Latest News

Sunday, January 8, 2017

ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့်မျှော်မိတယ်

ကောင်းဖို့ရွယ်သောခေတ်ကို အထူးသဖြင့်မျှော်မိတယ်

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပါပြီ။ ပြီးခဲ့တဲ့ နှစ်ဟောင်းအတွင်းမှာ ဘာတွေ ဘယ်လို ဖြစ်ခဲ့ပါစေ။ လာမည့်နှစ်သစ်မှာ မင်္ဂလာရှိတဲ့နှစ်သစ်ဖြစ်ဖို့လိုပါတယ်။ မြန်မာ လူ့အဖွဲ့အစည်းက မင်္ဂလာရှိသော လူ့အဖွဲ့ အစည်းဖြစ်ဖို့ အားလုံးပူးပေါင်းလုပ်ဆောင် ကြရပါ့မယ်။ မြန်မာတွေကလူတစ်ယောက် နဲ့တစ်ယောက် တွေ့ဆုံကြလို့ နှုတ်ဆက် ရင်တောင် ‘မင်္ဂလာပါ’လို့ အာလုပ်စကားပြု နှုတ်ဆက်ကြသူတွေဖြစ်တယ်။ (၃၈)ဖြာ မင်္ဂလာတရားတော်ကို ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက နှုတ်တက်ရွရွ အာဂုံ ဆောင်လာကြသူတွေလည်း ဖြစ် တယ်။ ၂ဝ၁၇ ခုနှစ်မှာ ကောင်းသော အတွေးအကြံ၊ ကောင်းသောအပြောအဆို၊ ကောင်းသောအပြုအမူတွေ သယ်ဆောင် သွားဖို့လိုသလို မကောင်းတဲ့လောဘ ဒေါသ မောဟတွေ နှစ်ဟောင်းမှာ ချန်ထားခဲ့ကြရ အောင်ပါ။

ပြီးခဲ့တဲ့ နှစ်ဟောင်းမှာ အနိဋ္ဌာရုံတွေ အမှန်တကယ် ရှိခဲ့တယ်။ နယ်စပ်ဒေသ အချို့မှာ စစ်မီးတောက်လောင်နေဆဲဖြစ်ပြီး သေနတ်သံတွေညံနေဆဲဖြစ်တယ်။ စစ်ဒဏ်ခံကြရတဲ့ တိုင်းရင်းသားတွေ အိုးပစ်အိမ်ပစ် နေရပ်ရှောင်ခွာ ထွက်ပြေးနေရဆဲဖြစ်တယ်။စစ်နဲ့ စီးပွားဖြစ်နေသူအချို့ကလွဲရင် တိုင်းပြည်ငြိမ်းချမ်းရေးက အရေးကြီးကြောင်း သမိုင်းသင်ခန်းစာတွေက ယူလို့မကုန်နိုင်အောင်များလှပြီ။ မြို့ပြမှာနေထိုင်ကြသူတွေမှာလည်း သောကဒဏ်ရာဒဏ်ချက်တွေက လူတိုင်းကိုယ်စီရှိနေကြတယ်။ ဓားထောက် လုယက်မှုတွေ၊ နေ့ခင်းကြောင်တောင် အနုကြမ်းစီးမှုဖြစ်စဉ်တွေ၊ ကားပါကင်နေရာလုရာက လူသတ်ဖို့ဝန်မလေးတဲ့အထိ စိတ်တွေကျွတ်ဆတ်လာတာတွေ၊ အသက်အရွယ် ငယ်ရွယ်လွန်းသူတွေအပေါ်မှာ ကာမရယူကြတဲ့ အဓမ္မမှုတွေရှိနေဆဲဖြစ်တယ်။

