Latest News

Monday, January 9, 2017

ဖလော်ရီဒါလေဆိပ်တွင် သေနတ်သမား၏ ပစ်ခတ်မှုအား ရိုက်ကူးထားသည့်ဗီဒီယို ထွက်ပေါ်လာ

ဖလော်ရီဒါလေဆိပ်တွင် သေနတ်သမား၏ ပစ်ခတ်မှုအား ရိုက်ကူးထားသည့်ဗီဒီယို ထွက်ပေါ်လာ



ဖလော်ရီဒါပြည်နယ်ရှိ ဖို့တ်လောင်ဒါ ဒေးလေဆိပ်တွင် လူငါးဦးသေဆုံးစေခဲ့ပြီး ခြောက်ဦးဒဏ်ရာရစေခဲ့သည့် သေနတ်သမား၏ ပစ်ခတ်မှု ပြုလုပ်ရသည့် စေ့ဆော်မှုအား ဖော်ထုတ်နိုင်ရန် တာဝန်ရှိသူများက ကြိုးပမ်းနေစဉ် ယင်းလေဆိပ်တွင် သေနတ်သမား၏ ပစ်ခတ်မှုအခိုက်အတန့်အား မှတ်တမ်း တင်လိုက်နိုင်သည့် ဗီဒီယိုအပိုင်းတစ်ခုသည် ဇန်န၀ါရီ ၈ ရက်တွင် ထွက်ပေါ်ခဲ့သည်။

အီရတ်စစ်ပြန်တစ်ဦးဖြစ်သော အက်စ်တီဘန်ဆန်တီယာဂိုသည် ဇန်န၀ါရီ ၆ ရက်တွင် ဖို့တ်လောင်ဒါဒေးလေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး ၎င်း၏ ခရီးဆောင်အိတ်ထဲတွင် ထည့်လာသည်ဟု လုံခြုံရေးစစ်ဆေးသည့် နေရာ၌ ကြေညာခဲ့သော ၉-မမ ပစ္စတိုအား ပြန်လည်ထုတ်ယူပြီးနောက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

TMZ ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်ခဲ့သော ယင်းဗီဒီယို၌ မုတ်ဆိတ်မွေးရှိပြီး တီရှပ်အပြာရောင်ဝတ်ထားသော ဆန်တီယာဂိုသည် ခရီးဆောင်အိတ်များ ပြန်လည်ရွေးယူသည့်နေရာသို့ တည်ငြိမ်စွာ လမ်းလျှောက်သွားမှုအား မှတ်တမ်းတင်ထားသည်။ ခရီးသည်အချို့အား ကျော်ဖြတ်ခဲ့ပြီးနောက် ၎င်းသည် ခါးစည်းထဲမှသေနတ်အား အေးဆေးစွာထုတ်ယူပြီး ပစ်ခတ်ခဲ့ပြီးနောက် မြင်ကွင်းမှ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ အံ့အားသင့်ဖွယ် ရှုပ်ထွေးမှု အခိုက်အတန့်ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီးတစ်ဦးက ခရီးဆောင်အိတ်တင်သည့် လှည်းနောက်တွင် ပုန်းနေခဲ့ရပြီး အခြားလူများကလည်း အလျင်အမြန် အကာအကွယ်ယူခဲ့ရကြောင်း သိရသည်။

ယင်းဗီဒီယိုအပိုင်းအား မည်သည့်နေရာမှ ရရှိခဲ့ကြောင်း TMZ က မပြောကြားခဲ့ဘဲ စက္ကန့် ၂၀ သာကြာမြင့်သော ယင်းဗီဒီယိုအပိုင်းတွင် ပစ်ခတ်မှု စတင်ဖြစ်ပွားချိန်အား မှတ်တမ်းတင်မှု ပါဝင်ခဲ့သည်။ ပုံမှန်မဟုတ်ဘဲ စိတ်အပြောင်းအလဲမြန်သည့် အပြုအမူများ ယခင်က ပြသခဲ့ဖူးသည့် ဆန်တီယာဂိုသည် ကျည်ဆန်ကုန်သည်အထိ ဆက်လက်ပစ်ခတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယင်းနောက် ၎င်းသည် သေနတ်အား ပစ်ချကာ မြေပြင်ပေါ်ဝပ်ခဲ့ကြောင်း၊ တာဝန်ရှိသူများက ၎င်းအား အလျင်အမြန်ပင် ထိန်းသိမ်းခဲ့ကြောင်း အက်ဖ်ဘီအိုင်အေး ဂျင့်မိုက်ကယ်ဖာလက်ဇိုက ပြောခဲ့သည်။

အလက်စကာမှနေ၍ အသွားတစ် ကြောင်းလက်မှတ်သာ ၀ယ်ထားခဲ့သော အသက် ၂၆ နှစ်ရှိ ဆန်တီယာဂိုက ကြိုတင်စီစဉ်ထားသည်ဟု ၀န်ခံခဲ့သော ယင်းတိုက်ခိုက်မှုအတွင်း ကျည်ဆန် ၁၀ တောင့်မှ ၁၅ တောင့် နီးပါး ပစ်ခတ်ခဲ့ပြီး ခေါင်းကိုချိန်ရွယ်ပြီး စနစ်ကျကျ ပစ်ခတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများအား ပြောကြားခဲ့သည်။

အမေရိကန် တရားရေးဝန်ကြီးဌာနက ဇန်န၀ါရီ ၇ ရက်တွင် ၎င်းအား လက်နက်ကိုင်ဆောင်မှု၊ လေဆိပ်၌ အကြမ်းဖက်လုပ်ရပ် ကျူးလွန်မှု စသည့်စွဲချက်များ စွဲဆိုခဲ့ပြီး ပြစ်မှုထင်ရှားပါက သေဒဏ် သို့မဟုတ် ထောင်ဒဏ် တစ်သက်ချမှတ်ခံရနိုင်သည်။ ၎င်းအား ဇန်န၀ါရီ ၉ ရက်တွင် ရုံးတင်စစ်ဆေးရန် စီစဉ်ထားသည်။

Sources ; AFP/Eleven Media Group

No comments:

Post a Comment