Latest News

Monday, January 16, 2017

ထရန့်လမ်းကြောင်းကိုလိုက်ကာ လူမှုမီဒီယာကို လွှမ်းမိုးကြီးစိုးထားရန် ကြိုးပမ်းနေသည့် လီပင်း

ထရန့်လမ်းကြောင်းကိုလိုက်ကာ လူမှုမီဒီယာကို လွှမ်းမိုးကြီးစိုးထားရန် ကြိုးပမ်းနေသည့် လီပင်း


အမေရိကန်၌ ဒေါ်နယ်ထရန့်သမ္မတ ရွေးကောက်ပွဲဝင်ရာ၌ လူမှုမီဒီယာတွင် လွှမ်းမိုး ကြီးစိုးထားနိုင်မှုက အဓိကလက်နက်တစ်ရပ် ဖြစ်ခဲ့သည်။ ယခုအခါ ပြင်သစ်၏ လက်ယာစွန်းခေါင်းဆောင် မာရင်းလီပင်းကလည်း ဒေါ်နယ်ထရန့်၏ လမ်းကြောင်းကို လိုက်နေပုံရသည်ဟု သုံးသပ်သူများက ပြောကြားခဲ့သည်။

လီပင်းသည် Twitter နှင့် Facebook ဟူသည့် လူမှုမီဒီယာ နှစ်ရပ်စလုံးတွင် Follower တစ်သန်းကျော်ရှိသောကြောင့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲဝင်မည့် အခြားသူများ အားလုံးထက် ပိုမိုကြီးမားသော လူမှုမီဒီယာ ပလက်ဖောင်းကို ရရှိထားသည်။

လီပင်း၏ နေရှင်နယ်တပ်ဦး FN ပါတီသည် အင်တာနက်တွင် ၀ါအရင့်ဆုံးအဖြစ် ရပ်တည်နေပြီး ၁၉၉၆ ခုနှစ်ကတည်းက ၀က်ဘ်ဆိုက် စတင်ထူထောင်ထားသောကြောင့် ပြင်သစ်နိုင်ငံတွင် ၀က်ဘ်ဆိုက်ထူထောင်ထားသည့် ပထမဆုံး နိုင်ငံရေးအုပ်စု ဖြစ်သည်။

ယခုအခါ လီပင်း၏ပါတီသည် ပင်မ ပြိုင်ဘက်များကို အသာစီးရယူရန်နှင့် အစဉ်အလာ မီဒီယာများကို ဖြတ်ကျော်လျက် လူထုနှင့် တိုက်ရိုက်ပြောဆိုနိုင်ရန် ဒီဂျစ်တယ်ကမ္ဘာကို အသုံးပြုရန် ကြိုးပမ်းနေသည်။

“လူမှုမီဒီယာရဲ့ အားသာချက်က ခင်ဗျားကို အတိုက်အခံလုပ်မယ့် တစ်စုံတစ်ရာ မရှိတာပဲ။ ခင်ဗျား ပြောစရာရှိတာ ပြောလို့ရတယ်။ ခင်ဗျားကို ဆန့်ကျင်နိုင်တဲ့ ဂျာနယ်လစ်တစ်ယောက်ရဲ့ နှောင့်ယှက်မှုမျိုး မခံရဘူး” ဟု နိုင်ငံရေးဆိုင်ရာ ဆက်သွယ်ရေးကျွမ်းကျင်သူ ခရစ်ရှန်ဒယ်ပေါ်တေးက ပြောကြားခဲ့သည်။

FN ပါတီကို ထောက်ခံသူများသည် Twitter၊ Facebook နှင့် အခြား ဒီဂျစ်တယ်ကြားခံများ၌ အကြီးအကျယ် တက်ကြွ လှုပ်ရှားနေနှင့်ပြီးဖြစ်ကာ အထူးသဖြင့် ကွန်ဆာဗေး တစ်အုပ်စုခေါင်းဆောင် ဖရန်ဆွာဖီလွန်ကို ပစ်မှတ်ထားလျက်ရှိသည်။

ဖီလွန်ကိုသိက္ခာချရန် နည်းလမ်းတစ်ရပ်အဖြစ်လည်း သူသည် အစ္စလာမ္မစ်များဘက်သို့ ယိမ်းသူဟု စွပ်စွဲနိုင်သည်။ ယင်းသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲမဲဆွယ်မှု ကာလတစ်လျှောက် အားလုံးနှင့် အလွန်ယဉ်ပါးပြီးဖြစ်သော သတင်းအတု ဖြန့်ချိသော နည်းဗျူဟာမျိုးဖြစ်သည်။

ယင်းနှင့်ပတ်သက်၍ Hashtag နှစ်ခုရှိ ပြီး ယင်းမှာ #LeVraiFillon နှင့် #Farid Fillon တို့ဖြစ်သည်။

