Latest News

Wednesday, January 18, 2017

ရေပူစမ်း၏ အနာဂတ်

ရေပူစမ်း၏ အနာဂတ်


(ဓာတ်ပုံ - မောင်တာ)

‘ကျားသေကြီး အသက်ပြန် ၀င်လာပြီ’ဆိုသည့် စကားသည် ဇန်န၀ါရီ ၁၆ ရက် နံနက်တွင် မူဆယ်မြို့ရှိ ကုန်သည်များအကြားတီးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ပျံ့နှံ့လာသည်။ အဆိုတော်စိုင်း ဆိုင်မောဝ်၏ မူဆယ်နမ့်ခမ်းသီချင်းကြောင့် လူသိများခဲ့သော (ရေပူ) သိန်းနီမြို့နယ် ရေပူရွာရှိ ရေပူစမ်း ကန့်သတ်ကုန်ပစ္စည်းစစ်ဆေးရေး စခန်း စတင်ဖွင့်လှစ်လိုက်ခြင်း ကြောင့် ကုန်သည်များအကြား စိုး ရိမ်ထိတ်လန့်စွာဖြင့် ယင်းစကားသံထွက်ပေါ်လာခြင်း ဖြစ်သည်။

‘‘ကုန်သည်တွေအတွက် တော့ ဒါစိန်ခေါ်မှုတစ်ခုပဲ’’ဟု မူဆယ်မြို့မှ သကြားကုန်သည် ဦး မင်းသိန်းက ပြောသည်။


ရေပူစမ်းကန့်သတ်ကုန် ပစ္စည်းစစ်ဆေးရေးစခန်းဟု အ မည်ပေးထားသော ရေပူဂိတ်ပြန် လည်ဖွင့်လှစ်ရခြင်းကြောင့် ယာဉ် ကြောပိတ်ဆို့မှု၊ မလိုလားအပ် သည့် အပိုကုန်ကျမှုများရှိလာမည် ကို ကုန်သည်များက စိုးရိမ်သော် လည်း လက်ရှိအစိုးရက မှောင်ခို (တရားမ၀င်) ကုန်သွယ်မှုတားဆီး ရေးဆိုသည့် ခေါင်းစဉ်ဖြင့် ဂိတ်ဖွင့်လှစ်ရခြင်းဟု ဆိုထားသည်။ မြန်မာနိုင်ငံတွင် မှောင်ခိုကုန်သွယ်မှုတားဆီးရေးကို ဆောင်ရွက်ရာ၌ ပိုင် ရှင်မဲ့များအဖြစ် ပစ္စည်းသိမ်းယူ သည့်အဆင့်မှ မှောင်ခိုလုပ်ကိုင် သည့် ကုန်သည်ကို ထိရောက်စွာ အရေးယူနိုင်မည့်အဆင့်ကို တက် လှမ်းနိုင်ရန် လုပ်ဆောင်ရမည့်အ ချိန်တစ်ခု ဖြစ်လာသည်။

မှောင်ခိုကုန်သွယ်မှုတားဆီး ရေးနှင့် အခွန်ဘဏ္ဍာတိုးမြှင့်ရရှိ ရေး အစိုးရ၏ ရည်ရွယ်ချက်နှင့် ကုန်သည်များအကြား ဖြစ်ပေါ်နေ သော စိုးရိမ်စိတ်လွန်ဆွဲမှုက ရေ ပူစစ်ဆေးရေးစခန်း၏ အနာဂတ် အတွက် ရပ်တည်ချက်တစ်ခု ဖြစ် သည်။

ရေပူစမ်းဂိတ်တွင် ကုန်တင် ယာဉ်များကို စစ်ဆေးရာ မော် တော်ယာဉ်အားလုံးကို စစ်ဆေး မည်မဟုတ်ဘဲ သံသယရှိသည့် မော်တော်ယာဉ်များကိုသာ စစ်ဆေးသွားမည်ဟု ရေပူစမ်းကန့် သတ်ကုန်ပစ္စည်းစစ်ဆေးရေးစခန်းအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်း အောင်က ဇန်န၀ါရီ ၁၆ ရက်စခန်း စတင်ဖွင့်လှစ်သည့်တွင် သတင်းမီဒီယာမျာအား ပြောသည်။

ရေပူစမ်းဂိတ်သည် ပုံမှန်အ ခွန်ထမ်းဆောင်ပြီး သွားလာသည့် မော်တော်ယာဉ်များအတွက် စိတ် ပူစရာမလိုဘဲ မှောင်ခိုလုပ်ကိုင်သူ များအတွက်သာ ပြဿနာတစ်ခု ဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

