Latest News

Thursday, January 19, 2017

ပြောင်းလဲနေတာလေးတွေ - အောင်မြင်သူ

ပြောင်းလဲနေတာလေးတွေ - အောင်မြင်သူ

“ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး” ဆိုတဲ့ စကားစုလေးဟာ ၁၉၆၉/၇၀ ပြည့်နှစ်ခန့်က ရှမ်း/ မြောက်ဒေသမှာ စစ်ဆင်ရေးဝင်နေတဲ့ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်းတွေကအရာရှိတွေနှုတ်မှာ ရေးပန်းစားတဲ့ စကားစုဖြစ်ပါတယ်။ ရန်သူ ဗကပတွေဟာလည်း အင်နဲ့အားနဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ စားသတိ၊ သွားသတိ၊ အိပ်လည်း သတိနဲ့အိပ်ရတယ်။ လားရှိုးဈေးထဲမှာတောင် တပ်ကအရာရှိကို ပစ္စတိုနဲ့ ကပ်ပစ်လေ့ရှိတဲ့အချိန် ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပြီး ကိုယ့်ဘက်က အမှားအယွင်းရှိမယ်၊ ဆုံးရှုံးမှုများမယ်ဆိုရင် တာဝန်ရှိတဲ့ အရာရှိကို ခုံရုံးဖွဲ့စစ်ဆေးခြင်းခံရပါတယ်။ “ရှေ့မှာရန်သူ၊ နောက်မှာ ခုံရုံး”လို့တောင် ပြောစရာဖြစ်လာပါတယ်။

စစ်ရေးသတိရှိဖို့ဆိုတာ နှုတ်က ပြောနေရုံနဲ့မရဘူး။ တာဝန်ရှိတဲ့ အရာရှိဖြစ်သူက ရဲဘော်များကို ကြပ်မတ်ရပါတယ်။ အမှိုက်ကစ ပြာသာဒ်မီးလောင်ဆိုတဲ့ စကားအတိုင်း အသေးအဖွဲလေးတွေ သတိမထားမိတာနဲ့ ပြဿနာ ကြီးထွားတတ်ပါတယ်။ မြင်းခွာမှာ သံမှိုလေးတွေ တစ်ချောင်းပြုတ်နေတာ သတိမထားမိတဲ့အတွက် စစ်ပွဲကြီးတစ်ခုလုံး ဆုံးရှုံးခဲ့တာမျိုး ရှိခဲ့ဖူးပါတယ်။ အရေးကြီး စစ်သတင်း ယူဆောင်လာတဲ့ မြင်းစီးဆက်သားဟာ လမ်းတစ်ဝက်မှာ မြင်းက သံခွာပြုတ်ပြီး ခရီးမဆက်နိုင်ဖြစ်သွားပါတယ်။ ရှေးကတော့ ခြေမြန်တော် မြင်းစီးဆက်သားကိုပဲ အားကိုးရတယ်။ ဒီနေ့ IT ခေတ်မှာတော့ လက်ကိုင်ဖုန်းလေး တစ်လုံးနဲ့ စက္ကန့်ပိုင်းအတွင်း ကမ္ဘာအနှံ့ရောက်ပါတယ်။

တယ်လီဗေးရှင်း၊ ရေဒီယို၊ သတင်းစာ ဂျာနယ်တွေမှာပါတဲ့ သတင်းတွေက သတင်းထောက်တွေဆီကရတဲ့ သတင်းဖြစ်ပြီး တယ်လီဖုန်း၊ ဖေ့စ်ဘွတ်ခ်ပေါ်ကရတဲ့သတင်းက ပြည်သူတွေဆီက တိုက်ရိုက်ရတဲ့ သတင်းဖြစ်ပါတယ်။ ပြည်သူတွေအတွင်းမှာ ဖြစ်ပျက်ခံစားနေရမှုကို တာဝန်ရှိသူများ သိနိုင်ပါတယ်။ ပုဂိ္ဂုလ်ရေးတိုက်ခိုက်မှုနဲ့ မဟုတ်မမှန်သတင်းများအတွက် ပုဒ်မ ၆၆(ဃ)နဲ့ ထိန်းထားပြီးဖြစ်ပါတယ်။ ဘူးသီးတောင်၊ မောင်တောကိစ္စ နိုင်ငံတကာမှ စိတ်ဝင်စားနေချိန်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ကိစ္စဟာ သာမန်သဘောရိုးဖြင့် တင်ခြင်း (သို့မဟုတ်) နောက်ကွယ်မှာ တစ်စုံတစ်ရာ ဆက်စပ်မှု ရှိ/မရှိ စိစစ်ဖို့လိုအပ်မယ်လို့ ယူဆမိပါတယ်။

