Latest News

Sunday, January 8, 2017

စွယ်စုံရ အနုပညာရှင် ဇာဂနာ၏ သုံးသပ်ချက်

စွယ်စုံရ အနုပညာရှင် ဇာဂနာ၏ သုံးသပ်ချက်

ကျွမ်းကျင်သူတို့ သုံးသပ်တဲ့ ၂၀၁၇

၂၀၁၇ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စသည်ဖြင့် ကဏ္ဍအသီးသီးတွင် မည်သည့်အပြောင်းအလဲများ မြင်တွေ့ရဖွယ် ရှိသည်ကို The Voice Daily စာဖတ်ပရိသတ်များ ကြိုတင်မှန်းဆနိုင်စေရန် အလို့ငှာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများ၊ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။ တစ်ရက်လျှင် ကဏ္ဍတစ်ခုနှုန်း ဖော်ပြသွားမည် ဖြစ်ပါသည်။  အယ်ဒီတာ

အနုပညာလောကတွင် ဝါရင့် စွယ်စုံရ အနုပညာရှင် တစ်ဦးဖြစ်သည့် ဇာဂနာနှင့် တွေ့ဆုံပြီး ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုလောက အလားအလာနှင့် မြန်မာဇာတ်ကားများ၏ အရည်အသွေးပိုင်း တိုးတက်လာဖို့ ရှိ မရှိကို တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : ကိုလွင်မိုးတို့ရဲ့ ရုပ်ရှင်ရုံတစ်ရာ စီမံကိန်းက နေ ဆောက်နေတဲ့ ရုပ်ရှင်ရုံတချို့  ၂၀၁၇ ထဲမှာ ပြသ  နိုင်မယ်လို့ သိရပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ ဇာတ်ကား တွေကို ရုံတင်ပြသရတဲ့ အခက်အခဲတွေ ဘယ်လောက် အထိ ပြေလည်သွားနိုင်မလဲ။
ZKN : ကျွန်တော်တို့ လွန်ခဲ့တဲ့ လေးလလောက်ကလည်း ရုပ်ရှင်ဖိုရမ်ကြီး တစ်ခု လုပ်ထားပါတယ်။ ဒါကတော့ NLD အစိုးရ လက်ထက်မှာပေါ့နော်။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ အဖြေ ရှာခဲ့ကတည်းက ရုပ်ရှင်ရုံတွေက အဓိက အခက်အခဲ ဖြစ်နေတာလေ။ ကျွန်တော်တို့ တိုင်းပြည်မှာ ၁၉၈၈ မတိုင်ခင်က ရုပ်ရှင်ရုံပေါင်း ၄၈၀ ကျော်ရာကနေ အခုတစ်နိုင်ငံလုံးမှာ ရုံ ၄၀ ပဲ ရှိတော့တယ်။ အဲဒီရုံတွေ အကုန်လုံးက ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ရောင်းစားခဲ့ကြတာပါ။ ကျွန်တော်တို့က ရုပ်ရှင်ရုံတွေ မရှိဘဲနဲ့ ရုပ်ရှင်ပြလို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့ဗျာ။ ရုပ်ရှင်ရုံတွေ ဖြစ်အောင် လုပ်ကြမယ်ဆိုပြီး ကြိုးစားကြပါတယ်။ ကိုလွင်မိုးတို့ရဲ့ ရုံတစ်ရာ စီမံကိန်းတင်မကပါဘူး။ ဦးဇော်မင်း (မင်္ဂလာ) ရဲ့ ရုပ်ရှင်ရုံ ဆောက်လုပ်ရေး စီမံကိန်းတွေကိုပါ ဝိုင်းကူကြတဲ့အတွက် အခုဆိုရင် ရုပ်ရှင်ရုံတွေက တဖြည်းဖြည်းနဲ့ များလာပြီ။ အခုဆိုရင် ရုံပေါင်း ၆၀ ကျော်သွားပါပြီ။ ကိုလွင်မိုးတို့ရဲ့ ရုပ်ရှင်ရုံတွေ ဆိုရင်လည်း မှော်ဘီမှာ တစ်ရုံပြီးပြီ။ အောင်ပန်းမှာ တစ်ရုံပြီးပြီ။ ပြီးရင် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမှာ ရုပ်ရှင်ရုံတွေ ဆက်တိုက်ဖွင့်မယ်။ လာမယ့် မတ်လမတိုင်ခင်မှာ ရုပ်ရှင်ရုံတွေ ဆယ်ရုံလောက် ထပ်ပြီးပေါ်လာမယ်။ ၂၀၁၇၊ ဒီဇင်ဘာ နောက်ဆုံး ထားပြီးတော့ ရုပ်ရှင်ရုံ တစ်ရာကို အမြန်ဆုံး ပြီးသွားအောင် လုပ်ကြပါမယ်။ ထိုနည်းတူ ဦးဇော်မင်းတို့ရဲ့ မင်္ဂလာရုံ အုပ်စုမှာလည်း ရုံအသစ်တွေ ထပ်ပေါ်လာအောင် တိုက်တွန်းနေပါတယ်။ နောက်ပြီး ၂၀၁၇ ထဲမှာ မှန်းထားတဲ့ စီမံကိန်း တစ်ခုက ရုပ်ရှင်ရုံတွေကို ယူသွားပြီးတော့ ရုပ်ရှင်အလုပ်ကို မလုပ်တဲ့ မြေနေရာတွေကို နိုင်ငံတော်က ပြန်သိမ်းမယ်။ ပြီးရင် ပုဂ္ဂလိကကို တင်ဒါစနစ်နဲ့ ပြန်ချပေးပြီးတော့ ရုပ်ရှင်ရုံတွေ ပြန်ဆောက်မယ်။ တချို့က ရုပ်ရှင်ရုံကို ယူတယ်။ ရုပ်ရှင်အလုပ်ကို မလုပ်ဘဲနဲ့ ကာရာအိုကေဆိုင် ငှားစားထားတို့၊ ထမင်းဆိုင် ငှားစားထားတို့၊ ထီဆိုင်တွေ ဘာတွေ ဖွင့်ထားတဲ့သူတွေ ရှိတယ်။ တချို့ကျတော့ ဘာမှ မလုပ်ဘဲ ဒီတိုင်းထားထားတဲ့သူတွေ ရှိတယ်။ အဲ့ဒီမြေနေရာတွေကို နိုင်ငံတော်ကနေ ပြန်သိမ်းပြီးတော့ ရုံတွေ ဖြစ်လာအောင် လုပ်ဖို့ ရှိပါတယ်။

