Latest News

Thursday, January 19, 2017

အကျဉ်းထောင်တွေကတော့ မရွေ့သေးပါ - လက်စောင်းထက်

အကျဉ်းထောင်တွေကတော့ မရွေ့သေးပါ - လက်စောင်းထက်

မြန်မာနိုင်ငံတွင် လက်ခံနိုင်သည့် လူဦးရေအချိုးအစားထက် ပိုမိုများပြားနေသည်မှာ အကျဉ်းထောင်နှင့် အချုပ်ထောင်များဖြစ်သည်။ တစ်နိုင်ငံလုံး၌ အကျဉ်းထောင်ပေါင်း ၄၆ ထောင် ရှိသည်ဟု မှတ်သားခဲ့ဖူးပါသည်။ ထောင်အားလုံးရှိ လက်ခံနိုင်သည့် အကျဉ်းသားဦးရေမှာ ၄၄၀၀၀ သာ ရှိသော်လည်း လက်ရှိ ထိန်းသိမ်းထားရသည့် အကျဉ်းသားစုစုပေါင်းမှာ ၇၀၀၀၀ ကျော်လျက်ရှိသည်။  ထိုအကျဉ်းထောင်များ အားလုံးနီးပါးကို မြန်မာနိုင်ငံအား သိမ်းပိုက်စိုးမိုးအုပ်ချုပ်ခဲ့သော အင်္ဂလိပ်အစိုးရ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လူဦးရေ ပမာဏအလိုက် (က) အဆင့်၊ (ခ) အဆင့်၊ (ဂ)အဆင့်ဟူ၍ သုံးမျိုးသုံးစား ခွဲခြားထားသည်။ (က)အဆင့် ထောင်များသည် အကျဉ်းသားဦးရေ ၁၀၀၀ အထက် ထိန်းသိမ်းထားသော ထောင်များဖြစ်ပြီး (ခ) အဆင့်တွင် အကျဉ်းသား ၅၀၀၊ (ဂ)အဆင့်တွင် အကျဉ်းသား ၂၀၀ ကိုထားရှိနိုင်သည်။  မြန်မာနိုင်ငံတွင် သာမက အရှေ့တောင်အာရှတွင်ပါ အကြီးမားဆုံးထောင်အဖြစ် အသိအမှတ်ပြုထားသောထောင်မှာ အင်းစိန် ဗဟိုစံပြအကျဉ်းထောင် ဖြစ်သည်။