‘‘အချိန်ကြန့်ကြာမှုလုံးဝမ ဖြစ်ဖို့ တာဝန်ယူတယ်’’ဟု ဦးတက်ထွန်းအောင်က ပြတ်သားစွာပြော သည်။

ထို့အပြင် ယခုပြန်လည်ဖွင့် လှစ်သည့် ရေပူစမ်းဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ၀န် ထမ်းများနှင့် ပတ်သက်၍ ‘‘တစ် ကျပ်ယူတာနဲ့ ထောင်ချမယ်လို့ ကျွန်တော့်အဖွဲ့တွေကို ပြောထား ပါတယ်’’ဟု ဦးတက်ထွန်းအောင် ဆိုလေသည်။

ရေပူစစ်ဆေးရေးဂိတ်ရှိ ယခင်အသုံးပြုခဲ့သော အဆောက်အအုံများကို သန့်ရှင်းရေးပြု လုပ်နေကြစဉ် (ဓာတ်ပုံ - မောင်တာ)

စစ်အစိုးရလက်ထက် နယ် စပ်ကုန်သွယ်ရေးနှင့် ဆက်စပ်ပြီး လုံခြုံရေးနှင့် တရားမ၀င် (မှောင်ခို)ကုန်သွယ်မှုမရှိစေရေး ရည်ရွယ် ချက်ဖြင့် ရေပူဂိတ်ကို ဖွင့်ခဲ့ဖူးသည်ဟု မူဆယ်မြို့မှ ကုန်သည်အချို့ က ဆိုသည်။ သို့သော် ရေပူဂိတ် သည် မူလရည်ရွယ်ချက်နှင့် သွေ ဖည်ပြီး လာဘ်စားမှု၊ တရားဝင်ကုန်သည်များ ကုန်သွယ်ရေးတွင် အခက်အခဲဖြစ်စေရန် ထိုအချိန်က ၀န်ထမ်းများက ပညာပြပြီး အချိန်ဆွဲစစ်ဆေးမှုများရှိခဲ့သဖြင့် အသစ် ပြန်လည်ဖွင့်လှစ်မည့် ဂိတ်တွင် လည်း ထိုအလေ့အထများ ပြန် လည်ရောက်ရှိလာမည်ကို ကုန် သည်များက စိုးရိမ်နေခြင်းဖြစ် သည်။

ရေပူစမ်းဂိတ် ဖွင့်လှစ်ခြင်း သည် အစိုးရက ဆောင်ရွက်နေ သည့် အဂတိလိုက်စားမှု တိုက် ဖျက်ရေးအတွက် အတားအဆီး ဖြစ်လာနိုင်သည်ကို မူဆယ်မြို့မှ ကုန်သည်များကလည်း ထောက်ပြ ပြောကြားသည်။ မိမိကိုယ်တိုင် မဲ ပေးရွေးချယ်ခဲ့သည့် အစိုးရအဖွဲ့ အုပ်ချုပ်မှုအောက်တွင် တစ်ချိန်က မိမိအမုန်းဆုံးအခြေအနေဖြစ်ရပ် များ ပြန်လည်ကြုံတွေ့လာနိုင် သည်ကို လားရှိုးမြို့မှ ကုန်သည် အသက် (၅၀)အရွယ် ဦးစိုးဝင်းကလည်း လိုလားမှုမရှိပေ။

‘‘၀န်ထမ်းတွေ လာဘ်စားမှု မရှိစေရဘူး။ လာဘ်စားတယ်ဆို ရင် ထိထိရောက်ရောက်အရေးယူ သွားမယ်’’ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ဇန်န၀ါရီ ၁၃ ရက် ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သော ဒုသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရေပူစမ်းဂိတ် ဖွင့်လှစ်မှုအ ပေါ် ကုန်သည်များသဘောမတူရ ခြင်းများထဲတွင် ကုန်စည်စီးဆင်းမှု နှောင့်နှေးပြီး ကုန်သွယ်ရေးအခက်အခဲဖြစ်လာနိုင်သည့် အခြေအနေ လည်း ပါဝင်သည်။ နေ့စဉ်ကားအ စီးရေ ၃,၀၀၀ ကျော် ဖြတ်သန်းနေ သည့် လမ်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် များတွင် မကြာခဏ ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ကုန်သည်များအ တွက် ကုန်ပစ္စည်းများ ပျက်စီးဆုံး ရှုံးမှု၊ ကုန်ပစ္စည်းများ အရည်အ သွေးကျဆင်းမှုကြောင့် ငွေကြေး ဆုံးရှုံးမှုဖြစ်ခဲ့ရသည်။ ယခုဖွင့်လှစ် မည့် ရေပူစမ်းဂိတ်တွင်လည်း မြေ နေရာအကျယ်အ၀န်း ကျဉ်းမြောင်းခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့ပြီး ကုန်သွယ်မှုအချိန်ကြန့်ကြာမည်ကို စိုးရိမ်ကြောင်း မူဆယ်မှ ကုန်သည်များကပြောသည်။