ဌာနဆိုင်ရာ အရာထမ်းတွေနဲ့ ထိတွေ့ဆက်ဆံနေရသူတွေမှာလည်း သူတို့ အခက်အခဲနဲ့သူတို့ ရင်ဆိုင်နေကြရတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ရွေးကောက်ပွဲအောင်နိုင်ခဲ့တဲ့ အစိုးရလက်ထက်ထိတိုင် ဘာမှမပေးရင် ဘာမှမလုပ်တဲ့ ဝန်ထမ်းဆိုးအချို့ ရှိနေသေးတယ်။ သူတို့က ရေလောင်းမှလွယ်ကူအောင် လုပ်ပေးကြတယ်။ သူတို့လို ငါးခုံးမတချို့တလေကြောင့် တစ်လှေလုံးမှာရှိနေတဲ့ ငါးကောင်းငါးသန့်တွေ ပုပ်ကုန်နိုင်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ ဝန်ထမ်းဆိုးတွေကြောင့် အစိုးရပုံရိပ် ထိခိုက်နိုင်ပါတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း ပြည်သူ့ဘဏ္ဍာကိုစားနေရတာဖြစ်လို့ ပြည်သူကိုသာ အလုပ်အကျွေး ပြုဖို့လိုပါတယ်။ အစိုးရသက်တမ်းက ငါးနှစ်သာဖြစ်ပြီး ပြည်သူတွေနဲ့က သက်ပြည့်အငြိမ်းစားယူပြီးတဲ့အထိ တစ်ဘဝလုံးထိ တွေ့ဆက်ဆံရမယ်ဆိုတာ မမေ့ကြပါနဲ့။

မူးယစ်ဆေးဝါးပြဿနာကတော့အစိုးရ အဆက်ဆက် ခေါင်းကိုက်စေတဲ့ ပြဿနာ ဖြစ်ပါတယ်။ နေရာအနှံ့အပြားမှာ မူးယစ်ဆေးဝါးဖမ်းမိတဲ့ သတင်းတွေက ကြောက်ခမန်းလိလိ။ ရုပ်ရှင်မင်းသားတစ်ယောက် မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေပြီး ရုပ်ရှင် မင်းသားတစ်ယောက်ကတော့ မူးယစ်ဆေးဝါးအမှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ နေ့စဉ်ထုတ်အစိုးရ သတင်းစာတွေမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိတဲ့ သတင်းတွေ နေ့စဉ်လိုလိုဖတ်နေရတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးတွေက ဆပ်ပြာခွက်နဲ့ တစ်နိုင်တစ် ပိုင်ကစလို့ ဆယ်ဘီးကား ကွန်တိန်နာနဲ့ သယ်သူတွေသည်ပင် ပါဝင်တယ်။

ကျူးကျော်ရပ်ကွက်ထဲ အငှားနေသူဆီကဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တန်ဖိုးကကျပ်သိန်းသောင်းဂဏန်း ပမာအထိရှိနေတယ်။ မြို့ပြကျေးလက်မှသည် စစ်မက်ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသအထိ မူးယစ်ဆေးဝါးတွေက ဗုန်းပေါလအော ပေါနေတယ်။ မူးယစ်ဆေးအမြောက်အမြား သယ်ဆောင်လာသူတွေ ထွက်ပြေးလွတ်မြောက် နေတာကလည်း တရားဥပဒေစိုးမိုးရေးအပေါ် မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ လောင်းကစားတွေကလည်း တောရောမြို့ပါရှိနေတယ်။ အညာဒေသကုန်းခေါင်ခေါင် ဖြစ်စေ၊ ချောင်းကြိုမြောင်းကြား မြစ်ဝကျွန်းပေါ်ဒေသဖြစ်စေ တစ်လုံး၊ နှစ်လုံး၊ သုံးလုံး မြို့ပြပေါက်ဈေးအတိုင်း အချိန်မဆိုင်းရနိုင်နေပါပြီ။ လောင်းကစားနဲ့ ဘဝပျက်သူတွေထဲမှာ အမျိုးသမီးကြီးငယ် အရွယ်စုံပါဝင်တယ်။ အရက်၊ ဘီယာနဲ့ အဖျော်ယမကာ ဆိုင်တွေက မီးလေးမှိတ်တုတ်ကျေးလက်ဇနပုဒ်အထိရှိနေတယ်။ လျှပ်စစ်မီးမရသေးတဲ့ ကျေးလက်ဒေသအချို့မှာ စည်ဘီယာကို မီးစက်မောင်းပြီး ရောင်းချနေတာ တစ်ရက် ရောင်းကြေး ကျပ်လေးသိန်း အထိရှိတယ်ဆို ရင်မအံ့သြပါနဲ့။ အမျိုးသားတွေရဲ့ ဝင်ငွေက အရက်ဘီယာထဲရောက်သွားပြီး အမျိုးသမီး တွေရဲ့ အိတ်ကပ်ထဲက ပိုက်ဆံကချဲထီဆီ ရောက်သွားတဲ့ လူ့အဖွဲ့အစည်းက ဘယ် တော့မှ လူမွေးလူရောင် ပြောင်မှာမဟုတ် ဘူး။ ဖွတ်သထက်ညစ်ဖို့ပဲ ရှိတော့တာပေါ့။