အင်းစိန်အကျဉ်းထောင်သည် အင်းစိန်မြို့နယ်၌ တည်ရှိပြီး ၆၈ ဧက ကျယ်ဝန်းသည်။ အင်းစိန်အကျဉ်းထောင် အုတ်ရိုးမှာ ပေ ၂၀ မြင့်ပြီး အုတ်ရိုးနှစ်ထပ်ဖြင့် တည်ဆောက်ထားသည်။ အုတ်ရိုးပေါ်တွင် ဂတ်ကင်းများ ထားရှိထားသည်။ အုတ်ရိုးကျော်တက်၍ အကျဉ်းသားများ ထွက်မပြေးစေရန် ညဘက်တွင် အုတ်ရိုး နှစ်ထပ်ကြားသို့ စစ်ခွေးများကို လွှတ်ထားသည်။ အင်းစိန်ဗဟို အကျဉ်းထောင်သည် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီး အလုံခြုံဆုံးနှင့် အကြီးဆုံးဖြစ်သည်။ ထောင်အတွင်း အဆောက်အအုံများကို နာရီလက်တံအတိုင်း တည်ဆောက်ထားပြီး ထောင်အလယ်တည့်တည့်၌ ဗဟိုကင်းမျှော်စင် (Main Jail)ကို တည်ဆောက်ထားသည်။ ထောင်တွင်း အဆောက်အအုံများတွင် ဆေးရုံ၊ အချုပ်ဆောင်နှစ်ဆောင်၊ အကျဆောင် သုံးဆောင်၊ ဖိုကြီး၊ တိုက်ဝင်း၊ အမျိုးသမီးဆောင်၊ အလုပ်ကြီးဝင်းဟူ၍ ပါဝင်ဖွဲ့စည်းထားသည်။ ကြိုးစင်မှာ သီးခြားတည်ရှိသည်။ အင်းစိန် အကျဉ်းထောင်မှာ ယခင်က လူဦးရေ ၅၀၀၀ ခန့်သာ ထားရှိသော်လည်း န၀တခေတ်တွင် အကျဉ်းသား ၁၀၀၀၀ ကျော်အထိ ထိန်းသိမ်းထားခဲ့သည်။ ထိုစဉ်က အချုပ်ဆောင်များဖြစ်သည့် (၁) ဆောင်၊ (၂) ဆောင်တို့မှာ နှစ်ထပ်ဆောင်များဖြစ်ပြီး ကျဆောင်များမှာ ၈၈ အရေးအခင်းတွင် မီးလောင်ခဲ့ပြီး တစ်ထပ်ဆောင်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် လူ ၁၅၀၀ ခန့် ထားနိုင်သော အဆောင်များမှာ လူ ၈၀၀ ခန့်သာ ထိန်းသိမ်းနိုင်ခဲ့သည်။ အကျဉ်းထောင်၌ ထောင်ကျသူဦးရေ များပြားလာသော်လည်း လက်ခံနိုင်သည့် အဆောက်အအုံများမှာ ပိုမိုလျော့ပါးလာခဲ့သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသောအခါ အချုပ်ဆောင်များဖြစ်သည့် နှစ်ထပ်ဆောင် (၁) နှင့် (၂) မှာ အကျဉ်း သားများမီးရှို့မှုကြောင့် မီးလောင်ပျက်စီးသွားခဲ့ရပြန်ပါသည်။ ထို့ကြောင့် လက်ရှိအခြေအနေတွင် ဆေးရုံမှလွဲ၍ နှစ်ထပ်ဆောင်များ အင်းစိန်ထောင်အတွင်း၌ မရှိတော့ပေ။

ထိုသို့ဖြစ်လာသည့်အတွက် အင်းစိန်ထောင်အတွင်း၌ အကျဉ်းသားများကို ကျပ်ကျပ်တည်းတည်း ထားရသည်။ အင်းစိန်ထောင် အတွင်းရှိ အိပ်ဆောင်အခန်း တစ်ခန်းလျှင် ယခုအချိန်၌ အကျဉ်းသား ၁၅၀ ခန့်အိပ်ရသည်။ ပေ ၅၀ x ပေ ၃၀ ရှိသောအခန်းတွင် အကျဉ်းသားများ ပူးကပ်အိပ်ရသည့်အတွက် မည်သူမှ ပက်လက်အိပ်၍ မရပေ။ အားလုံး ကိုယ်တစောင်း စောင်း၍အိပ်ကြရသည်။ ထိုသို့ အိပ်ရာတွင် တန်းစီး (အကျဉ်းသား အရာရှိ) ဆိုသူများက ရှေ့ ဖင်၊ နောက်.....တစ်ဖြောင့် တည်းဟူ၍ အော်ပြီး အိပ်ခိုင်းသည်။ အကျဉ်းသားများကလည်း တန်းစီးကို ကြောက်ရသည့်အတွက် ခိုင်းသည့်အတိုင်း အိပ်ကြရသည်။ ကျဉ်းမြောင်းသောနေရာတွင် လူမတန်တဆ ရှိနေသည့်အတွက် အရေပြားရောဂါများ ကူးစက်ကြသည်။ ယားနာ၊ ၀ဲ၊ ပွေး၊ ဒက် စသည့်ဖြင့် လူတိုင်းဖြစ်ကြသည်။ သို့သော် ထောင်က ပိုးသတ်ဆေးကို အလုံအလောက်မပေးနိုင်။ တခြား ကူးစက်ရောဂါများဖြစ်သည့် HIV၊ အသည်း ဘီပိုး၊ စီပိုး ရောဂါများလည်း အဖြစ်များသည်။ အဆုတ်ရောဂါများလည်း အဖြစ်များသည်။ ထိုအခြေအနေကို ပပျောက်စေရန် ထောင်ဆေးရုံကလည်း မတတ်စွမ်းနိုင်ပေ။

