိရတယ်။ ဒါပေမဲ့ ရပ်ဆိုင်းသွားတဲ့ အတောအတွင်းမှာ ပြန်ပြီးတော့ တရားစီရင်ရေးစနစ်ဟာ ယိမ်းယိုင်နေတယ်၊ တိမ်းစောင်းနေတယ်ဆိုပြီး အသံတွေကြားလာတယ်။ အဲဒါကြောင့်မို့ လွှတ်တော် ရပ်နားလိုက်တဲ့အချိန်မှာ ကျန်နေတဲ့ ခြောက်မြို့နယ်ကို ပြန်ပြီးတော့ ကွင်းဆင်းတာဖြစ်တယ်” ဟု တရားစီရင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ပြောကြားသည်။
ထို့ပြင် ကွင်းဆင်းလေ့လာရန် ကျန်ရှိသည့် ရန်ကင်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း မြို့နယ်များရှိ တရားရုံးများ၊ ဥပဒေရုံးများနှင့် ရဲစခန်းများကို ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း သိရသည်။ ဇန်န၀ါရီ ၁၀ ရက်တွင် ရန်ကင်းနှင့် မင်္ဂလာတောင်ညွန့် မြို့နယ်များသို့ ဆက်လက်ကွင်းဆင်း လေ့လာမည် ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကြားဖြတ်အစည်းအဝေး ရှိသဖြင့် ဆက်လက် ကွင်းဆင်းလေ့လာမည့် အစီအစဉ်များကို ရွှေ့ဆိုင်းထားကြောင်း သိရသည်။
“တရားရုံးတွေ၊ ရဲစခန်းတွေကို လေ့လာတဲ့အခါမှာ တရားရုံး အချုပ်ခန်းတွေက ကျဉ်းနေတယ်။ တရားရုံးတွေမှာ အပိုင်ရှေ့နေတွေ ရှိနေတယ်ဆိုတဲ့ ကိစ္စတွေကို တွေ့ရတယ်။ ရဲစခန်းတွေမှာ ဆိုရင်လည်း ၀န်ထမ်းအင်အား မလုံလောက်တာ တွေ့တယ်။ ၀န်ထမ်းအင်အား မလုံလောက်တဲ့အတွက် ရဲတွေရဲ့ စွမ်းဆောင်ရည်ကလည်း ကျလာတယ်။ အခုမြို့နယ် ၄၀ ကို လေ့လာမှု ပြုလုပ်ပြီးသွားပြီ။ ကျန်သေးတဲ့ လေးမြို့နယ်ကို ဇန်န၀ါရီ ၁၀ ရက်မှာလေ့လာမှု ပြုလုပ်မယ်လို့ စီစဉ်ထားပေမယ့် ၀န်ကြီးချုပ်ရဲ့ ကြားဖြတ်အစည်းအဝေး ရှိတာကြောင့် နောက်တစ်ပတ်ကို ရွှေ့ထားတယ်” ဟု တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာ စိစစ်ရေးကော်မတီအဖွဲ့ဝင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားသည်။
ထို့ပြင်ခရိုင်အဆင့် တရားရုံးလေးခုနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တို့ကိုပါ ကွင်းလေ့လာမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့နယ်ရှိ တရားရုံးများ၊ ဥပဒေရုံးများနှင့် ရဲစခန်းများ၏ အခြေအနေကို သိရှိနိုင်ရန် အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တရားစီရင်ရေး၊ ဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ရေး ကော်မတီသည် ၂၀၁၆ ခုနှစ် သြဂုတ် ၁ ရက်မှစ၍ ကွင်းဆင်းလေ့လာ ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၄၄ မြို့နယ်အား လေ့လာမှုများ ပြုလုပ်ပြီးပါက တွေ့ရှိချက်များအား ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
Sources; ဆန်းထူးအောင်၊ ထက်ရှိုင်း/Eleven Media Group
Monday, January 9, 2017
တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာ စိစစ်ရေးကော်မတီမှ တွံတေးမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များရှိ တရားရုံး၊ အချုပ်နှင့် ရဲစခန်းများအား ဆက်လက် လေ့လာမှုများ ပြုလုပ်
တရားစီရင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တိုင်ကြားစာများ အသနားခံစာ စိစစ်ရေးကော်မတီမှ တွံတေးမြို့နယ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များရှိ တရားရုံး၊ အချုပ်နှင့် ရဲစခန်းများအား ဆက်လက် လေ့လာမှုများ ပြုလုပ်
Reviewed by Ar Ti
on
10:54 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment