Latest News

Thursday, January 19, 2017

အစ္စတန်ဘူလ် နိုက်ကလပ်သည် ၎င်းကြိုတင်ရွေးချယ်ထားသည့် ပစ်မှတ်မဟုတ်ဟု သေနတ်သမားဝန်ခံ

အစ္စတန်ဘူလ် နိုက်ကလပ်သည် ၎င်းကြိုတင်ရွေးချယ်ထားသည့် ပစ်မှတ်မဟုတ်ဟု သေနတ်သမားဝန်ခံ


အစ္စတန်ဘူလ် နိုက်ကလပ် တစ်ခုကို ဝင်ရောက်ပစ်ခတ်ပြီး လူ ၃၉ ဦး သေဆုံးသည့် အကြမ်းဖက်မှု ကျူးလွန်သော သေနတ်သမားက ၎င်း၏ ပစ်မှတ်ကို ကြိုတင် ရွေးချယ်ထားခဲ့ခြင်း မရှိဟု ထွက်ဆိုခဲ့သည်။

ပြီးခဲ့သည့် နှစ်သစ်ကူး အကြိုညက တူရကီ၏ အဓိက စီးပွားရေး မြို့တော်ရှိ Reina နိုက်ကလပ်ကို ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့သော အက်ဘ်ဒူဂါဒါ မာရှာရီပေါ့ဗ်ကို ယခုသီတင်းပတ်အတွင်း တူရကီ လုံခြုံရေး တပ်ဖွဲ့များက ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်။

မာရှာရီပေါ့ဗ်ကိုသည် မူလက လူစည်ကားလှသည့် တက်ခ်ဆင်မ်ရင်ပြင် ဧရိယာကို ဝင်ရောက်တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် နှစ်သစ်ကူး အကြိုည၌ ထိုနေရာတွင် လုံခြုံရေး အရေအတွက် အများအပြား ဖြန့်ကျက် ချထားခြင်းကြောင့် တိုက်ခိုက်ရန် အခွင့်မသာဘဲ ကြုံရာနေရာတစ်ခုကို ဝင်ပစ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ထွက်ဆိုခဲ့သည်။

ဥဇဘက်ကစ္စတန် နိုင်ငံသား မာရှာရီပေါ့ဗ်က “တက်ခ်ဆင်မ်ရင်ပြင်မှာ ဝင်ပစ်ဖို့ ပြင်ဆင်ထားတာပါ။ ဒါပေမဲ့ လုံခြုံရေး အခြေအနေက တင်းကျပ်လွန်းတာကြောင့် အဲဒီနေရာမှာ တိုက်ခိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ အထက်က တခြားနေရာတစ်ခု ရှာပြီး တိုက်ခိုက်ဖို့ ညွှန်ကြားလာတာကြောင့် အသင့်တော်ဆုံး ဖြစ်နိုင်တဲ့ Reina နိုက်ကလပ်ကို ရွေးခဲ့တာပါ။ အဲဒီမှာ လုံခြုံရေး သိပ်မတင်းကျပ်တာကြောင့်ပါ”ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

အိုင်အက်စ် စစ်သွေးကြွများက အဆိုပါ တိုက်ခိုက်မှုကို ၎င်းတို့ စီစဉ်ညွှန်ကြားခဲ့ခြင်းဟု ကြေညာထားသည်။ ဆီးရီးယားတွင် အိုင်အက်စ်တို့ကို တူရကီ စစ်တပ်များက ဝင်ရောက်တိုက်ခိုက်နေသည်ကို လက်တုံ့ပြန်သည့် အနေဖြင့် ယခုအကြမ်းဖက်မှုကို အကောင်အထည် ဖော်ခဲ့ခြင်းဟုလည်း အိုင်အက်စ်တို့က ဆိုသည်။

Reina နိုက်ကလပ် တိုက်ခိုက်ခံရမှုတွင် အစ္စရေး၊ ပြင်သစ်၊ တူနီးရှား၊ လက်ဘနွန်၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဂျော်ဒန်နှင့် ဆော်ဒီအာရေးဘီးယား နိုင်ငံသားများပါ သေဆုံးခဲ့ပြီး လူပေါင်းများစွာ ထိခိုက် ဒဏ်ရာရခဲ့ကြသည်။

Ref: Reuters


Sources: 7Day News Journal


No comments:

Post a Comment