”ရာဇဝတ်ဘေး ပြေးမလွတ်”ဆိုသော်ငြား အပြေးကောင်းတဲ့ ရာဇဝတ်သားအချို့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ အများပြည်သူရဲ့ အတွေးအမြင်မှာရာဇဝတ်ဘေးဆိုတာ ပြေးနိုင်ရင်လွတ်နိုင်တယ်ဆိုတဲ့မှားယွင်းတဲ့အသိဝင်သွားရင် အဲဒီလူ့အဖွဲ့ အစည်း အဖတ်ဆယ်မရအောင်ပျက်စီးသွား ပါပြီ။ မင်္ဂလာရှိတဲ့ လူ့အဖွဲ့အစည်းကို ထူထောင်ချင်သပဆိုရင် လောကပါလတရားတွေ ပြန့်ပွားဖို့လိုတယ်။ လောကပါလတရားဆိုတာ ကြီးကျယ်မြင့်မြတ်သူတွေသာ ကျင့်သုံးနိုင်တဲ့တရားမဟုတ်ဘူး။ လောကကို စောင့်ရှောက်လိုတဲ့ စေတနာကောင်းရှိသူ မည်သူမဆို (လူမျိုးဘာသာမရွေး၊ ကျားမ မရွေး)အားလုံးပါဝင်ပူးပေါင်းနိုင်တဲ့ တရား တော်ဖြစ်ပါတယ်။ ကြီးသူကို ရိုသေ၊ ရွယ်သူ ကိုလေးစား၊ ငယ်သူကို သနား၊ လူကို လူလို လေးစားတန်ဖိုးထား၊ မကောင်းမှုကိုရှောင်၊ ကောင်းမှုကို ဆောင်ကြသူတွေ ကျင့်သုံးတဲ့ တရားတော်ဖြစ်တယ်။

ဒါပေမဲ့ မြန်မာလူ့အဖွဲ့အစည်းရဲ့နေရာ တော်တော်များများမှာ လောကပါလတရားက ပျောက်ဆုံးနေတယ်။ လောကီ စည်းစိမ် ကာမဂုဏ်တွေနောက်လိုက်ရင်း ရသတဏှာ ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်နေကြတယ်။ ဒီလိုဖြစ်အောင်လည်း အာဏာရှင်တွေက စနစ်တကျပြုစုပျိုးထောင်ခဲ့ကြတယ် မဟုတ်လား။ အာဏာကိုမထိပါးနဲ့၊ နိုင်ငံရေးဆိုတာ ဝေရာမဏိ၊ ကျန်တာကြိုက်တာလုပ်ကြဆို တဲ့လူ့ကျင့်ဝတ်တွေ သရောကြီးခိုင်းတဲ့ခေတ် ကျွန်တော်တို့ ရွှေပြည်ကြီးမှာ ဆယ်စုနှစ် ပေါင်းများစွာ အမှန်တကယ် ရှိခဲ့တယ် မဟုတ်လား။ အာဏာရှင်တွေကျေနပ်အားရလောက်အောင်အထိ အနားပြာတွေကလည်း ပြာပေးခဲ့ကြတယ်။