ယင်းနှစ်ခုသည် “အစ္စလာမ္မစ်အခြေခံဝါဒကို အနိုင်ယူခြင်း”ဟုအမည်ရသည့် စာအုပ်ကို ရေးသားခဲ့သည့် ၀န်ကြီးချုပ်ဟောင်းအား အစ္စလာမ္မစ်အကြောင်းအရာနှင့် ချိတ်ဆက်ရန် ကြိုးစားသော လှုပ်ရှားမှုများဖြစ်သည်။

ယင်း Hashtag နှစ်ခု၏နောက်ကွယ်၌ ရှိသည်ဆိုခြင်းကို FN ပါတီက ငြင်းဆိုထားသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ မေးမြန်းသည့်အခါ လီပင်းက “တကယ့် မေးခွန်းက အစ္စလာမ္မစ်အခြေခံ ၀ါဒီတွေနဲ့ ဖရန်ဆွာဖီလွန်တို့ ဘယ်လိုပတ်သက်သလဲဆိုတာပါ” ဟု ပြောကြားကာ ပြဿနာကို မီးထိုးပေးခဲ့သည်။



■ ဇာတ်ကြောင်းကို ပြောင်းလဲခြင်း

အခြား လက်ယာစွန်း အမြင်ရှိသူမှာ ဗဟိုဝါဒီအဖြစ် တစ်သီးပုဂ္ဂလ ၀င်ပြိုင်မည့် စီးပွားရေးဝန်ကြီးဟောင်း အီမန်နျူယယ်မာခရွန် ဖြစ်သည်။ မာခရွန်နှင့် ဖီလွန်တို့ကို ဧပြီနှင့် မေလ ရွေးကောက်ပွဲနှစ်ကျော့တွင် အနိုင်ရရှိရန် မျှော်လင့်ထားသည့် လီပင်းအား အဓိက စိန်ခေါ်သူများအဖြစ် မျှော်လင့်ထားသည်။

FN ပါတီ၏ အထွေထွေအတွင်းရေးမှူး နီကိုလက်ဘေးက #Macron ဟုတပ်ကာ “အိမ်ခြေယာခြေမဲ့ ၄၀၀,၀၀၀ ပိုလာစေသည့် စီးပွားရေးဝန်ကြီး”ဟု ဇန်န၀ါရီ ၁၂ ရက်တွင် Twitter ၌ တင်ထားခဲ့သည်။

လူမှုမီဒီယာများ၌ ဗုံးကြဲတိုက်ခိုက်ခြင်းသည် ပင်မရေစီးမီဒီယာများကို ရှောင်တိမ်းနိုင်ပြီး ယင်းဝန်းကျင်၌ ဆန့်ကျင်ဘက်အမြင်များ သို့မဟုတ် မမျှမတ ပြုကျင့်သည်ဟု စွပ်စွဲခံရခြင်းတို့အား ရှောင်ရှားနိုင်သည်။

အစဉ်အလာအတိုင်းရှိသည့် စာနယ်ဇင်းများတွင် ထရန့်သည် အကြီးအကျယ် အပုပ်ချ တိုက်ခိုက်ခံရသော်လည်း Follower သန်း ၂၀ ခန့်ရှိသော သူ၏ Twitter အကောင့်ကိုသုံးကာ မက်ဆေ့ခ်ျများ ဖြန့်ဝေခြင်းနှင့် သူ၏ပြိုင်ဘက်များကို တိုက်ခိုက်ခြင်းတို့ ပြုလုပ်နိုင်ခဲ့သည်။

“ထရန့်မှာ Twitter ကိုအသုံးချတဲ့ နည်းလမ်းတစ်ရပ်ရှိခဲ့ပြီး သူမှာ Follower တွေ အဲဒီလောက်များတဲ့အတွက် ဇာတ်ကြောင်းကို ကောင်းကောင်းပြောင်းလဲနိုင်ခဲ့တယ်”ဟု ဒီဂျစ်တယ်သုံးသပ်သူ အလန်ရိုစင်ဘလက်က နိုဝင်ဘာ ရွေးကောက်ပွဲပြီးနောက် ပြောကြားခဲ့သည်။

“ထရန့်အတွက် တခြားဘက်က ဇာတ်ကြောင်းတစ်ရပ်တည်ဆောက်ဖို့ ဖြစ်နိုင်စေခဲ့တယ်။ ကျွန်တော်ပြောရမှာက တခြားဘက်က အရှိတရား တစ်ရပ်ပေါ့”ဟု အခြားသုံးသပ်သူ တစ်ဦးဖြစ်သော ဂေဘရီယယ်ကန်းက ပြောကြားခဲ့သည်။

FN ပါတီ၏ ချဉ်းကပ်ပုံမှာ ထရန့်နှင့် ကွဲပြားခြားနားပြီး တစ်ချိန်တည်း၌ လူမှုမီဒီယာ အကောင့်ပေါင်းများစွာမှနေ၍ မက်ဆေ့ခ်ျများကို ကြဲဖြန့်ခြင်းဖြစ်သည်။