Voice : ရုပ်ရှင်ဖိုရမ်တုန်းက အနုပညာ လောကသားတွေ ဆွေးနွေးခဲ့ကြတဲ့ အချက်တွေထဲကရော ဘယ်ဟာတွေကို ၂၀၁၇ ခုနှစ်ထဲမှာ ဆက်လက် အကောင်အထည် ဖော်သွားဖို့ရှိမလဲ။
ZKN : ကျွန်တော်တို့ ရုပ်ရှင်ဖိုရမ်ကနေ အများ သဘောတူညီမှုနဲ့ ဆုံးဖြတ်ချက် ချထားတဲ့ အချက် ငါးချက်ရှိပါတယ်။ အဲ့ဒီထဲမှာ နံပါတ် တစ်ကတော့ ခိုးကူးခွေကိစ္စပေါ့။ အဲ့ဒီအတွက်ကို ပြီးခဲ့တဲ့ နှစ်လလောက်တုန်းက ဒါရိုက်တာ ကြည်ဖြူသျှင် ဦးဆောင်ပြီး ခိုးကူးခွေ ကာကွယ်တားဆီရေး ကော်မတီ တစ်ရပ် ဖွဲ့ပေးလိုက်ပါပြီ။ အဲ့ဒီမှာ ကျွန်တော်တို့က အင်္ဂလိပ်ကားတွေကို ဖမ်းပါတယ်ဆိုပြီး အထင်မှားမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကတော့ စီးပွားရေးသမားတွေက သက်သက် လှန့်တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က မဟုတ်ဘူး ဆိုတာကို ပြန်ရှင်းပြီးတော့ ခိုးကူးခွေ ကိစ္စအတွက် ကော်မတီ တစ်ရပ် ဖွဲ့ခဲ့ပါတယ်။ အဲဒီတုန်းက အားနည်းချက်ကို ကျွန်တော်တို့က သိသွားတဲ့အတွက် နောက်နောင် ဘာမှ ကြိုမပြောတော့ပါဘူး။ ကျွန်တော်တို့ နေပြည်တော်ကနေ ရန်ကုန် ပြန်မရောက်သေးဘူး၊ ဒီမှာ တခြားသတင်းတွေက ပျံ့နေပြီ။ အခု နောက်ပိုင်းတော့ ဘာမှ ကြိုမပြောတော့ဘူး။ တကယ် လုပ်တော့မှပဲ မြင်ကြပါစေဆိုပြီး ထားလိုက်တော့တယ်။