 ‘‘ကုန်သည်တစ်ယောက်အ တွက် အချိန်က အရမ်းအရေးကြီး တယ်။ ဈေးကွက်မှာ ဈေးကောင်း အချိန်မီဖို့ ကုန်ပစ္စည်းလေလွင့်မှု မရှိအောင် လုပ်ရတာ ကုန်သည် တွေအတွက် ခက်ခဲပါတယ်’’ဟု ဦးမင်းသိန်းကပြောသည်။

တရားမ၀င်ကုန်သွယ်မှု တား ဆီးရေး လုပ်ဆောင်ခြင်းကြောင့် စစ်ဆေးရေးဂိတ်များတွင် ကြုံတွေ့နိုင်သည့် မော်တော်ယာဉ်ပိတ်ဆို့မှုများ၊ ကုန်စည်စီးဆင်းမှုများ နှောင့်နှေးမှုမရှိစေရန် ကြိုတင်ပြင်ဆင်ထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှုနှင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာ မည်ကို စိုးရိမ်၍ ဇန်န၀ါရီ ၁၆ ရက် တွင် ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းဖွင့်လှစ်မည့်ကိစ္စ ပြန်လည် သုံးသပ်ပေးနိုင်ရန် မူဆယ်မြို့ သစ်သီးဝလံကုန်စည်ဒိုင်ရှိ ကုန်သည် များက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ စာပေးပို့တောင်းဆိုထား သည်။ မန္တလေး-မူဆယ်ကုန်သွယ် ရေးလမ်းကြောင်းတွင် မြန်မာနိုင်ငံ  အနှံ့အပြားမှ ထွက်သော သစ်သီး ၀လံများကို နေ့စဉ်မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ၁၂ ဘီးယာဉ်၊ တွဲကား စသည်တို့ဖြင့် ကားအစီးရေ ၁၀၀ မှ ၂၀၀ အကြား တင်ပို့ရောင်းချနေသဖြင့် ယာဉ်ကြောပိတ်ဆို့မှု ထပ်မံကြုံတွေ့မည်ကို သစ်သီးကုန်သည်များနှင့် ကားသ မားများက စိုးရိမ်ခြင်းကြောင့် စာပေးပို့တောင်းဆိုရခြင်း ဖြစ်သည်ဟု သစ်သီးကုန်သည်အချို့က ဆိုသည်။

မူဆယ်ဆန်စပါးကုန်စည်ဒိုင် ကလည်း ရေပူဂိတ်ဖွင့်လှစ်ရေးကို ကန့်ကွက်သည်။ ရေပူဂိတ်ဖွင့်လှစ်မှုကို သဘောမတူခြင်းကြောင့် မူ ဆယ်မြို့မှ ကုန်သည်များက အစိုးရကို ဆန္ဒထုတ်ဖော်ရန်လည်း စီစဉ်နေကြောင်း ကုန်သည်အချို့က ပြောသည်။

ကုန်သည်များ၊ မော်တော် ယာဉ်မောင်းများ သဘောမတူ သော်လည်း ရေပူစမ်းဂိတ်သည် ဇန်န၀ါရီ ၁၆ ရက်တွင် အကောက် ခွန်ဦးစီးဌာနက အဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ယူပြီး ကုန်သွယ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး၊ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ မူးယစ်၊ယာဉ်ထိန်းရဲ၊ သတင်းမီဒီယာ၊ ကုန်သည်စက်မှုအသင်းချုပ်၊ ရဲတပ်ဖွဲ့ နှင့်လိုအပ်လျှင် တပ်မတော်တို့ ပါဝင်ထည့်သွင်းရန် ဖွဲ့စည်းခဲ့သည်။

ရေပူစမ်းဂိတ်သည် မူဆယ်- မန္တလေး ကုန်သွယ်ရေးလမ်း ကြောင်းတွင် မှောင်ခိုကုန်စည် တားဆီးရေးအတွက် လိုအပ်သော် လည်း မှောင်ခိုကုန်ပစ္စည်းဖမ်းဆီး မိပါက မူလပိုင်ရှင်ကိုပါ ထိရောက် စွာ အရေးယူပေးရန် လိုအပ်သည် ဟု မူဆယ်မြို့မှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ထို့ပြင် တရားဝင်ကုန်ပစ္စည်းတင် သွင်းသူများကို နည်းမျိုးစုံဖြင့် ညစ် ပြီး အချိန်ဆွဲခြင်းမျိုး လုံးဝမလုပ် သင့်တော့ကြောင်း ၎င်းက ဆို သည်။