ရန်ကုန်ဆေးရုံကြီး
သတင်းစာ၊ ဂျာနယ်ဖတ်တဲ့ ဌာနဆိုင်ရာ ၀န်ထမ်းတွေကတော့ သူတို့ဌာနနဲ့ဆိုင်တဲ့ ထောက်ပြဝေဖန်မှုတွေ ဂျာနယ်မှာပါလာရင် အရေးတယူပြုပြင်လေ့ရှိတာ တွေ့ရပါတယ်။ စာရေးသူတွေဟာ ဘက်စုံကျွမ်းကျင်သူတွေ မဟုတ်၊ အမှားအယွင်းရှိနိုင်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဆရာမာဂျေရေးတဲ့ “ခွေးရုံကြီး”ဆိုတဲ့ ဆောင်းပါး ဖတ်လိုက်ရပါတယ်။ စာဖတ်သူတွေရဲ့ စိတ်ထဲမှာ ရန်ကုန်ဆေးရုံကြီးကို ပြေးမြင်မိပါတယ်။ ငါးရာတန်လေး တစ်ရွက် ကိုင်မသွားရင် ဆေးရုံထဲဝင်ဖို့မလွယ်ဘူး။ နေရာတိုင်းမှာ ကွမ်းတံတွေးစီးကြောင်းတွေနဲ့ ဖြစ်ပါတယ်။ ဆောင်းပါးပါပြီး သုံးရက်မြောက်မှာတော့ ဆေးရုံအုပ်ကြီးကိုယ်တိုင် ကြပ်မတ်ပြီး သန့်ရှင်းရေး ဆောင်ရွက်တာ တွေ့ရတယ်။ လူမှုရေးအသင်းတွေလည်း မကြာခဏလုပ်ဆောင်ပေးတာ တွေ့လာရပါတယ်။

၂၉.၁၂.၂၀၁၆ ကရင်နှစ်သစ်ကူးနေ့ မနက်အိပ်ရာထချိန်မှာ ချာချာလည်ပြီး မူးသွားတယ်။ အိပ်ရာမထနိုင်ဘူး။ လှဲနေရတယ်။ တူမ ဆရာဝန်လာစစ်ဆေးပြီး ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာဌာနကိုသွားဖို့ လမ်းညွှန်ပါတယ်။ နှစ်ဆန်းတစ်ရက်နေ့လည်းဖြစ်၊ တနင်္ဂနွေနေ့လည်းဖြစ်တဲ့ နှစ်ထပ်ကွမ်း ရုံးပိတ်ရက်စောစောမှာ သွားပါတယ်။ မစည်ကားအပ်တဲ့အရပ်ဖြစ်တဲ့ ဆေးရုံကြီးမှာ ရုံးပိတ်ရက်ဖြစ်ပေမယ့် စည်ကားနေပါတယ်။ မှတ်ပုံတင် စာရွက်ပြုလုပ်ပြီး ပြင်ပလူနာပြသနေတဲ့ အခန်းထဲရောက်တော့ ခုတင်အလုံး ၂၀ လောက် ရှိပါတယ်။ ၁၀ လုံး ပေါ်မှာတော့ လူနာတွေ ရှိနေပါတယ်။ ခုတင်တစ်လုံးပေါ်မှာ သွားလှဲနေလို့ပြောလို့ သွားလှဲနေလိုက်ပါတယ်။ ပေ ၃၀ လောက်ကျယ်တဲ့ ခန်းမအလယ်မှာ ဆရာဝန်မကြီးက မတ်တတ်၊ သူ့ပတ်လည်မှာ စားပွဲလေးတွေဝိုင်းပြီး လူနာတွေတင်ထားတဲ့ စာရွက်တွေနဲ့၊ ကိုရီးယားဇာတ်လမ်းတွဲထဲကလို ၀တ်စုံအပြာနုရောင်လေးတွေနဲ့ ချောချောလှလှ ဆရာဝန်မလေးတွေနဲ့ ဆရာဝန် လေးတွေက လေးငါးယောက်၊ တစ်ယောက်မှ နားနေတာမတွေ့ရဘူး။ အားလုံးလှုပ်ရှားနေကြတယ်။ တစ်ခုသတိထားမိတာက ဒီအခန်း လေးထဲမှာပဲ ဆရာဝန်မလေးတွေ (အမျိုးသားဆရာဝန်လေးတွေကို သတိမထားမိတာခွင့်လွှတ်ပါ) လှုပ်ရှားသွားလာနေတာ မပြေးရုံတမည်ပဲ ရှိပါတယ်။ သွက်သွက်လက်လက်၊ စက်ရုပ်ကလေးတွေလိုပဲ၊ တစ်ယောက်မှ နားနေတာ မတွေ့ရဘူး။ ကိုယ်က အရင်ရောက်လာပေမယ့် ကိုယ့်ထက် အခြေအနေဆိုးသူ၊ အထမ်းနဲ့ဝင်လာသူတွေကို ဦးစားပေးပြုစုနေကြတယ်။