Voice : ရုပ်ရှင်ဖိုရမ်တုန်းက ဇာတ်ကားတွေ ရိုက်တဲ့အခါမှာ စာချုပ်စာတမ်းတွေနဲ့ အလုပ် လုပ်ဖို့ဆိုတဲ့ အချက်ကိုလည်း ဆွေးနွေးခဲ့သေးတယ်နော်။ အဲ့ဒီကိစ္စကရော ဘာတွေ ဆက်လုပ်ဖြစ်မလဲ။
ZKN : ရုပ်ရှင်ရိုက်မယ်ဆိုရင် စည်းလေး စနစ်လေးနဲ့ဖြစ်အောင်  Pre Production အဆင့်မှာ စာချုပ် လက်မှတ် ထိုးပြီးတော့ ဒုတိယအဆင့် အနေနဲ့ ဇာတ်ညွှန်း ပြီးတော့မှ ရုပ်ရှင်ရိုက်ကြမယ် ဆိုတာကို ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့တာ အခုတော့ပြီးသွားပါပြီ။ ဒီအစီအစဉ်မှာ မပါဝင်ချင်တဲ့သူတွေ ရှိရင်လည်း ကျွန်တော်တို့က ဆွယ်တရားတော့ ဟောမယ်။ အတင်း မတိုက်တွန်းပါဘူး။ ဒါပေမဲ့ မလုပ်တဲ့သူက သူ့ရဲ့ အခွင့်အရေးတွေ ဘယ်လို ဆုံးရှုံးသွားလဲ ဆိုတာ တဖြည်းဖြည်းနဲ့ သူ့ဟာနဲ့သူ သိသွားပါလိမ့်မယ်။ နောက်ပြီးတော့ ကျွန်တော်တို့ ရုပ်ရှင်ဥပဒေ အမြန်ပေါ်ပေါက်ရေးအတွက် ကြိုးစားနေပါတယ်။ ရုပ်ရှင် အစည်းအရုံးက ဒါကို နောက်ဆုံး အချောသတ်ပြီးသွားပြီး၊ လိုအပ်တာတွေကို ပြင်ဆင်ပြီးတော့ အခု လွှတ်တော် ရောက်သွားပါပြီ။ လာမယ့် လွှတ်တော်အသစ်မှာ ဒီ ဥပဒေကို တင်ပြနိုင်ပါပြီ။

