Latest News

Thursday, January 19, 2017

အရွေ့စပြီ - ဇော်သက်ထွေး

အရွေ့စပြီ - ဇော်သက်ထွေး

၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တွင် နှစ်ပေါင်းများစွာ အခြေတည်ခဲ့သော မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံကြီးကြပ်ထိန်းသိမ်းရေးကော်မတီ(ဗဟို)အား ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YBS)မှ ယာဉ်လိုင်းခရီးစဉ်သစ်များဖြင့် ပြေးဆွဲမည့် အစီအစဉ်ကို ကူညီရန် စေတနာ့ဝန်ထမ်း လုပ်အားပေးမည့် ကျောင်းသားကျောင်းသူများသည် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အမိမြန်မာရုပ်တုရှေ့တွင် လာရောက်စုဝေးခဲ့ကြသည်။ ကျောင်းသား ကျောင်းသူ အများစုမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂမှဖြစ်ပြီး လူမှုရေးပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးသူများလည်း ပါဝင်ခဲ့သည်။

ထိုသို့ ပြည်သူလူထုအများစုက အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်တစ်ရပ်ကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခြင်းသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပသော အထွေထွေရွေးကောက်ပွဲပြီးသည့်နောက် အကြီးမားဆုံး လူထုလှုပ်ရှားမှုတစ်ရပ် ဖြစ်လာသည်။

အစိုးအဆက်ဆက် ပြောင်းလဲရန်ခက်ခဲနေသည့် လူနည်းစု ကြီးစိုးအမြတ်ထုတ်ယူနေသော ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောင်းလဲခဲ့ခြင်းအပေါ် ကြိုဆိုထောက်ခံသူ အမြောက်အမြားရှိခဲ့သည်။ NLD အစိုးရသက်တမ်း ကိုးလတာအတွင်း အစိုးရသစ်၏ အုပ်ချုပ်မှုနှင့် ရလဒ်များအပေါ် အားမလိုအားမရဖြင့် ဝေဖန်သူပြည်သူ အမြောက်အမြားရှိခဲ့သည်။

ထိုသို့ ဝေဖန်ခံရမှုထဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အဓိကပစ်မှတ်ဖြစ်ခဲ့ပြီး ကိုးလတာအတွင်း စိန်ခေါ်မှုအမြောက်အမြားကို ဖြတ်သန်းခဲ့ရသည်။ သင်္ကြန်မဏ္ဍပ်မှအစ ကွန်တိန်နာအဆုံး၊ စည်းကမ်းများ ချမှတ်ရာတွင် လိုသူများရော မလိုသူများပါ ပေါ်ထွက်လာခဲ့သည်။

အထူးသဖြင့် (Patek Philippe) နာရီကိစ္စအပါအ၀င် ကောလာဟလများကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၀န်ကြီးချုပ်ရာထူးအား အပြောင်းအလဲပြုလုပ်မည်ဟူသော ကောလာဟလကိုပင် လူအများစုက ယုံကြည်ခဲ့သေးသည်။

သို့သော် မကြာမီကပြုလုပ်ခဲ့သည့် NLD ပါတီအထွေထွေညီလာခံတွင် အသက်အငယ်ဆုံး CEC အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံလိုက်ရသောအခါ ယင်းအသံများ တိုးတိတ်သွားခဲ့သည်။

၁၉၈၈ ခုနှစ်မှ စတင်၍ လူထုပါဝင်သော ဒီမိုကရေစီတောင်းဆိုသော နိုင်ငံရေးလှုပ်ရှားမှုများကို ကျွမ်းကျင်စွာ လုပ်ဆောင်တတ်သည့် ၀န်ကြီးချုပ်သည် မြန်မာနိုင်ငံ၏ လူဦးရေအများဆုံး စီးပွားရေးမြို့တော်တွင် သူ့ကို ထောက်ခံမှုရရှိရန် လူထုကိုညို့ငင်နိုင်ခဲ့သည်။

ယခု ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ်သည် တိုတောင်းသော အချိန်ကာလ အတွင်း Pilot Project မရှိဘဲ လုပ်ဆောင်ရသောကြောင့် လစ်ဟာမှုများ၊ ချို့ယွင်းမှုများ မလွဲမသွေရှိမည်ကို ပညာရှင်များနှင့် မီဒီယာများက ဝေဖန်ထောက်ပြခဲ့သည်။ အထူးသဖြင့် ကိုင်တွယ်ရခက်ခဲ့သော ကားဒရိုင်ဘာများနှင့် စပယ်ယာများကို စနစ်သစ်ထဲသို့ ထည့်သွင်းလည်ပတ်ရန် မလွယ်ကူသည်ကို အားလုံးက သိမြင်ထားကြသည်။ သို့သော် ထိုအန္တရာယ်စက်ဝိုင်းထဲသို့ ၀န်ကြီးချုပ်ဦးဆောင်သော အဖွဲ့သည် ရဲရဲဝံ့ဝံ့ဆင်းသွားသည်။ အားလုံး ထင်မှတ်မထားသည့်အချက်မှာ လူထုထောက်ခံမှုနှင့်အတူ စက်ကွင်းထဲ သွားရောက်ခြင်းပင်ဖြစ်သည်။

