Latest News

Monday, January 9, 2017

ဥရောပမှာ အအေးလွန်ကဲမှုကြောင့် သေဆုံးသူ ၂၀ အထိရှိလာ

ဥရောပမှာ အအေးလွန်ကဲမှုကြောင့် သေဆုံးသူ ၂၀ အထိရှိလာ

ရုရှားနိုင်ငံရဲ့ နေရာဒေသအချို့မှာ ရေခဲမှတ်အောက် အနုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ အေးခဲနေပါတယ်။
     
ဥရောပဒေသ အများအပြားမှာ ဆောင်းရာသီ အအေးလွန်ကဲမှုကြောင့် သေဆုံးသူအရေအတွက် ၂၀ အထိ မြင့်တက်လာကြောင်း သိရပါတယ်။ ပိုလန်နိုင်ငံမှာ အအေးဒဏ်ကြောင့် တနင်္ဂနွေနေ့ (ဇန်နဝါရီ ၈ ရက်) က လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ တူရကီနဲ့ဘူလ်ဂေးရီးယား နယ်စပ်အနီးမှာ ရွှေ့ပြောင်းခိုလှုသူ အီရတ် ၂ ဦးနဲ့ ဆိုမာလီတစ်ဦးတို့ အအေးဒဏ်ကြောင့် သေဆုံးနေတာ တွေ့ခဲ့ရပါတယ်။

အေးခဲနေတဲ့ ဥရောပတစ်ခွင်

ထို့အတူ အီတလီ၊ ချက်ရီပတ်ဘလစ်နဲ့ ယူကရိန်းတို့မှာလည်း အအေးလွန်ကဲမှုကြောင့် သေဆုံးမှုတွေ ရှိခဲ့ပါတယ်။ အအေးလွန်ကဲပြီး ဆီးနှင်းများ ထူထပ်စွာကျရောက်ကာ ရာသီဥတုဆိုးရွားနေတာကြောင့် ဥရောပမှာ ဒါဇင်နဲ့ချီတဲ့ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရပါတယ်။

တူရကီနိုင်ငံရှိ နှင်းမုန်တိုင်းကျခဲ့ပြီးနောက် ဘော့စ်ဖိုရပ်စ်ရေလက်ကြားမှာ သင်္ဘောများသွားလာခြင်း ပိတ်ပင်ထားပါတယ်။ ဂရိနိုင်ငံရှိ ကျွန်းများမှာလည်း နှင်းများဖုံးလွှမ်းနေကြောင်း သိရပါတယ်။ ဆာဘီးယားမှာ မြစ်အတွင်း ရေယာဉ်သွားလာမှုအားလုံး ရပ်ဆိုင်းထားပါတယ်။

ရုရှားနိုင်ငံရဲ့ နေရာဒေသအချို့မှာ ရေခဲမှတ်အောက် အနုတ် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ အေးခဲနေကြောင်းလည်း သိရပါတယ်။ ဂရိနိုင်ငံမှာလည်း အပူချိန်ဟာ အနုတ် ၁၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနေပြီး အအေးလွန်ကဲနေပါတယ်။ အေသင်မြို့ အပူချိန်ဟာ ရေခဲမှတ်အထက်ကို ရောက်ရှိမလာဘဲ ဂရိကျွန်းအများအပြားဟာ ဆီးနှင်းများ ဖုံးလွှမ်းလျက်ရှိပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့မှာ အော်သိုဒေါ့ဇ်ခရစ္စမတ်နေ့ဖြစ်တဲ့ ဇန်နဝါရီ ၇ ရက်မှာ နှစ်ပေါင်း ၁၂၀ အတွင်း အအေးဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မော်စကိုမြို့မှာ လေကြောင်းခရီးစဉ် ဒါဇင်နဲ့ချီပြီး ဖျက်သိမ်းခဲ့ရကာ ဒေသအချို့မှာ ကျောင်းများပိတ်ထားရပါတယ်။ အာဏာပိုင်တွေက လာမယ့်ရက်များအတွင်း အအေးဓာတ် လျော့ကျလာမယ်လိုက ခန့်မှန်ထားကြောင်း ပြောပါတယ်။

Source & Photo: Daily Mail, BBC, AFP,Duwun

No comments:

Post a Comment