Voice : ဇာတ်ကားတွေကို ဆင်ဆာ ဖြတ်တောက်မှုတွေ များပြားတယ်ဆိုပြီး ဆင်ဆာအဖွဲ့ကို ဖျက်သိမ်းဖို့အထိ အနုပညာ လောကသားတွေက တောင်းဆိုခဲ့ကြတဲ့ အပေါ်ကိုရော ဘယ်လို သုံးသပ်ချင်လဲ။
ZKN : ကျွန်တော်တို့နိုင်ငံမှာ ရုပ်ရှင်ဥပဒေက ၁၉၉၆ ခုနှစ်က ဆွဲခဲ့တဲ့ဥပဒေ တစ်ခုပဲ ရှိတယ်ဗျ။ အဲ့ဒီဥပဒေကလည်း စစ်အစိုးရ လက်ထက်က ဆွဲထားခဲ့တာပါ။ အဲ့ဒီ ဥပဒေကို မပြင်နိုင်သေးတော့ ဆင်ဆာကိုလည်း မပြင်နိုင်ဘူး ဖြစ်နေတယ်။ ဆင်ဆာနဲ့ ပတ်သက်ပြီး ပြောကြတာတွေက တချို့ အနုပညာရှင်တွေလည်း မှားနေတယ်။ မီဒီယာသမားတွေလည်း မှားနေတယ်။ သူတို့ စာမဖတ်တာပေါ့နော်။ အမှန်တော့ ဆင်ဆာဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိပါတယ်။ ဟောလိဝုဒ်၊ ဘောလိဝုဒ်မှာလည်း ရှိတယ်။ ကိုရီးယားမှာလည်း ရှိပါတယ်။ မြန်မာပြည်ကျမှ ဆင်ဆာ ဖျက်သိမ်းရေး ဆိုပြီး တောင်းဆိုကြတာကို ကျွန်တော် နားကိုမလည်ဘူး။ ဘယ်လိုမှ ဦးနှောက်ထဲမှာ ထည့်မစဉ်းစားသင့်တဲ့ ကိစ္စလေ။ ကျွန်တော်တို့က ဆင်ဆာကို Rating စနစ်နဲ့သွားဖို့ ရုပ်ရှင်ဖိုရမ်မှာတုန်းက ဆုံးဖြတ်ထားပါတယ်။ ဆင်ဆာကို Rating စနစ်နဲ့သွားရင် ကျွန်တော်တို့က ၁၉၉၆ ဥပဒေကို ပြင်ရမယ်ဗျ။ ပထမအဆင့် အရေးကြီးတာက ၁၉၉၆ ဥပဒေကို မပြင်ဘဲနဲ့ ဆင်ဆာကို Rating သွားလို့ မရဘူး။ အဲ့ဒီတော့ ၁၉၉၆ ဥပဒေကိုပြင်ဖို့ ကျွန်တော်တို့ လုပ်နေပါပြီ။ ဒါပြီးတော့မှ Rating စနစ်ကို သွားပါမယ်။