ထိုသို့ အကျဉ်းထောင်အတွင်း၌ အကျဉ်းသားများ မတန်တဆရှိနေချိန်တွင် တရားရုံးများနှင့် တရားသူကြီးများကလည်း ထောင်အခြေအနေကို မတွက်ဆပဲ ရက်ပိုင်းထောင်ဒဏ်များကို ပေါပေါလောလော စီရင်လျက်ရှိသည်။ ဥပမာအားဖြင့် ရန်ကုန် ရဲအက် ၄၁ အရ သေးမွှားသော ပြဿနာအမျိုးမျိုး ဖြစ်လာခဲ့သည့် သူများကို ယခင်က ငွေဒဏ်ကိုသာ ချမှတ်လေ့ရှိသည်။ ငွေဒဏ်မဆောင်နိုင်မှသာလျှင် ထောင်ဒဏ် ခုနစ်ရက် ကျခံရလေ့ရှိသည်။ သို့သော် လက်ရှိအခြေအနေတွင် ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်၍ ရဲက ဖမ်းဆီးခြင်းခံရပြီး ပုဒ်မ ၄၁ အရ တရားရုံးရောက်သည့် တရားခံအားလုံးကို ငွေဒဏ်မချမှတ်ဘဲ ထောင်ဒဏ်များကိုသာ ချမှတ်နေသည်။ ထို့ကြောင့် နေ့စဉ်လိုလို ရက်ပိုင်းမျှကျသော အကျဉ်းသားများမှာ အင်းစိန်ထောင်သို့ အလုံးအရင်းဖြင့် ရောက်ရှိလာကြသည်။ ထိုအခါ ထောင်အာဏာပိုင်များက ထောင်တွင်းတွင် ဖြစ်သလို နေရာချထားရတော့သည်။ အချို့ အခန်းများတွင် လူမဆံ့တော့သည့်အတွက် ယာယီအိပ်ဟူသော ဝေါဟာရအသစ်ဖြင့် အကျဉ်းသားတချို့၏ စာရင်းကို ကောက်ယူကာ အသုံးမပြုတော့သည့် အဆောက် အအုံဟောင်းများနေရာတွင် အိပ်ရန်စီစဉ်ပေးရသည်။ အင်းစိန်ထောင်ရှိ အိပ်ဆောင်အခန်း တစ်ခန်းသည် လူ ၇၀ ခန့် ထားရှိမှသာ ကျန်းမာရေးနှင့် ညီညွတ်နိုင်မည်ဖြစ်သည်။ သို့သော် ယခုအခါ နှစ်ဆကျော် လူ ၁၅၀ ခန့် ပြွတ်သိပ်ထိုးကြိတ် အိပ်ရသည့်အတွက် အကျဉ်းသားများမှာ ညစဉ် စိတ်ဆင်းရဲနေကြရသည်။ နွေရာသီဆိုလျှင် တွေးပင်မတွေးရဲတော့ပေ။

အကျဉ်းသားများသည်လည်း ကုသိုလ်ကံ အကြောင်းတရားကြောင့် ထောင်တွင်းသို့ရောက်ရှိလာရသော်လည်း စင်စစ် လူသားများပင်ဖြစ်သည်။ အထူးသဖြင့် ထိုလူသားများသည် လူ့အခွင့်အရေးကို ယခင်အစိုးရထက်ပို၍ တန်ဖိုးထားသည့် NLD အစိုးရ၏ လက်အောက်တွင် ထောင်ကျနေခြင်းဖြစ်သည်။ ထို့ကြောင့် အကျဉ်းသားများအပေါ် ကိုယ်ချင်းစာနာမှုထားရန် အဓိက တာဝန်ရှိသော အကျဉ်းဦးစီးဌာနနှင့် လူ့အခွင့်အရေး ကော်မရှင်မှ လူကြီးမင်းများအနေဖြင့် ယခုအခြေအနေဆိုးကို ပြုပြင်ပြောင်းလဲရန် အလေးအနက် စဉ်းစားပေးသင့်ပါကြောင်း တင်ပြလိုက်ရပါသည်။

Sources: လက်စောင်းထက် ( Tomorrow Journal )

No comments:

Post a Comment