Latest News

Friday, January 13, 2017

(ယမန်နေ့မှအဆက်) အမေရိကန်သမ္မတသစ်နှင့် ကမ္ဘာ့ကုန်သွယ်မှုအလားအလာ

(ယမန်နေ့မှအဆက်)
အမေရိကန်သမ္မတသစ်နှင့် ကမ္ဘာ့ကုန်သွယ်မှုအလားအလာ


(တက္ကသိုလ်ဟန်စိုးဦး)

အမေရိကန်ပြည်ထောင်စုဟာ ဂုဏ်သိက္ခာအရ ထိခိုက်ခဲ့တဲ့ကြားထဲကနေ အာရှ-ပစိဖိတ်ဒေသရဲ့ကုန်သွယ်မှုမှာ စည်းမျဉ်းစည်းကမ်းတွေသတ်မှတ်နိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသက နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့ ပစိဖိတ်ဖြတ်ကျော် မိတ်ဖက်ကုန်သွယ်ရေးသဘောတူညီချက် (TPP) ကို အမေရိကန်ပြည်ထောင်စုက ဦးစီးဖော်ဆောင်ခဲ့ပြီး အဲဒီသဘောတူ ညီချက်မှာ တရုတ်နိုင်ငံ မပါဝင်နိုင်စေဖို့ ဆောင်ရွက်ခဲ့ပါတယ်။ အာရှ-ပစိဖိတ် ဒေသရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကမောင်းနှင်အားတစ်ရပ်ဖြစ်တဲ့ တရုတ်နိုင်ငံကို TPP မှာ ချန်လှပ်ထားခဲ့ခြင်းဟာ ဘယ်လိုမှ နားမလည်နိုင်တဲ့ ဆောင်ရွက်ချက်အဖြစ် သုတေသီတွေက သုံးသပ်ကြပါတယ်။ အမေရိကန် နိုင်ငံဟာ တရုတ်နိုင်ငံကို အာရှဒေသအတွင်းမှာတောင် သူနဲ့တန်းတူညီမျှတဲ့ ဒေသတွင်းခေါင်းဆောင်အဖြစ် အသိအမှတ်ပြုဖို့ အစဉ်တစိုက်ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်နေရာကိုဆိုရင်တော့ ပြောစရာ တောင်မလိုပါဘူး။

