Latest News

Friday, January 13, 2017

ကမ္ဘာ့ချန်ပီယံလုပွဲ ယနေ့ ကျင်းပမည်

ကမ္ဘာ့ချန်ပီယံလုပွဲ ယနေ့ ကျင်းပမည်


ရန်ကုန် ဇန်နဝါရီ ၁၃

ဘက်စုံကိုယ်ခံပညာသုံး MMA အားကစားနည်းဖြင့် နာမည်ကျော်ကြား လာသည့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်၏ ပထမဆုံး ကမ္ဘာ့ ချန်ပီယံလုပွဲကို ဇန်နဝါရီ ၁၄ ရက် (ယနေ့) ညပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ၂ဝဝ၅ ခုနှစ်မှ စ၍ MMA ပြိုင်ပွဲများ ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ကစားသမားဘဝ ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ခွင့်ရရှိခြင်းဖြစ်သည်။

အောင်လအန်ဆန် ယှဉ်ပြိုင်မည့်MMA ပြိုင်ပွဲတွင် တွဲဆိုင်း ကိုးပွဲ ပါဝင် မည်ဖြစ်ပြီး အောင်လအန်ဆန်နှင့် ရုရှား နိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်တို့၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကိုMain Event အဖြစ် ကျင်းပမည် ဖြစ်သည်။ မူလက မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ဗစ်တာလီနှင့် အခြားကစားသမားတစ်ဦး ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သော်လည်း ပိုလန်ကစားသမားမှာ ဒဏ်ရာကြောင့် နုတ်ထွက်သွားသောကြောင့် အောင်လ အန်ဆန်က အစားထိုးယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း ကမ္ဘာ့ချန်ပီယံလုပွဲ ထိုးသတ်ခွင့်ရမည်ဖြစ်သော်လည်း ပိုလန်ကစားသမား၏ ဒဏ်ရာကြောင့် စောစီးစွာထိုးသတ်ခွင့်ရခဲ့ခြင်းဖြစ်သည်။

 အောင်လအန်ဆန်သည်MMA ပြိုင်ပွဲ ၂၉ ပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်း ဖြစ်ပြီး ထိုးသတ်ပြီးသည့် ၂၈ ပွဲတွင် ၁၉ ပွဲနိုင်၊ ၉ ပွဲ ရှုံးနိမ့်ထားသည်။
အောင်လအန်ဆန်နှင့်ထိုးသတ်မည့် ဗစ်တာလီသည် ရှစ်ပွဲထိုးသတ်ရာတွင် ရှစ်ပွဲစလုံး အနိုင်ရထားပြီး အောင်လအန်ဆန် အနေဖြင့် ကမ္ဘာ့ချန်ပီယံဖြစ်ရန် ၄င်းကို ပထမဆုံး ရှုံးပွဲကြုံတွေ့စေရန် ကြိုးပမ်းရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ၂ဝဝ၅ ခုနှစ်မှစ၍MMA ပြိုင်ပွဲ များ စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂ဝ၁၆ ခုနှစ်က ထိုးသတ်ခဲ့သည့် သုံးပွဲစလုံး အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ အောင်လအန်ဆန်သည် မတ်လတွင် အီဂျစ်နိုင်ငံသား မိုဟာမက်အလီ၊ ဇူလိုင်လတွင် ရုရှားနိုင်ငံသား ဘူတိုရင်၊ အောက်တိုဘာလတွင် ပိုလန်နိုင်ငံသား ပတ်စတာနက်ခ် တို့ကို အနိုင်ရထားပြီး မိုဟာမက်အလီ၊ ပတ်စတာနက်ခ် တို့နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့်ပွဲများကို ရန်ကုန်မြို့တွင် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။
အောင်လအန်ဆန်သည် ကစားသမားဘဝ ပထမဆုံး ထိုးသတ်မည့် MMA ပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံလုပွဲတွင် အနိုင်ရရှိရန် ကြိုးပမ်းလျက်ရှိပြီး အကောင်းဆုံးယှဉ်ပြိုင် ထိုးသတ်နိုင်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။ အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား ဗစ်တာလီဘစ် ဒက်ရှ်တို့၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲကိုSkynet Sports-3 ရုပ်သံလိုင်းမှ ပြသမည်ဖြစ်သည်။

ညီမြတ်သော်တာ
Sources; MOI

No comments:

Post a Comment