Voice : အရင်ကလည်း ဇာတ်ကားတွေကို Rating စနစ်နဲ့သွားဖို့ ပြောခဲ့ကြဖူးပေမယ့် အကောင်အထည် မဖော်နိုင်ခဲ့ကြဘူးနော်။
ZKN : ဇာတ်ကားတွေကို Rating စနစ်နဲ့သွားရင် အခုလက်ရှိ ဆင်ဆာထက် ပိုဆိုးမယ်။ အဲ့ဒီကျတော့မှ ရုပ်ရှင်သမားတွေက ကဏန်းကိုက်သလို အော်ကြလိမ့်မယ်။ ကျွန်တော် အခုကတည်းက ကြိုပြောပါတယ်။ Rating စနစ်ကိုသွားရင် အခုရိုက်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေ တစ်ဝက်လောက် ထိုးရပ်သွားလိမ့်မယ်။ Rating စနစ်လို့ပြောပေမယ့် သူတို့ သေချာ မလေ့လာဘဲနဲ့ ပြောတာ။ ဖိလစ်ပိုင်က Rating စနစ်ဆို စာမျက်နှာ သုံးရာကျော် ရှိတယ်။ တစ်လောက ဝန်ကြီးနဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ဘာသာပြန်ကြတာလေ။ ဖိလစ်ပိုင် Rating စနစ်မျိုးနဲ့သာ မြန်မာပြည်မှာလုပ်ရင် လက်ရှိ ကြည့်နေတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ရာမှာ ငါးဆယ်လောက်အထိ ထိုးရပ်သွားမယ်။ ဖမ်းခံရတဲ့သူတွေ၊ တရားစွဲခံရတဲ့သူတွေ အများကြီး ပေါ်လာလိမ့်မယ်။ ဒါကတော့ ကျွန်တော် ကြိုပြောထားတာပါ။ သူတို့လိုချင်တဲ့ Rating စနစ်က သွားနေပြီ။ သို့သော် ၁၉၉၆ ဥပဒေကို ရုပ်သိမ်းပြီးတော့မှ ဥပဒေအသစ်နဲ့ Rating စနစ်ကိုသွားမယ်။ သွားရင် နောက်ဆက်တွဲတွေကိုတော့ အဆင်သင့် ပြင်ထားစေချင်တယ်။ ဒါက သူတို့ပဲ တောင်းဆိုခဲ့တာလေ။