တရုတ်နိုင်ငံကလည်း တန်ပြန်ဆောင်ရွက်မှုအနေနဲ့ အာရှ-ပစိဖိတ်ဒေသ နိုင်ငံများနဲ့ဖွဲ့စည်းပြီး သူဦးဆောင်နေတဲ့ ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်အစီအစဉ် (Regional Comprehensive Economic Partnership-RCEP) မှာ အမေရိကန်ပြည်ထောင်စုကို ချန်လှပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ RCEP အစီအစဉ်မှာ ပါဝင်နေတဲ့ အဖွဲ့ဝင်နိုင်ငံတွေ အားလုံးရဲ့ အဓိကကျတဲ့ ကုန်သွယ်မှုမိတ်ဖက်ဖြစ်နေတဲ့အတွက် အမေရိကန်ကို RCEP မှာ မပါဝင်စေခြင်းဟာလည်း အဓိပ္ပာယ်မဲ့နေပါတယ်။
တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံဟာ ''ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု'' ပူးပေါင်းဆောင်ရွက်ရေး စီမံချက်ကြီးတစ်ခုကို ဖော်ထုတ်ဆောင်ရွက်လာခဲ့ပါတယ်။ ဒီစီမံကိန်းဟာ သမိုင်းမှာ အထင်ကရရှိခဲ့တဲ့ ပိုးလမ်းမစီးပွားရေးလမ်း ကြောင်းအတိုင်း ဥရောပဒေသနဲ့ တရုတ်နိုင်ငံအကြား ပေါင်းစည်းဆက်နွှယ်လာ စေဖို့ အာရှအလယ်ပိုင်းဒေသရဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မှာဖြစ်ပါတယ်။ ရည်းမှန်းချက်ကြီးမားလှတဲ့ ''ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု'' အစီအစဉ်ဟာ နိုင်ငံရေး၊ ငွေကြေးအရနဲ့ လူမှုရေးအရ စိန်ခေါ်မှုတွေနဲ့ ပြည့်နှက်လျက်ရှိပါတယ်။ သို့သော်လည်း တရုတ် နိုင်ငံအနေနဲ့ မလွဲမသွေလျှောက်လှမ်းရမယ့် လမ်းကြောင်းတစ်ခုဖြစ်တာကြောင့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေတဲ့ကြားကပဲ အစီအစဉ်ကို အကောင် အထည်ဖော်ခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတွင်းမှာ ကုန်ပစ္စည်းတွေထုတ်လုပ်ပြီး အနောက်နိုင်ငံတွေဆီ တင်ပို့ရောင်းချတဲ့ သမားရိုးကျကုန်သွယ်မှုစနစ်ဟောင်း ပုံစံအပေါ်မှာ ဆက်လက်မှီခိုရပ်တည်ဖို့ အခြေအနေမရှိတော့ပါဘူး။ အနောက် နိုင်ငံဈေးကွက်တွေဟာ မကြာတော့တဲ့ ကာလအတွင်းမှာ အနှေးနဲ့အမြန်ဆိုသလို လိုအပ်ချက်တွေပြည့်မီတဲ့ ပြည့်ဝဈေးကွက်တွေ ဖြစ်လာတော့မှာဖြစ်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ နယ်မြေသစ်တွေဆီမှာ ဈေးကွက်သစ်တွေ ဖွင့်လှစ်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဥပမာပြရရင် အာရှအလယ်ပိုင်းဒေသဟာ တရုတ် နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ ဈေးကွက်သစ်တွေဖြစ်ပါတယ်။ ''ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု'' မဟာဗျူဟာအစီအစဉ်ဟာ တရုတ်နဲ့ အာရှအလယ်ပိုင်း နိုင်ငံတွေအကြား သယ်ယူပို့ဆောင်မှုတွေနဲ့ ကုန်စည်စီးဆင်းမှုတွေ မြန်ဆန် ချောမွေ့လာစေဖို့ အခြေအနေတွေကို ဖန်တီးပေးသွားမှာဖြစ်သလို နိုင်ငံတကာ ကူးသန်းရောင်းဝယ်မှုကိုလည်း အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ မြောက်အမေရိကဒေသ၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့ ကျန်ကမ္ဘာ့ နေရာအနှံ့အပြားမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့ပြုလုပ်နေတဲ့သတင်း တွေကို နေ့စဉ်ကြားသိ တွေ့မြင်နေကြရပါတယ်။ အခုဆိုရင် တရုတ်နိုင်ငံဟာ ကမ္ဘာ့နိုင်ငံအများအပြားမှာ အကြီးဆုံးရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာနေပါတယ်။ ဒါဟာလည်း နိုင်ငံတကာကူးသန်းရောင်းဝယ်မှုအတွက် တစ်တပ်တစ်အားဖြစ်စေပါတယ်။ ဂရိနိုင်ငံမှာ ဘဏ္ဍာရေးအရ ချွတ်ခြုံကျမှု၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတို့ဟာလည်း ဂရိနိုင်ငံလောက် အခြေအနေမဆိုးပေမယ့် ဘဏ္ဍာရေးအခက်အခဲတွေ တွေ့ကြုံခဲ့ရမှု၊ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ဖို့ မဲခွဲခဲ့မှု စတဲ့အခြေအနေတွေကြောင့် ဥရောပသမဂ္ဂရဲ့ ထိရောက်မှု၊ စွမ်းဆောင်မှုတွေအပေါ်မှာ စိန်ခေါ်မှုတွေ ဖြစ်လာစေခဲ့ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ကြီးအတွင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ကုန်သွယ်မှုမှာ တရုတ်နိုင်ငံဟာ ရှေ့တန်းကို ရောက်ရှိလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုနဲ့အတူ ပခုံးချင်းယှဉ်လာနိုင်ခဲ့ ပါတယ်။ အခုဆိုရင် အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့ဟာ ကမ္ဘာ့စီးပွားရေးနဲ့ ကုန်သွယ်မှု လောကမှာ အဓိကအရေးပါတဲ့ ဒေါက်တိုင်ကြီး သုံးရပ်အဖြစ် ပေါ်ထွက်လာ ခဲ့ပြီဖြစ်ပါတယ်။ ဂျပန်နိုင်ငံကတော့ လက်ရှိမှာ စီးပွားရေးအခြေအနေအရ အင်အားနည်းနေသေးသလို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတို့နဲ့ ဖွဲ့စည်းထားတဲ့ BRICS အဖွဲ့ဟာလည်း တရုတ်နိုင်ငံကလွဲရင် ကျန်နိုင်ငံတွေဟာ ရှေ့တန်းကို တက်လှမ်းနိုင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။

