Latest News

Friday, January 20, 2017

အမေရိကန်ကို ပြန်လည်စုစည်း ဦးဆောင်သွားမည်ဟု ထရမ့်ပြောကြား

အမေရိကန်ကို ပြန်လည်စုစည်း ဦးဆောင်သွားမည်ဟု ထရမ့်ပြောကြား


အမေရိကန် ပြည်ထောင်စုကို ပြန်လည်စုစည်း ဦးဆောင်မှု ပေးသွားမည်ဟု ရွေးကောက်ခံ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၀ တွင် လက်ရှိ သမ္မတ ဘာရတ် အိုဘားမားထံမှ အာဏာလွှဲယူပြီး အိမ်ဖြူတော်၌ ကျမ်းသစ္စာ ကျိန်ဆိုရန်အတွက် ဝါရှင်တန်ဒီစီသို့ ရောက်ရှိလာသည့် ထရမ့်က သမ္မတဟောင်း အေဘရာဟမ်လင်ကွန်း အထိမ်းအမှတ် ရုပ်တုရှေ့တွင် ယခုလို မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘီလီယံနာ သန်းကြွယ်သူဌေးကြီး ထရမ့်သည့် မိသားစုဝင်များကို စုံစုံညီညီ ခေါ်ဆောင်လာကာ ထောက်ခံအားပေးသူများနျင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ထိုပွဲသို့ တက်ရောက်သူများတွင် ရုပ်ရှင်မင်းသား ဂျွန်ဗွိုက်ဂ်နှင့် Soul Man အဆိုတော် ဆမ်မောရ်တို့ကဲ့သို့ အနုပညာရှင်များလည်း ပါဝင်ခဲ့သည်။

“ကျွန်တော်တို့ဟာ ဒီနိုင်ငံကို ပြန်စုစည်းသွားမှာပါ။ အမေရိကန်ဟာ လူတိုင်းလူတိုင်းအတွက် ကြီးမြတ်တဲ့ နိုင်ငံတစ်ခု ပြန်ဖြစ်လာစေရမယ်။ ဒါဟာ အမေရိကန် ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးပါ။ နေရာဒေသတိုင်းအတွက် ကျွန်တော်ပြောနေတာ ဖြစ်ပါတယ်”ဟု ထရမ့်က ဆိုသည်။

၎င်းက ရွေးကောက်ပွဲ ကာလကတည်းက တောက်လျှောက် ထောက်ခံအားပေးလာသည့် မဲဆန္ဒရှင်များကို အထူးတလည် ကျေးဇူးတင်ကြောင်းလည်း ဆိုသည်။ “အားလုံးက ကျွန်တော်တို့တွေကို မေ့လျော့ချင်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှု အတောအတွင်းမှာပေါ့။ ကျွန်တော့်ကို ထောက်ခံသူတွေဟာ အမေ့လျော့ခံ အမျိုးသား အမျိုးသမီးတွေလို့ ပြောခဲ့ဖူးတယ်။ ကောင်းပြီ။ အခုဆိုရင် ခင်ဗျားတို့ဟာ အမေ့လျော့ခံတွေ မဟုတ်တော့ပါဘူး”ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။

ထရမ့်က ရွေးကောက်ပွဲအကြို မဲဆွယ်မှုများအတွင်း၌ အမေရိကန်တွင် အလုပ်အကိုင် အခွင့်အရေးများ မြှင့်တင်ပေးရန်၊ စစ်အင်အားကို ပြန်လည် တိုးမြှင့် တည်ဆောက်ရန်၊ နယ်စပ်လုံခြုံရေးကို မြှင့်တင်သွားရန် အစရှိသည့် ကတိများ ပေးခဲ့ရာ ယင်းတို့ကို အကောင်အထည် ဖော်မည်ဟုလည်း ထပ်မံ အတည်ပြုခဲ့သည်။

“သေချာပေါက် ပြောင်းလဲမှာပါ။ ခင်ဗျားတို့ကို ကျွန်တော် ကတိပေးပါတယ်။ ကျွန်တော် အပြောင်းအလဲတွေ လုပ်သွားမှာပါ”ဟု ၎င်းက ဆိုသည်။ ထရမ့်သည် အိမ်ဖြူတော်တွင် ကျမ်းသစ္စာ မကျိန်ဆိုမီ၌ ၎င်းပိုင်ဆိုင်သော ထရမ့်နိုင်ငံတကာ ဟိုတယ်တွင် ခေတ္တ အနားယူနေမည် ဖြစ်သည်။ အဆိုပါ ဟိုတယ်သည် အိမ်ဖြူတော်နှင့် အနည်းငယ်မျှသာ ကွာလှမ်းသော နေရာတွင် တည်ရှိသည်။



Sources: 7Day News Journal


No comments:

Post a Comment