Voice : ကိုယ်တိုင်လည်း ဆင်ဆာအဖွဲ့ဝင် တစ်ယောက်ဖြစ်နေတော့ လက်ရှိ ကျင့်သုံးနေတဲ့ ဆင်ဆာ မူဝါဒတွေနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လို အပြောင်းအလဲတွေ လုပ်သွားဖို့ ရှိမလဲ။
ZKN : အဲဒါကတော့ ရုပ်ရှင်သမားတွေက ဇာတ်ကားတွေကို ဆင်ဆာ တင်တယ်ဗျာ။ အဲ့ဒီဟာကို ကျွန်တော်တို့က ဆင်ဆာမှာ အရည်အသွေး စစ်တဲ့ စက်ကြီးတပ်ဖို့အတွက် ဆရာဖေမြင့်တို့ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အစိုးရ ဘတ်ဂျက်က ၄၀ ရာခိုင်နှုန်း၊ ပြင်ပ ဘတ်ဂျက်က ၆၀ ရာခိုင်နှုန်းနဲ့ အဲ့ဒီစက်ကြီးတပ်ဖို့ လုပ်နေပါတယ်။ အဲဒီလို လုပ်လိုက်ရင် ရုပ်ရှင်သမားတွေ အကုန်လုံး လိမ်တာ ပေါ်တော့မယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ဆင်ဆာစံချိန်ကိုက် ဆိုပြီးတော့ DCP (Digital Cinema Package)နဲ့ တစ်နိုင်ငံလုံးကိုပြဖို့ သဘောတူပါတယ်ဆိုပြီး ၂၀၁၂ ခုနှစ်က အစည်းအဝေး တွေလုပ်ကြပြီး ၂၀၁၅ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းပြည်က လက်မှတ်ထိုးခဲ့တာပါ။ အဲ့ဒီလို လက်မှတ်ထိုးထားပေမယ့် DCP အဆင့်နဲ့ တစ်ကားမှ ဆင်ဆာတက် မလာဘူး။ ကျွန်တော့်စကား ကျွန်တော် တာဝန်ယူပြီး ပြောရဲတယ်။ ရုပ်ရှင်ကား တစ်ရာမှ ၈၀ လောက်က အတုနဲ့ ဆင်ဆာ တက်လာတယ်။ အဲ့ဒီတော့ DCP ဟာ DCI (Digital Cinema Interface) အပေါ်မှာ အခြေခံတာ ဖြစ်တဲ့အတွက် အသံက 5.1 ဖြစ်ရမယ်။ အရုပ်က 4K ဖြစ်ရမယ်။ အဲ့ဒီလို အနိမ့်ဆုံး သတ်မှတ်ချက်စံတွေက ၁၂၀ လောက် ရှိပါတယ်။ အခုကျတော့ ရိုးရိုး HD Quality နဲ့ ရိုက်ထားတဲ့ကားကို Hard Disc ထဲထည့်ပြီး Password နဲ့ပိတ်ပြီး လာပို့ကြတယ်။ တကယ့် DCP  အစစ် မဟုတ်ဘူး။ အဲ့ဒီတော့ သတ္တိရှိရင် DCP လို့ပြောပြီး မြန်မာရုပ်ရှင် ဆင်ဆာတင်တဲ့ Hard Disc ကို ယူသွားပြီးတော့ မြန်မာပြည်ရဲ့ အပြင်ဘက်မှာရှိတဲ့ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံတို့က ရုပ်ရှင်ရုံတွေမှာ သွားပြလိုက်။ အရုပ်ကို မထင်ဘူးဗျာ။ အဲ့ဒီလို အဖြစ်အပျက်မျိုးက ဝိုင်းလည်း ဖြစ်ခဲ့ဖူးပြီ။ သူ့ရဲ့ အင်မတန် အောင်မြင်တဲ့ စေတန်ရဲ့ ကချေသည် ရုပ်ရှင်ကို ပြည်ပကို ယူသွားပြီး သွားပြတာ ဘာရုပ်မှ မထွက်ဘူး။ ကျွန်တော်တို့ဆီမှာ ဇာတ်ကားတွေကို DCP ဆိုပြီး လိမ်ပြီး ဆင်ဆာတင်နေတာ လေးနှစ်လောက် ရှိပြီ။ အဲဒီတော့ ကျွန်တော်တို့ မကြာခင် ဆင်ဆာမှာတပ်မယ့် စက်ရှိလာရင် လိမ်တင်လို့ မရတော့ဘူး။ Rating စနစ်ကို သွားရင် ဇာတ်ကား ရိုက်ကူးမှုတွေ ၅၀ ရာခိုင်နှုန်း လျော့ကျမယ်လို့ ကျွန်တော် ပြောထားတယ်နော်။အဲ့ဒီ DCP Standard စစ်ဆေးတဲ့စက်ကို တပ်ပြီးသွားရင်တော့ အဲဒီ ၅၀ ရာခိုင်နှုန်းထဲက ၉၀ ရာခိုင်နှုန်း ထပ်လျော့သွားပြီး ဆယ်ကားပဲ ကျန်လိမ့်မယ်။ ဘယ်သူတွေ DCP အစစ်လုပ်ပြီး ဘယ်သူတွေက အတုလုပ်တယ် ဆိုတာကို သူတို့ သိပါတယ်။ ဒါပေမဲ့ မတတ်နိုင်တော့ဘူး။ ကျွန်တော်တို့ တိုင်းပြည်ကို စည်းနဲ့ကမ်းနဲ့ ဖြစ်စေချင်သလို၊ ကိုယ့်ရုပ်ရှင်လောကကိုလည်း စည်းနဲ့ကမ်းနဲ့ ဖြစ်အောင် လုပ်မှာပဲ။ ယာယီ အခြေအနေမှာတော့  ခံရမှာပေါ့ဗျာ။ ဒါပေမဲ့ ကိုယ့်လောက ကောင်းစားဖို့အတွက် နည်းနည်းတော့ ခံကြပေါ့ဗျာ။