ကမ္ဘာ့စီးပွားရေးနဲ့ကုန်သွယ်မှုလောကမှာ ခေါင်းဆောင်မှုအနေအထားကို အချိန်ကြာမြင့်စွာ ရပ်တည်ရယူထားနိုင်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုဟာ ဒေါက်တိုင်ကြီး သုံးရပ် ပေါ်ထွက်လာခဲ့တဲ့အပေါ် သိပ်နှစ်မြို့တဲ့ အနေအထား မပြခဲ့ပါဘူး။

သို့သော်လည်း ဒီအပြောင်းအလဲတွေဟာ လက်တွေ့မှာဆက်လက် ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။ အာရှ-ပစိဖိတ်ဒေသမှာ ယခင်က အမေရိကန်ပြည်ထောင်စုက စီးပွားရေး နဲ့ကုန်သွယ်မှုမှာ ဦးဆောင်ထားခဲ့တဲ့အခြေအနေကနေ အခုဆိုရင် အဓိက မောင်းနှင်အားတစ်ရပ်ဖြစ်လာတဲ့ တရုတ်နိုင်ငံအပါအဝင် တရုတ်၊ အာဆီယံ၊ ဂျပန်နိုင်ငံတို့ရဲ့ ပူးတွဲဦးဆောင်မှုအနေအထားက အစားထိုးဝင်ရောက်လာ ခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံက ဦးဆောင်အနေအထားမှာပါဝင်ပြီး အာဆီယံ၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့ပါဝင်တဲ့ RCEP စီးပွားရေးနဲ့ ကုန်သွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဟာ မကြာမီမှာ သဘောတူညီချက်တစ်ရပ် ထွက်ပေါ်လာဖို့ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်နိုင်ငံဦးဆောင်ပြီး သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနဲ့ ဗီယက်နမ် နိုင်ငံတို့ပါဝင်တဲ့ TPP စီးပွားရေးနဲ့ ကုန်သွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဆိုင်ရာ သဘောတူညီချက် ကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် နေ့က နယူးဇီလန်နိုင်ငံ ဝယ်လင်တန်မြို့မှာ လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ဒီသဘောတူညီချက်ကို မိမိတို့နိုင်ငံအလိုက် ပြည်တွင်းဥပဒေတွေနဲ့အညီ အတည်ပြု(ratify) ကြဖို့ အချိန်ကာလ နှစ်နှစ် သတ်မှတ်ပေးထားပါတယ်။ သတ်မှတ်ချက်တွေအရ ၂ဝ၁၈ ခုနှစ်မှာ အဖွဲ့ဝင် ၁၂ နိုင်ငံစလုံး အတည်မပြုနိုင် သေးရင်တောင် အဖွဲ့ဝင် ၁၂ နိုင်ငံ ဂျီဒီပီစုစုပေါင်းရဲ့ ၈၅ ရာခိုင်နှုန်းရှိတဲ့ အဖွဲ့ဝင် ၆ နိုင်ငံက အတည်ပြုမယ်ဆိုရင်လည်း TPP သဘောတူညီချက်ဟာ အသက်ဝင်လာမယ်လို့ ဖော်ပြထားပါတယ်။ သို့သော်လည်း အမေရိကန်နိုင်ငံဟာ အဖွဲ့ဝင် ၁၂ နိုင်ငံ ဂျီဒီပီစုစုပေါင်းရဲ့ ၆ဝ ရာခိုင်နှုန်းရှိတဲ့အတွက် အမေရိကန် နိုင်ငံက အတည်မပြုရင် TPP သဘောတူညီချက် အသက်ဝင်လာဖို့ အလားအလာဟာ မှေးမှိန်နေတာကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံ အဓိကပါဝင်နေတဲ့ RCEP ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဟာ အာရှ-ပစိဖိတ် ဒေသရဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်မှုမှာ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပေးနိုင်မယ့် အစီအစဉ်တစ်ရပ်အဖြစ် ပေါ်ထွက်လာဖို့ရှိပါတယ်။