စိုက်သောအပင်ဧ။်အသီးကို ခူးဆွတ် ရိတ်သိမ်းရစမြဲ မဟုတ်လား။ အဲဒီအသီး အပွင့်တွေ အခုကျွန်တော်တို့ (လိုချင်သည် ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ) ခူးဆွတ်ရိတ် သိမ်းနေကြရပြီ။ ဒါဟာ ထမင်းရည်ပူလာလို့ လျှာလွှဲနေတာမဟုတ်ပါဘူး။ ဒီအတိုင်း တကယ်ရှိခဲ့တယ်ဆိုတာ နှောင်းလူတွေသိ စေဖို့ပါပဲ။ အခု ညောင်သီးစားချင်ရုံနဲ့ အခု ညောင်ပင်စိုက်လို့မရနိုင်ဘူး။ မင်္ဂလာရှိတဲ့လူ့ အဖွဲ့အစည်းကို ပြန်လည်ရရှိဖို့ စနစ်တကျ ရေလောင်းပေါင်းသင် ပြုစုပျိုးထောင်ပေးကြ ရပါ့မယ်။ အခုဘာပင်မှ မစိုက်ခဲ့ရင် နောင် ဘာသီးမှ စားရဖို့ မမျှော်လင့်ကောင်းပါဘူး။ကျွန်တော်တို့ မျိုးဆက်ချာခဲ့ရင် နောင်မျိုးဆက်ချာပါလိမ့်မယ်။ အချာမျိုးဆက် အမြစ်ဖြတ်ပစ်ရပါ့မယ်။

ကောင်းဖို့ရွယ်သောခေတ်ကိုရောက်ဖို့ မင်္ဂလာရှိသော လူ့အဖွဲ့အစည်းဖြစ်ဖို့လို ပါတယ်။ ကောင်းဖို့ ရွယ်သောခေတ်ကို မျှော်ခဲ့တာ အခုမှမဟုတ်ပါဘူး။ ဟိုအရင် နန်းတော်ရှေ့ဆရာတင်တို့ ခေတ်ကတည်း က ခေတ်ကောင်းစနစ်ကောင်း မင်းကောင်း ကို မျှော်လင့်ခဲ့ကြတာဖြစ်တယ်။ နန်းတော် ရှေ့ဆရာတင်က အနုပညာရှင်ပီပီ သီချင်း တစ်ပုဒ် ရေးဖွဲ့ပြီးကောင်းဖို့ရွယ်တဲ့ခေတ်ကို မျှော်ခဲ့တယ်။

”(အောင်ပင်လယ်)၅၊ တကယ်တော အစစ်ကဲ့သို့ x x x လယ်ကောဖြစ်လို့မို့ x x x ကောင်းဖို့ရွယ်သောခေတ်ကိုx x x အထူးသဖြင့်မျှော်မိတယ်၊ (ကြာစိမ်း၊ ကြာ ပြာပွင့်နီများက လှုပ်ရှားကာရယ်x x x များစွာကွယ်x x x )၂

လေယူရာကိုx x x ကြိုင်လှိုင်မွှေးလို့x x x အေးကြည်ဖွယ်x x x ရှေးမီတယ်x x x လူအိုလူမင်းပြောခြင်းလက္ခဏာx x x ဟင်္သာမောင်နှံကွယ်x x x ဝဲတယ် ဝဲတယ်x x x “(အောင်ပင်လယ်)၅၊ တကယ်တော အစစ်ကဲ့သို့x x x လယ်ကောဖြစ်လို့မို့x x x ကောင်းဖို့ ရွယ်သောခေတ်ကိုx x x အထူးသဖြင့် မျှော်မိတယ်။

Sources; သန်းနိုင်ဦးThe Speaker News Journal အတွဲ ၁၊ အမှတ် ၆

No comments:

Post a Comment