Latest News

Monday, January 9, 2017

သမ္မတအလုပ်က မိသားစု စီးပွားရေးလုပ်ငန်း မဟုတ်ဟု ဒေါ်နယ်ထရမ့်ကို အိုဘားမား သတိပေး

သမ္မတအလုပ်က မိသားစု စီးပွားရေးလုပ်ငန်း မဟုတ်ဟု ဒေါ်နယ်ထရမ့်ကို အိုဘားမား သတိပေး


ဝါရှင်တန်၊ ဇန်နဝါရီ ၈

အမေရိကန်သမ္မတ အိုဘားမားက ဆက်ခံမည့်သူ ဒေါ်နယ်ထရမ့် အနေနှင့် အိမ်ဖြူတော်ကို ‘မိသားစု စီးပွားရေးလုပ်ငန်း စီမံသည့် နည်းလမ်း’ ဖြင့် မကွပ်ကဲသင့်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။

ABC သတင်းဌာနနှင့် အင်တာဗျူးတွင် အိုဘားမားက ထရမ့်အနေနှင့် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံနှင့်ဆိုင်သော အဖွဲ့အစည်းများကို လေးစားရမည် ဖြစ်ကြောင်း အိုဘားမားက သတိပေးခဲ့သည်။

“ကျမ်းကျိန်ပြီးပြီဆိုရင် ခင်ဗျားဟာ ကမ္ဘာမှာ အကြီးမားဆုံး အဖွဲ့အစည်းကြီးကို ကွပ်ကဲရသူ ဖြစ်လာပြီ” ဟု အိုဘားမားက ပြောကြားသည်။

အုပ်ချုပ်ခြင်းနှင့် မဲဆွယ်ခြင်းမှာ မတူကြောင်းလည်း အိုဘားမားက မှတ်ချက်ပေးခဲ့သည်။

“သူ (ထရမ့်) ပြောတာကို တကယ်အလေးထားနေတဲ့ ကမ္ဘာ့မြို့တော်တွေ၊ ဘဏ္ဍာရေး ဈေးကွက်တွေ၊ ကမ္ဘာတစ်လွှားက ပြည်သူတွေ ရှိနေပါတယ်” ဟု ဘားရက်အိုဘားမားက ပြောကြားခဲ့သည်။

ရုရှား၏ ဆိုက်ဘာတိုက်ခိုက်မှုနှင့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုအပေါ် လွှမ်းမိုးရန် ကြိုးစားမှုနှင့် ပတ်သက်သော အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများ၏ အစီရင်ခံစာနှင့် ပတ်သက်၍လည်း အိုဘားမားက ပြောကြားခဲ့သည်။

“ဒီသတင်းအချက်အလက် ခေတ်သစ်မှာ ဒါကို ကျွန်တော်လျှော့တွက်မိတယ်။ ကျွန်တော်တို့ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအပေါ်မှာ ဒီသတင်းအလွဲတွေက သက်ရောက်မှု ရှိပါတယ်” ဟုလည်း အိုဘားမားက ဝန်ခံခဲ့သည်။

ထောက်လှမ်းရေး အသိုင်းအဝိုင်းအပေါ် ယုံကြည်မှုထားရန် အရေးကြီးကြောင်းကိုလည်း ထရမ့်နှင့် ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု အိုဘားမားက ပြောဆိုသွားသည်။

“ဒီ (ထောက်လှမ်းရေး) လုပ်ငန်းစဉ် အလုပ်ဖြစ်တယ်လို့ ယုံကြည်မှုထားမှ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်တဲ့ အချိန်တွေ ရှိလာပါလိမ့်မယ်” ဟု အိုဘားမားက ပြောကြားခဲ့သည်။

ရုရှားက အမေရိကန် ရွေးကောက်ပွဲအပေါ် ဝင်ရောက်နှောင့်ယှက်ပြီး ထရမ့် အနိုင်ရရှိစေရန် ပံ့ပိုးခဲ့သည်ဆိုသော အချက်အပေါ် ထရမ့်က သံသယရှိကြောင်း အကြိမ်ကြိမ် ပြောခဲ့သော်လည်း ပြီးခဲ့သည့် အပတ်ကမူ သူသည် ထောက်လှမ်းရေး အေဂျင်စီများကို နှစ်ခြိုက်သည့် ပရိသတ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ဆိုက်ဘာတိုက်ခိုက်မှုအပေါ် ဒီမိုကရက်တစ်ပါတီ၏ တုံ့ပြန်မှုကိုမူ မေးခွန်းထုတ်ခဲ့သည်။

“ကွန်ပျူတာဆာဗာတွေကို စစ်ဆေးပေးဖို့တောင် သူတို့က တစ်ခါမှ အကူအညီ မတောင်းဖူးဘဲနဲ့ အဖောက်ခံရတယ်လို့ ဘယ်လို၊ ဘာကြောင့် သေချာနေရတာလဲ။ ဘယ်လိုဖြစ်တာလဲ” ဟု ထရမ့်က တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ထရမ့်သည် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းကျိန်မည် ဖြစ်သည်။        

Sources; The Voice

No comments:

Post a Comment