သို့သော်လည်း ဒီအာရှ-ပစိဖိတ်စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် မှုအစီအစဉ်မှာ အမေရိကန်နိုင်ငံ ပါဝင်လာစေဖို့ အနှေးနဲ့အမြန်ကြိုးပမ်းဆောင် ရွက်သွားဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံနဲ့ အမေရိကန်နိုင်ငံတို့ဟာ အာရှ-ပစိဖိတ်ဒေသမှာ ဘယ်လိုပူးပေါင်းညှိနှိုင်းပြီး ဦးဆောင်သွားကြမလဲဆိုတာ လေ့လာဖို့လိုအပ်ပါတယ်။ ဒီလိုမှ ပူးပေါင်းဆောင်ရွက်မှုမရှိရင် အမေရိကန်နိုင်ငံ၊ ဥရောပသမဂ္ဂနဲ့ တရုတ်နိုင်ငံတို့ ရင်ဆိုင်နေကြရတဲ့ စီးပွားရေး အခက်အခဲတွေ၊ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ ခွဲထွက်မယ့်ဖြစ်စဉ်တွေ၊ ဂျပန်နိုင်ငံ ရင်ဆိုင်နေ ရတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရပ်ဆိုင်းနေတာတွေ၊ လက်တင်အမေရိကန်နိုင်ငံတွေ ကြုံတွေ့ခံစားနေကြရတဲ့ ကြွေးမြီပြန်လည်မပေးဆပ်နိုင်မှု အခက်အခဲတွေဟာ ကြာလာရင် ကမ္ဘာ့စီးပွားရေးနဲ့ကုန်သွယ်ရေးရေ ယာဉ်ကြီးကို စုံးစုံးမြုပ်သွား စေနိုင်မယ့် ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာနိုင်ပါတယ်။
၂ဝဝ၉ ခုနှစ်မှာ သမ္မတ အိုဘားမားအစိုးရ တက်လာပြီးနောက် ချမှတ်ခဲ့တဲ့ အာရှဒေသကို ပြန်လည်ခြေဦးလှည့်ရေးမူဝါဒ (Pivot to Asia)ကို အမေရိကန် သမ္မတအသစ် ဒေါ်နယ်ထရန့်ဟာ ဆက်လက်ကိုင်စွဲထားမယ်ဆိုရင် တရုတ်နိုင်ငံ ကလည်း အာရှ-ပစိဖိတ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်မှာ အမေရိကန်နိုင်ငံပါဝင်လာဖို့ လက်ခံမယ့်အနေအထားမှာ မရှိနိုင်ပါ။ အမေရိကန် နိုင်ငံကလည်း တရုတ်နိုင်ငံကို သူနဲ့တန်းတူရည်တူရှိတဲ့ ကမ္ဘာ့နိုင်ငံကြီးတစ်ခု အဖြစ် လက်သင့်ခံဖို့ အခြေအနေမရှိသေးတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

အမေရိကန်သမ္မတအသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရန့်ဟာ မဲဆွယ်စည်းရုံး စဉ်ကာလမှာ ကုန်သွယ်ရေးအရ မညီမမျှဖြစ်နေတာတွေကို ကုစားဖို့၊ အမေရိကန်နိုင်ငံသားတွေ အလုပ်အကိုင်ဆုံးရှုံးမှုတွေ မဖြစ်ပွားစေဖို့ နိုင်ငံတွင်း က စီးပွားရေးကုမ္ပဏီတွေရဲ့ စက်ရုံ အလုပ်ရုံတွေ ပြည်ပကို အထူးသဖြင့် တရုတ်နိုင်ငံကို ပြောင်းရွှေ့မှုမရှိစေရေးကိစ္စတွေကို အလေးပေးပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အမေရိကန်နိုင်ငံက ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ စက်ရုံအလုပ်ရုံတွေ တရုတ်နိုင်ငံဆီကို ရွှေ့ပြောင်းရောက်ရှိသွားခဲ့တာကို အမေရိကန်နိုင်ငံဆီ ပြန်လည်ရောက်ရှိလာစေရေးကတော့ မဖြစ်နိုင်တဲ့ကိစ္စတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အဲဒီ ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာ စက်ရုံ အလုပ်ရုံတွေဟာ အခုဆိုရင် တရုတ်နိုင်ငံကနေ တရုတ်နိုင်ငံထက် လုပ်အားခ ဈေးပိုသက်သာတဲ့ ကျန်အာရှနိုင်ငံတွေဆီကို ရွှေ့ပြောင်းနေကြ လို့ပဲဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်အစိုးရသစ်လက်ထက်မှာ လုပ်လာနိုင်တာကတော့ တရုတ်နိုင်ငံက သွင်းကုန်တွေအပေါ် အခွန်ပိုမိုကောက်ခံလာနိုင်ခြင်းပဲဖြစ်ပါ တယ်။ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်မှုသမိုင်းကြောင်းမှာ ပြည်ပနိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုတွေရှိခဲ့ပါတယ်။ သမ္မတ ရော်နယ်ရေဂင်လက်ထက် ၁၉၈၇ ခုနှစ်မှာ ဂျပန်နိုင်ငံကတင်သွင်းတဲ့ တစ်ပိုင်း လျှပ်ကူး ဆီမီးကွန်ဒတ်တာပစ္စည်းတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သလို သမ္မတအိုဘားမားလက်ထက် ၂ဝ၁၆ ခုနှစ် နှစ်စပိုင်းကာလမှာ တရုတ်နိုင်ငံရဲ့ သံမဏိသွင်းကုန်အချို့အပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်လာရင် တရုတ်နိုင်ငံကလည်း အမေရိကန်နိုင်ငံကနေ သူတင်သွင်း နေတဲ့ ကုန်ပစ္စည်းတွေကို လျော့နည်းပြီး တင်သွင်းခြင်းဖြင့် တန်ပြန်ဆောင်ရွက် လာနိုင်ပါတယ်။ လက်တွေ့မှာ ဒီလိုအမှန်တကယ်ဖြစ် လာခဲ့ရင် ကမ္ဘာ့ကုန်သွယ်မှု ဟာ ပိုမိုနှေးကွေးလာဖို့ရှိပါတယ်။

