Latest News

Friday, January 13, 2017

အမေရိကန် ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုကို ပူးပေါင်းတုံ့ပြန်ရန် တရုတ်နှင့်ရုရှား သဘောတူ

အမေရိကန် ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုကို ပူးပေါင်းတုံ့ပြန်ရန် တရုတ်နှင့်ရုရှား သဘောတူ


တောင်ကိုရီးယားတွင် အမေရိကန်၏ ဒုံးခွင်းဒုံး ဖြန့်ကျက်မည့် အစီအစဉ်ကို ပူးပေါင်းတုံ့ပြန်ရန် တရုတ်နှင့် ရုရှားတို့ ဆွေးနွေး သဘောတူညီခဲ့ကြောင်း သိရသည်။

တရုတ် အစိုးရပိုင် Xinhua သတင်းဌာနက တောင်ကိုရီးယားတွင် အမေရိကန်က အမြင့်ပျံ ဒုံးကျည်နှင့် လေယာဉ်များကို ပစ်ချနိုင်သည့် THAAD ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်ရန် စီစဉ်နေခြင်းနှင့် ပတ်သက်ပြီး ရုရှားနှင့် တရုတ်တို့၏ လုံခြုံရေးကို မြှင့်တင် ကာကွယ်ရန် ဆွေးနွေးမှုများ အထမြောက်ခဲ့ကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် ကြေညာခဲ့သည်။ သို့သော် အသေးစိတ် အချက်များကို ထုတ်ပြန်ခဲ့မှု မရှိချေ။

“ဒီပူးပေါင်း ဆောင်ရွက်မှုဟာ ရုရှားနဲ့ တရုတ်ရဲ့ လုံခြုံရေးကို စောင့်ရှောက်ဖို့၊ ဒေသတွင်း မဟာဗျူဟာ ဘက်ညီမှုကို ထိန်းညှိဖို့ ဖြစ်ပါတယ်”ဟု Xinhuaက တရုတ်-ရုရှား လုံခြုံရေး ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကား ဖော်ပြခဲ့သည်။

အမေရိကန်သည် မြောက်ကိုရီးယား၏ ဒုံးကျည်ခြိမ်းခြောက်မှုကို တန်ပြန်ရန်အတွက် တောင်ကိုရီးယား အစိုးရ၏ တောင်းဆိုမှုကို လက်ခံပြီး THAAD ဒုံးခွင်းဒုံး စနစ်ကို ဖြန့်ကျက်ရန် ပြင်ဆင်လျက် ရှိသည်။ သို့သော် အဆိုပါ လုပ်ရပ်သည် ဒေသတွင်း ပြိုင်ဘက်များဖြစ်သည့် ရုရှားနှင့် တရုတ်တို့ကိုပါ ခြိမ်းခြောက်သည့် သဘောမျိုး သက်ရောက်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်ရေး စတင်ဆွေးနွေးပြီး မကြာမီတွင်ပင် ပြီးခဲ့သည့် မေလက တရုတ်နှင့် ရုရှားတို့ ပူးပေါင်းပြီး ဒုံးကျည်ကာကွယ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့သေးသည်။

THAAD စနစ်ကို ယခုအခါ တောင်ကိုရီးယားရှိ ပင်လယ်ကွေ့ တစ်ခုတွင် ဖြန့်ကျက် နေရာချရန် ပြင်ဆင်နေပြီး ရုရှားရော၊ တရုတ်ကပါ ယင်းကိစ္စကို မလိုလားကြောင်း အတိအလင်း ကြေညာထားသည်။ ထို့အပြင် နှစ်နိုင်ငံ ပူးပေါင်းပြီး ဒုတိယအကြိမ် ဒုံးကျည်ကာကွယ်သည့် စစ်ရေးလေ့ကျင့်မှုတစ်ခု ထပ်မံပြုလုပ်ရန် ရည်ရွယ်ကြောင်းလည်း ဆိုသည်။

ဇန်နဝါရီ ၁၂ ရက်တွင်မူ တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီးဌာနက အကယ်၍ တရုတ်က အမေရိကန်၏ ဒုံးခွင်းဒုံးစနစ် ဖြန့်ကျက်မှုကို ရန်လိုသည့် သဘောမျိုးဖြင့် တုံ့ပြန်ခြင်းမျိုး ပြုလုပ်ပါက မိမိတို့ဘက်မှ လိုအပ်သလို အရေးယူရန် စီစဉ်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

Ref: Xinhua



Sources; 7Day News Journal

No comments:

Post a Comment