Latest News

Thursday, January 12, 2017

ရဲမှူး ၁၀ ဦးကို ဒုတိယရဲမှူးကြီးအဖြစ် ရာထူးတိုးမြှင့်

ရဲမှူး ၁၀ ဦးကို ဒုတိယရဲမှူးကြီးအဖြစ် ရာထူးတိုးမြှင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူး ၁၀ ဦးကို ပြည်ထဲရေး ဝန်ကြီးဌာနက ဒုတိယရဲမှူးကြီး ရာထူးအဆင့်သို့ ယာယီတိုးမြှင့်ခန့်အပ်ပြီး နေရာပြောင်းရွှေ့ တာဝန်ချထားပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ဇန်နဝါရီလ ၆ ရက်က ထုတ်ပြန်သော အမိန့်၌ ဒုတိယရဲမှူးကြီးအဆင့် ရာထူးတိုးမြှင့်ခံရသော ပဲခူးတိုင်းဒေသကြီး ရဲအကူတပ်ဖွဲ့ခွဲမှ တပ်ခွဲမှူး ရဲမှူးကျော်စိုးမှာ ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး နေရာပြောင်းရွှေ့ တာဝန်ပေးအပ်ခံရပြီး မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသိန်းဦးမှာ အဆိုပါ ယာဉ်ထိန်းရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ခွဲမှူးနေရာ တာဝန် ပြန်လည်ပေးအပ်ခံရသည်။

ယင်းအပြင် အမှတ် (၂၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးနိုင်နိုင်ထွန်းမှာ အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှူး နေရာသို့ လည်းကောင်း၊ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှ  ရဲမှူးကျော်အောင်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ရဲတပ်ဖွဲ့မှူး နေရာသို့ လည်းကောင်း၊ နေပြည်တော် ရဲတပ်ဖွဲ့မှ ဒက္ခိဏခရိုင် ဒုခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းရွှေမှာ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး နေရာသို့ လည်းကောင်း၊ မွန်ပြည်နယ် မော်လမြိုင်ခရိုင် ဒုခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဝင်းကို စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ရဲတပ်ဖွဲ့မှူး နေရာသို့ လည်းကောင်း  ဒုတိယရဲမှူးကြီးအဆင့် ရာထူးတိုးမြှင့်ပြီး ပြောင်းရွှေ့ တာဝန်ချထားပေးခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးရွှေဝင်းကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ရဲတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း၊ ရှမ်းပြည်နယ် လားရှိုးခရိုင် ဒုခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဝင်းမြင့်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် မှတ်တမ်းဌာနခွဲ အင်အား မှတ်တမ်းဌာန ဒုတိယညွှန်ကြားရေးမှူး အဖြစ် လည်းကောင်း၊ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ရဲတပ်ဖွဲ့မှ ဒုခရိုင်မှူး ရဲမှူးကျော်ထွန်းကို မကွေးခရိုင် ရဲတပ်ဖွဲ့မှူးအဖြစ် လည်းကောင်း ဒုတိယရဲမှူးကြီး အဆင့်တိုးမြှင့်ပြီး နေရာပြောင်းရွှေ့ တာဝန်ချထားပေးခဲ့သည်။

Sources; The Voice

No comments:

Post a Comment