၂ဝဝ၉ ခုနှစ်မှာ ကမ္ဘာ့ငွေကြေးအကျပ်အတည်းဖြစ်ပွားစဉ် အမေရိကန် နိုင်ငံနဲ့ ဥရောပဒေသတွင်းမှာ စီးပွားရေးယိုင်နဲ့မှုဖြစ်ပွားနေချိန်မှာ တရုတ် နိုင်ငံဟာ စီးပွားရေး ပုံမှန်လည်ပတ်နေအောင် ဒေါ်လာသန်းထောင်ပေါင်းများစွာ သုံးစွဲဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံအတော်များများဟာ သူတို့ရဲ့ထွက်ကုန် ပစ္စည်းတွေကို တရုတ်နိုင်ငံဈေးကွက်ကို တင်ပို့ခြင်းဖြင့် အသက်ရှူချောင်ခဲ့ကြပါတယ်။ ဒါကြောင့် ပြောင်းလဲလာတဲ့ခေတ်သစ်ကြီးမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးမူဝါဒတွေဟာ ကမ္ဘာ့ကုန်သွယ်မှုအတွက် တွန်းအားတစ်ရပ်ဖြစ်စေခဲ့ တယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာ့ကုန်သွယ်မှုစနစ်သစ်မှာ တရုတ်နိုင်ငံရဲ့ အရေးပါလာမှုကို အသိအမှတ်ပြု ပြီး နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုဟာ ကမ္ဘာ့ကုန်သွယ်မှုစနစ်ကို ပုံမှန်ထိန်းသိမ်းထားနိုင်ဖို့အ တွက် များစွာအရေးပါတဲ့အချက်ဖြစ်ပါတယ်။
ဒါကြောင့် အမေရိကန်နိုင်ငံ သမ္မတအသစ် ဒေါ်နယ်ထရန့် လက်ထက်မှာ တရုတ်နိုင်ငံကို အနည်းဆုံးအားဖြင့် အာရှ-ပစိဖိတ်ဒေသမှာ တန်းတူညီမျှတဲ့ ဦးဆောင်နိုင်ငံ တစ်နိုင်ငံအဖြစ် လက်ခံပြီး ပူးပေါင်းဆောင်ရွက်လာမလား၊ ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဆိုင်ရာ အစီအစဉ်တွေ (Protectionist Measures) ရေးဆွဲချမှတ်လာမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်သွား ကြရမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ရည်ညွှန်းချက် - (၃၁-၁ဝ-၂ဝ၁၆) ရက်နေ့ထုတ် South China Morning Post သတင်းစာပါ Rick Tang ၏ Steered by equals ဆောင်းပါးကို အခြေပြု၍ ရေးသားပါသည်။

Sources; ပြန်ကြားရေးဝန်ကြီးဋ္ဌာန

No comments:

Post a Comment