ယခုတော့ YBS ယာဉ်လိုင်းများ ဇန်န၀ါရီလ ၁၆ ရက်နေ့ ပြေးဆွဲရာတွင် လိုင်းသစ်များကို မသိသေးသည့် ခရီးသွားလူထုကို ကူညီဆောင်ရွက်မည့် Volunteer များမှာ သုံးထောင်ခန့်ရှိနေပြီဖြစ်သည်။ စေတနာ့ဝန်ထမ်း ဆောင်ရွက်လုပ်ကိုင်လိုသူများအနေဖြင့် ရန်ကုန်မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအတွင်းတွင် စာရင်းများပေးရန် တန်းစီလျက်ရှိသည်။ ယင်းစေတနာ့ဝန်ထမ်းများသည် ဘတ်စ်ကား လိုင်းသစ်များ ပြေးဆွဲသည့်နေ့မှစ၍ ငါးရက်တိုင်တိုင် ဘတ်စ်ကားမှတ်တိုင်ပေါင်း ၁၈၀၀တွင် လမ်းညွှန်ကူညီပေးသွားမည် ဖြစ်သည်။ လမ်းညွှန်အသိပေးစာစောင် ၅ သိန်းကို ခရီးသွားပြည်သူများအား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး မိုလ်ဘိုင်းဖုန်းများမှတစ်ဆင့် Google တွင်လည်း မိမိသွားလိုရာ ခရီးလမ်းအတွက် လမ်းညွှန်ဆော့ဝဲလ်ဖြင့် ၀င်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။ သို့သော် လိုအပ်ချက်များကတော့ ရှိနေလိမ့်ဦးမည်ဖြစ်သည်။

လက်ရှိ ဘတ်စ်ကားလိုင်းသစ်များတွင် ပြေးဆွဲရန် အသင့်ရှိနေသော ကားများမှာ ၃၇၀၀ ခန့်သာ ရှိနေသဖြင့် ရန်ကုန်မြို့တွင်း နေ့စဉ်သွားလာနေသည့် ခရီးသွားပြည်သူ ၂ သန်းခွဲကျော်အတွက် လုံလောက်သည့် အရေအတွက်မဟုတ်ပေ။ ထို့အပြင် စနစ်သစ်၌ ၀င်ရောက်ပြေးဆွဲမည့် ဘတ်စ်ကားဒရိုင်ဘာနှင့် ယာဉ်ကြီးကြပ်များအတွက် ကုမ္ပဏီမှပေးမည့် လစာများမှာလည်း တူညီနိုင်လိမ့်မည် မဟုတ်ပေ။ ထိုအခါ လစာနှုန်းထားနည်းသော ယာဉ်လိုင်းများတွင် ကျွမ်းကျင်လုပ်သားများကို ထိန်းသိမ်းထားရန် အခက်အခဲများ ရှိလာမည်ဖြစ်သည်။ သဘာဝဓာတ်ငွေ့ဖြင့် မောင်းနှင်နေသော ဘတ်စ်ကားများအတွက်လည်း ယာဉ်လိုင်းသစ်တွင် ပြေးဆွဲခွင့်မရပါက သဘာဝဓာတ်ငွေ့ရည် ထုတ်ယူခွင့် ဆုံးရှုံးမည်ဖြစ်သည်။ အထူးသဖြင့် ရန်ကုန်မြို့၏ အဓိက Main လမ်းမကြီးများတွင်ပြေးဆွဲခွင့် မရတော့သည့် BMများ၊ မီနီဘတ်စ်များ၊ ဒိုင်နာများသည် လမ်းသွယ်များတွင် ပြေးဆွဲခွင့်ရသည်ဆိုဦးတော့ ယာဉ်လုပ်သားများ၏ ပုံမှန်လစာဝင်ငွေမှာ သေချာပေါက် လျော့နည်းကျဆင်းသွားမည် ဖြစ်သည်။

ဒီမိုကရေစီအစိုးရသစ် လက်ထက်တွင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် တန်းတူညီမျှရေးကို ကြိုးစား ဆောင်ရွက်မည်ဟု ကြွေးကြော်သံအောက်တွင် အလုပ်အကိုင်ဆုံးရှုံးမှုများ၊ ၀င်ငွေလျော့နည်းကျဆင်းမှုများနှင့် ကြုံတွေ့ရမည့် ပြည်သူများလည်း ရှိနေပေဦးမည်။

သို့သော် စနစ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲရာတွင် ယုံကြည်မှု၊ ရဲရင့်မှုနှင့် ဉာဏ်အမြော်အမြင် ပြည့်စုံသော ခေါင်းဆောင်များကသာ ကောင်းမွန်သော ရလဒ်များကို သယ်ဆောင်နိုင်ကြသည်။ ထိုသို့ သယ်ဆောင်မှသာလျှင် သိသာထင်ရှားသော အရွေ့ကို မြင်တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် စိုးရိမ်ကြောက်လန့်မှု၊ တွေဝေမှုများနှင့် ထွေပြားနေသည့် တချို့သော တိုင်းပြုပြည်ပြု ပုဂိ္ဂုလ်များအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တို့၏ သတ်္တိရှိသော ပြောင်းလဲမှုများကို စံနမူနာယူကာ ပြည်ထောင်စုနိုင်ငံတစ်ခုလုံး၏ ကောင်းမွန်သောအရွေ့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ဆောင်ကြဉ်းနိုင်ပါစေကြောင်း အကြံပြုတိုက်တွန်းအပ်ပါသည်။

Sources: ဇော်သက်ထွေး ( Tomorrow Journal )

No comments:

Post a Comment