“ကျွန်မသား လူလိမ္မာလေးပါ၊ လခထုတ်ပြီး အမေ့ကိုပိုက်ဆံပေးဖို့ အိမ်ပြန်လာတဲ့ သားလေးကို လမ်းမှာရိုက်ပြီး ငွေရော တယ်လီဖုန်းပါယူသွားတယ်။ ပစ္စည်းလိုရင် ပစ္စည်းပဲယူတာမဟုတ်ဘူး။ လူပါ ရိုက်သွားတယ်”ဆိုပြီး ငိုယိုဝင်လာသူတွေကို ဦးစားပေးနေရပါတယ်။ နာရီဝက်ခန့် အကြာမှာတော့ ကျွန်တော့်ကို သွေးလာဖောက်ပါတယ်။ ပြီးတော့ ECG လာရိုက်တယ်။ ဆီးသွားစစ်ခိုင်းတယ်။ တစ်နာရီလောက်အကြာမှာ အဆုတ်ဓာတ် မှန်ရိုက်ဖို့ ဦးနှောက်စကင်ရိုက်ဖို့ တွန်းလှည်းလေးနဲ့ လာခေါ်တယ်။ လှည်းတွန်းတဲ့ ကလေးကလည်း လူနာကို ဂရုတစိုက်၊ ဓာတ်မှန်ခန်းထဲမှာလည်း ရည်ရည်မွန်မွန်ဆက် ဆံမှုတွေတွေ့ရပါတယ်။ ဆေးရုံကြီးဟာ တကယ်ပြောင်းလဲနေပါပြီ။ အခကြေးငွေပေးရတဲ့ ပြင်ပဆေးရုံ၊ ဆေးခန်းမှာသွားပြရတာထက် အများကြီး စိတ်ချမ်းသာရပါတယ်။