ပထ၀ီမြေအနေအထားအရ တရုတ်မှ မြန်မာသို့ တရားဝင်ဖြတ် သန်းဝင်ရောက်ရာ လမ်းကြောင်း နှစ်ခုကို ရှမ်းပြည်နယ်မြောက်ပိုင်း မြို့တော်ဖြစ်သည့် လားရှိုးသို့ မ၀င်မီ စစ်ဆေးရေးဂိတ်တစ်ခု ထားရှိ ခြင်းက သင့်တော်သည့် လိုအပ် ချက်တစ်ခု ဖြစ်သည်။ တရားမ၀င်ကုန်သွယ်မှုတားဆီးရေး၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သဘာဝသယံဇာတများ တရားမ၀င် ထုတ်ယူပြီး အိမ်နီးချင်းနိုင်ငံ များသို့ တင်ပို့မှုများ တားဆီးရန် စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့် လှစ်ရန် လိုအပ်သည်။ တရုတ်- မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးတွင် နယ်စပ်ကုန်သွယ်ရေးသည် ပင် လယ်ရေကြောင်းမှ ကုန်သွယ်မှု ထက်ပိုများသည်။

 ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ် မှုပမာဏသည် အမေရိကန်ဒေါ် လာ ခြောက်ဘီလီယံခန့်ရှိနေပြီး မူဆယ်နယ်စပ်မှ ကုန်သွယ်မှုပမာဏသည် ကန်ဒေါ်လာ ၅ဒသမ၃ ဘီလီယံရှိကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။ တရုတ်-မြန်မာနှစ်နိုင်ငံကုန်သွယ် ရေးပမာဏသည် ၁၁ ဘီလီယံခန့် ရှိသဖြင့် မူဆယ်နယ်စပ်တစ်ခု တည်းမှ ကုန်သွယ်မှုပမာဏက ထက်ဝက်ခန့် ရှိနေသည်။ ထို့ ကြောင့် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကထွက်ပေါက် တစ်ခု ဖြစ်နေသော မူဆယ်-မန္တ လေးလမ်းကြောင်း၌ နေ့စဉ်ကားအစီးရေပမာဏများစွာ ဖြတ်သန်းနေသည်။

ရေပူစမ်းစခန်း ဖွင့်လှစ်ခြင်း သည် မူဆယ် ၁၀၅ မိုင် စစ်ဆေး ရေးစခန်းကို ရှောင်ကွင်းပြီး ၀င် လာမည့် တရားမ၀င်သွင်းကုန်များ ကို စနစ်တကျစစ်ဆေးရန် အသုံးတည့်လှသည်။ သို့ဖြစ်ရာ တရားမ၀င် ကုန်သွယ်သူများအတွက်မူ ရေပူဂိတ်ပြန်ဖွင့်လိုက်သဖြင့် ရေပူကို ထပ်ရှောင်မည့် ကွင်းလမ်းများအသုံးပြုလာမည်မှာ သေချာနေသည်။ တောတောင်ထူထပ်လှသည့် ရှမ်းမြောက်သည် ကွင်းလမ်းအမြောက်အမြားတည်ရှိရာနေရာလည်းဖြစ်သည်။ ရေပူစမ်းစစ်ဆေးရေးစခန်းကို ရှောင်ကွင်းပြီး သွားနိုင်သည့် လမ်းကြောင်းများ ရှိသည်ကို သိရှိထားပြီး အဆိုပါလမ်းကြောင်းများကိုလည်း ရွေ့လျား အဖွဲ့အစည်းများနှင့် စစ်ဆေးမည်ဟု စစ်ဆေးရေးစခန်းအဖွဲ့ခေါင်းဆောင် အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတက် ထွန်းအောင်က ပြောကြားသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ က ကုန်သွယ်မှုချောမွေ့ရန်နှင့် မလိုလားအပ်သည့် အပိုကုန်ကျစရိတ်များမရှိရန် ရည်ရွယ်ကာ ရေပူဂိတ်စစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းလိုက်သည်။ ဒီချုပ်အစိုးရလက်ထက်တွင် ငါးနှစ်ကြာ ပိတ်ထားခဲ့သော ရေပူဂိတ်ပြန်ဖွင့်ခြင်းသည် မြောက်ပိုင်းလမ်းက ကုန်သည်များအတွက် ‘ဘူးလေးရာဖရုံဆင့်’ဆိုသလိုပင် ဖြစ်လာမည်ကို ကုန်သည်များက ထိတ်လန့်နေသည်။

Sources: ပြည်သိမ်းနန္ဒ ( 7Day News Journal )

No comments:

Post a Comment