Voice : မြန်မာဇာတ်ကားတွေရဲ့ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ၂၀၁၇ ခုနှစ်ထဲမှာ ထူးထူးခြားခြား တိုးတက် ပြောင်းလဲမှုတွေ ရှိလာနိုင်မယ်လို့ ထင်လား။ လက်ရှိ အချိန်အထိတော့ အနုပညာပိုင်းထက်၊ ငွေကြေး အကျိုးအမြတ် ရဖို့ကို ဦးတည် ရိုက်ကူးတဲ့ ဇာတ်ကားတွေပဲ များနေသေးတော့လေ။
ZKN : ကျွန်တော်တို့က ရုပ်ရှင်ဖိုရမ် လုပ်ပြီးနောက်ပိုင်းမှာ ရိုက်ကူးတဲ့ ဇာတ်ကားတွေကိုပဲ အရည်အသွေး တိုးတက်မှုရှိ မရှိ၊ ခွဲခြား သတ်မှတ်လို့ ရမှာပေါ့နော်။ ဖိုရမ် မတိုင်ခင်တုန်းက ရိုက်ထားတဲ့ ဇာတ်ကားတွေက ကား ၈၀ လောက် ရှိသေးတယ်။ အဲ့ဒီတော့ ၂၀၁၇၊ ၂၀၁၈ မှာ အဲဒီဇာတ်ကား  ၈၀ ကို ကြည့်ကြရဦးမှာ။ ခပ်ရိုင်းရိုင်းပြောရင် အဲ့ဒီပေါပေါပဲပဲ ကားတွေကိုပဲ ကြည့်ရဦးမှာပါ။ ဖိုရမ်ရဲ့ နောက်ပိုင်းမှာတော့ တော်တော်ကို ပြုပြင် ပြင်ဆင်ပြီး ရိုက်ကြတဲ့ကားတွေ ရှိပါတယ်။ ကျွန်တော် တာဝန်ယူပြီးတော့ လူနာမည် တပ်ပြောပါတယ်။ ဥပမာ- ဝိုင်း၊ ဝင်းထွန်းထွန်း၊ ကိုမျိုးမင်း၊ ကိုမီးပွားတို့လို ဒါရိုက်တာတွေက တကယ်ကို အဆင့်ရှိရှိ ဇာတ်ကားတွေကို တာဝန်ယူပြီး ရိုက်နေကြတာပါ။ ကျွန်တော်တို့ ဖိုရမ်မှာ ပြောပြီးတော့မှကို ပေါပေါပဲပဲအဖြစ် ရိုက်နေတဲ့၊ ဗီဒီယို သာသာကို ရုပ်ရှင်ရိုက်နေတဲ့ သူတွေလည်း သုံးလေး ငါးကား ရှိနေပါသေးတယ်။ ကျွန်တော်တို့ကတော့ အတင်းအကျပ် တိုက်တွန်းလို့ မရဘူးလေ။ အမိန့်ပေးလို့ မရဘူး။ ခေတ်ကြောင့်ပေါ့ဗျာ။ စစ်အစိုးရလက်ထက်ကကျတော့ တစ်ခွန်းလောက် ပြောရင် အမြီးတုန်နေအောင် အကုန် ကြောက်ကြတာကိုး။ အခုကျတော့ သူတို့ကို ပြောလို့လည်း မရဘူး။ ကျွန်တော်တို့က ချော့ပြီး ခေါ်နေရတာပေါ့နော်။