MSc တက်နေတဲ့ တူနဲ့တူမ ဆရာဝန်ကို ပြောပြတော့ သူတို့လည်း ပြင်ပလူနာဌာနမှာ ၂၄ နာရီ တာဝန်ကျချိန်မှာ နားချိန်မပြောနဲ့ စားချိန်၊ အိပ်ချိန်တောင် မရှိကြောင်း၊ တစ်နေ့ လူနာနှစ်ရာကျော် ရောက်ကြောင်း၊ ဆရာဝန် ဆရာမများ ပြောင်းလဲသလို လူနာရှင်များလည်း ပြောင်းလဲဖို့လိုအပ်သေးကြောင်း ပြောပြပါတယ်။ ဆေးရုံကြီးမှာရှိတဲ့ စတီးခုံအချို့ ပျက်စီးနေတာ တွေ့ခဲ့ရပါတယ်။ ဆေးရုံရဲ့ ဖွဲ့စည်းပုံတော့မသိဘူး။ ဆေးရုံကြီးကို ထိန်းသိမ်းဖို့ ပစ္စည်းတွေ ပြုပြင်စောင့်ရှောက်ဖို့ ဆရာဝန်/သူနာပြု ဆရာမကြီးတွေကို လွှဲမထားဘဲ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ဖို့ အုပ်ချုပ်ရေးအဖွဲ့ သီးသန့်ဖွဲ့စည်းထားဖို့ လိုအပ်တယ်လို့ အကြံပြုလိုပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ဆရာမာဂျေပြောခဲ့တဲ့ ခွေးရုံကြီး ပြောင်းလဲနေပါပြီ။ Tomorrow ဂျာနယ်က ၀န်ထမ်းတွေ ဆေးရုံ၊ ဆေးခန်းပြရင် ဆရာမာဂျေ ငွေကြေးထောက်ပံ့လေ့ရှိတယ်လို့ ပြောပါတယ်။ ကျွန်တော် ငွေလိုလို့ ဆရာမာဂျေကို ဦးတည်ပြီး တိုင်တည်တာ မဟုတ်ပါဘူး။ အပြင်ဆေးခန်းမှာ ပြသစစ်ဆေးရင် ကျပ်လေးငါးသိန်းလောက် ကုန်မှာဖြစ်ပါတယ်။ အခု ကျွန်တော် သွားရောက်စစ်ဆေးခဲ့တာ တစ်ပြားတစ်ချပ်မှ မကုန်ပါဘူး။ ကျွန်တော်တို့လို မတတ်နိုင်တဲ့ ပြည်သူတွေအတွက် ရေးသားရခြင်းဖြစ်ပါတယ်။

စကားပြောကြရအောင်
ဆေးရုံက ပြန်လာပြီး အိမ်ရောက်တာနဲ့ မြန်မာ့ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်နေတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ်နဲ့ တိုင်းရင်းသား လူငယ်တွေစကားဝိုင်း ကြည့်ပါတယ်။ အမေစုကတော့ ကလေးကြီးတွေပြောတာ နားထောင်ပါတယ်။ ကျွန်တော် နားထောင်ရင်း အချို့ကိစ္စတွေ ပြန်ပြောမိပါတယ်။

အဖေနဲ့အမေ မျက်စိရှေ့မှာ အသတ်ခံရတာကို မြင်တွေ့ပြီး ဆွံ့အသွားတယ်ဆိုတဲ့ ကလေးဆိုတာ၊ တရုတ်သိုင်းကားထဲက ကလေးနဲ့ တူပါတယ်။ လူကြီးဖြစ်လာတဲ့အချိန်မှာ သိုင်းသင်ပြီး ပြန်ကလဲ့စားချေတာမျိုးပါ။ ကလေးကြီးတွေက ပြည်တွင်းစစ်မှာ လေယာဉ်ပျံသုံးပြီး မတိုက်သင့်ဘူးဆိုလို့ ဆွေးနွေးတာလည်း ဘာရည်ရွယ်ချက်နဲ့ ဆွေးနွေးတယ်ဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ ရွာတွေမှာ ဗမာစစ်သားတွေ လာပြီဆိုတာတော့ ဟုတ်ပါတယ်။ ကိုယ်တိုင်လည်း ကြုံဖူးပါတယ်။ ရွာမှာ မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အဘိုးကြီး၊ အဘွားကြီးတွေကို စကားပြန်နဲ့မေးကြည့်တော့ “ဗမာစစ်သားတွေက ယောက်ျားတွေဆိုရင် ဖမ်းပြီးပေါ်တာဆွဲတယ်၊ ခိုင်းမရရင် ရိုက်တယ်၊ သတ်တယ်၊ မိန်းကလေးတွေ တွေ့ရင်မုဒိမ်းကျင့်တယ်”လို့ ရန်သူက စည်းရုံးပြောဆိုထားလို့ဖြစ်ကြောင်း သိရပါတယ်။

မျိုးဆက်သစ်လူငယ်တွေက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အခုလို ပြောချင်ကြောင်း ပြောပါတယ်။ သားတို့သမီးတို့ ပြောတာထက်ပိုထိရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားတွေ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ပြောဆိုကြရင် ပိုသင့်တော်မှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

Sources: အောင်မြင်သူ (  Tomorrow Journal )

No comments:

Post a Comment