သို့သော် ထရန့်ကဲ့သို့ပင် အများစုက ထောက်ခံထားပြီး ယင်းနှင့်ပတ်သက်သော စိတ်ကူးများက အဖျားအနားမဟုတ်ဘဲ ပင်မရေစီးဖြစ်သည့် လှုပ်ရှားမှုတစ်ရပ်၏ ရုပ်ပုံလွှာကို ထုဆစ်ရန် ကြိုးပမ်းခြင်းဖြစ်သည်။

အစွန်းရောက်သည့် အမြင်များကို ဆောင်ကြဉ်းပေးရန် ပို၍ကောင်းမွန်စွာ ရွေးချယ်ထားသော စကားလုံးများကို အသုံးပြုခြင်းဖြင့် သဘောထားတင်းမာသော လက်ယာယိမ်းများထံမှ အွန်လိုင်းထောက်ခံမှုကို ရရှိရန်လည်း ကျွမ်းကျင်စွာ အသုံးပြုတတ်ကြောင်း Fachosphere ဟူသည့် စာအုပ်ကို ရေးသားသူ ဒိုမင်နစ်အယ်ဘတ်တီနီက ပြောကြားခဲ့သည်။



■ လမ်းကြိတ်စက်ကြီး

ရွေးကောက်ပွဲကာလက လွှမ်းမိုးလာသည့်အခါ FN ပါတီနှင့် ၎င်းအား ထောက်ခံသူများသည် အခြားအသုံးပြုသူများကို ဖြားယောင်းရန်ရည်ရွယ်သည့် Trending Topics များကို ဖန်တီးလျက် Twitter နှင့် Facebook များအား အစွမ်းကုန် အသံမြှင့်လာကြလိမ့်မည်ဟု သုံးသပ်သူများက ခန့်မှန်းထားသည်။

ပြိုင်ဘက်များကို တရစပ် ဝေဖန်တိုက်ခိုက်မှုများက လီပင်း၏ရုပ်ပုံလွှာကို အရောင်တင်ပေးပြီး သူ၏ပြိုင်ဘက်များကို အပုပ်ချကာ ဝေဖန်မှုများကို တိုက်ထုတ်ပစ်လိမ့်မည် ဖြစ်သည်။ ယင်းက လီပင်းကို ရပ်တန့်၍မရနိုင်သော လှုပ်ရှားမှုတစ်ရပ်၏ ဦးစီးခေါင်းဆောင်အဖြစ် ပုံဖော်ပေးပေလိမ့်မည်။

ယင်းကို လမ်းကြိတ်စက်နည်းဗျူဟာဟု ခေါ်ဆိုပြီး ထရန့်က မထင်မှတ်သည့်အနေအထားဖြင့် အံ့ဖွယ်ရလဒ်ကို ရရှိခဲ့မှုနှင့်ပတ်သက်သည့် အဓိကအမှတ် လက္ခဏာလည်း ဖြစ်သည်။

လူတို့၏ နှလုံးသားများနှင့် စိတ်သဘောထားများကို တိုက်ရိုက်လွှမ်းမိုးနိုင်စွမ်းရှိကြောင်း ဖော်ပြကာ FN ပါတီသည် သူ၏ ဒီဂျစ်တယ်စွမ်းအားကို အစွမ်းကုန်မြှင့်တင်မည် ဖြစ်သည်။

“ဒါက အိပ်မက်တစ်ခုလိုမျိုး အလုပ်လုပ်ပါတယ်။ တခြားသူတွေအနေနဲ့ တုံ့ပြန်နိုင်ဖို့ တကယ်ကို ရုန်းကန်နေရပါတယ်”ဟု လီပင်း၏ မဲဆွယ်ရေးအဖွဲ့ညွှန်ကြားရေးမှူး ဒေးဗစ်ရက်ခ်ျလင်းက ပြောကြားခဲ့သည်။

သို့သော် လူမှုမီဒီယာ၌ လွှမ်းမိုးကြီးစိုးထားနိုင်မှုက ရွေးကောက်ပွဲမဲရလဒ်၌ အနိုင်ရရန် အာမခံနိုင်ခြင်းကား မရှိပေ။ လွန်ခဲ့သည့်လက ပြုလုပ်ခဲ့သည့် သြစတြီးယားသမ္မတ ရွေးကောက်ပွဲ၌ ပြသခဲ့သည့်အတိုင်း ဒီဂျစ်တယ်ယဉ်ကျေးမှုနှင့် နိုင်ငံရေးယဉ်ကျေးမှုက ကွဲပြားခြားနားလှသည်။

လက်ယာစွန်းရောက် လွတ်လပ်ရေးပါတီ သမ္မတလောင်း နော်ဘတ်ဟိုဖာသည် လူမှုမီဒီယာများ၌ အကြီးအကျယ်လွှမ်းမိုးထားကာ ရွေးကောက်ပွဲအနိုင်ရရှိရန် ရေပန်းစားနေသော်လည်း ဂရင်းပါတီ၏ အလက်ဇန်းဒါး ဗန်ဒါဘယ်လင်ကို ရှုံးနိမ့်ခဲ့သည်။


နရီမင်း

Sources; Eleven Media Group

No comments:

Post a Comment