Voice : အနုပညာလောကမှာ ရိုက်ပြီးသား ဇာတ်လမ်းတွေကို ထပ်ခါထပ်ခါ ပြန်ရိုက်ကြတာတွေ၊ နိုင်ငံခြား ဇာတ်ကားတွေကို အလွယ်တကူ မြန်မာမှုပြုပြီး ရိုက်ကြတာတွေ ရှိတယ်လေ။  မြန်မာနိုင်ငံမှာ ရုပ်ရှင် ရိုက်ပြလို့ ကောင်းတဲ့ ဇာတ်လမ်းတွေ တကယ်ပဲ ရှားပါးနေသလား။ ဘယ်လို မြင်မိလဲဗျ။
ZKN : ကျွန်တော်တို့ အခု လုပ်နေတဲ့ မြန်မာ့ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ်အတွက် ဇာတ်လမ်းတွေ ပို့ပေးဖို့ ဖိတ်ခေါ်တဲ့အခါမှာ တက်လာတဲ့ဇာတ်လမ်းတွေ တစ်ပုံ ချည်းပါပဲ။ ကျွန်တော် စဉ်းစားကြည့်ချင်တယ်။ ဇာတ်လမ်း ရှားလို့ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်။ ဒီမိုကရေစီ ရုပ်ရှင် ရက်သတ္တပတ် အတွက်ဆို ဇာတ်လမ်း ၂၀ လောက် တက်လာတယ်။ အရမ်း ကောင်းတာပဲ။ ဇာတ်ရှားတယ် ဆိုတာက မဖြစ်နိုင်ပါဘူး။ သူတို့က ပြီးပြီးရော ရိုက်ကြတယ်။ အားလည်း မထုတ်ချင်ကြဘူး။ နောက်တစ်ခုက ကျွန်တော် ပြောတာ ရိုင်းချင် ရိုင်းပါလိမ့်မယ်။ ရုပ်ရှင်သမား ၁၀၀ မှာ ၉၀ လောက်က စာမဖတ်ကြဘူး။ အဲဒီအတွက် ဘယ်သူ ဘာရေးနေတယ် ဆိုတာကို သူတို့ မသိကြဘူး။ ဥပမာ နမူနာပြောရရင် ဆရာမ ပုညခင်ရဲ့ တစ်လောကထွက်တဲ့ အနောက်တောင် အရပ်မှ လာခဲ့သူ ဝတ္ထုဆိုရင် သူတို့ မသိဘူး။ အဲ့ဒီဇာတ်လမ်းဟာ ဘယ်လို ရုပ်ရှင်ရိုက်လို့ ကောင်းတယ်၊ ဘယ်လိုရိုက်ရင် နိုင်ငံခြားအထိ သွားပြလို့ ရတယ်ဆိုတာကို သူတို့ မသိဘူး။ နောက် တစ်ခုက ဆရာမြေမှုန်လွင်ရဲ့ ကျောက်စာကို ခဲဖျက်နှင့် ဖျက်လို့မရ ဆိုတဲ့ စာအုပ်မျိုးဟာ ရုပ်ရှင်ရိုက်လို့ ဘယ်လောက် ကောင်းတယ်ဆိုတာကို သူတို့ မသိဘူး။ အဲ့ဒီတော့ ဇာတ်လမ်း အဟောင်းတွေထဲမှာပဲ သူတို့ ပြန်လည်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ကိုယ်တိုင်က အဟောင်းတွေ ဖြစ်နေတယ်။ အခု ကျွန်တော်တို့ဆီကို ပို့ထားတဲ့ ဇာတ်လမ်းတွေထဲမှာ သူရဿဝါ၊ ချမ်းထက်ဟန်၊ ဆူးခက်မင်းတို့ ရေးတဲ့ဟာတွေဆို ကျွန်တော်တို့ ကြက်သီးထလောက်အောင် ကောင်းနေတယ်။ အဲ့ဒါကို ကြိုးစားပြီး ရိုက်နိုင်ဖို့ လိုပါတယ်။ ၂၀၁၇ ထဲမှာ အဲ့ဒီလို လူငယ်တွေ အမြောက်အမြားကို ကျွန်တော်တို့ အားပေးဖို့ ဆုံးဖြတ်ထားပါတယ်။ အဲ့ဒီလို အတွေးကောင်း အရေးကောင်းပြီး တော်တဲ့လူငယ် စာရေးဆရာတွေ တပုံကြီး ရှိပါတယ်။ လိုက်မရှာလို့သာ ဇာတ်ရှားတယ်လို့ ပြောနေကြတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်မှာ လက်ရှိ ဒီလို ဇာတ်လမ်းတွေ ရှိနေပါတယ်ဆိုပြီး ရိုက်ပြလိုက်ရင် သိသွားပါလိမ့်မယ်။

Sources; သန့်ဇင်ဦး The Voice

No comments:

Post a Comment