Latest News

Thursday, January 19, 2017

ပိတ်ဆို့ စစ်ဆေးရေးလုပ်နေတဲ့ မူးယစ်ရဲတပ်ကြပ် သေနတ်ပစ်ခံရပြီးသေဆုံး

ပိတ်ဆို့ စစ်ဆေးရေးလုပ်နေတဲ့ မူးယစ်ရဲတပ်ကြပ် သေနတ်ပစ်ခံရပြီးသေဆုံး



ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ မိုင်းဟဲကျေးရွာနားမှာ မူးယစ်တပ်ဖွဲ့က ပိတ်ဆို့စစ်ဆေးရှာဖွေနေတုန်းမှာ ရဲတပ်ကြပ်ကြီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီးက  အသက် (၃၆)နှစ်အရွယ် မျိုးဇော်အောင်ဖြစ်ပြီး ဇန်န၀ါရီ ၁၈ ရက် မနက် ၉ နာရီလောက်မှာ သေနတ်နဲ့ အပစ်ခံခဲ့ရတာလို့ တာချီလိတ်မြို့မရဲစခန်းကနေ သိရပါတယ်။

‘‘ထိသွားတာတော့ တစ်ချက်တည်းပါ။ နံကြားကို ထိသွားပြီး တာချီလိတ်ဆေးရုံကို ပို့ဖို့သယ်လာတယ်။ ဆေးရုံမရောက်ခင် လမ်းတစ်ဝက်လောက်မှာ ရရှိထားတဲ့ ဒဏ်ရာနဲ့သေဆုံးသွားတယ်။ သေနတ်နဲ့ပစ်တဲ့သူကိုလည်း လိုက်ရှာနေပါတယ်’’လို့ တာချီလိတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။


သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီး မျိုးဇော်အောင်မှာ ခုနစ်လသားအရွယ်ကလေးတစ်ဦး၊ လေးနှစ်အရွယ်သမီးငယ်နဲ့ ဇနီးတို့ ကျန်ရစ်ခဲ့တယ်လို့ တာချီလိတ် နာရေးကူညီမှုအသင်းမှ ကိုလှမိုးက ပြောပါတယ်။

‘‘အလောင်းကိုတော့ မကာအိုခမ်းရပ် မဟာမြတ်မုနိဘုန်းကြီးကျောင်းမှာ ထားရှိပေးထားပါတယ်။ လိုအပ်တာတွေလည်း ထပ်ပြီး ကူညီလုပ်ကိုင်ပေးသွား မှာပါ။ မိုင်းဟဲဘက်မှာတော့ မူးယစ်ဆေးသုံးတဲ့သူတွေ များတယ်’’လို့ ကိုလှမိုးက ပြောပါတယ်။

တပ်ကြပ်ကြီး မျိုးဇော်အောင်ကို သတ်ဖြတ်ခဲ့တဲ့ တရားခံကို တာချီလိတ်ရဲစခန်းက လိုက်လံရှာဖွေနေပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Photo: Source : 7DayDaily: Thamane Bayan: Duwun

No comments:

Post a Comment