Latest News

Saturday, January 14, 2017

နေအိမ်များကို ဘူဒိုဇာဖြင့် ထိုးပါက ရသည့်နည်းနှင့် တားဆီးမည်ဟုဆို

နေအိမ်များကို ဘူဒိုဇာဖြင့် ထိုးပါက ရသည့်နည်းနှင့် တားဆီးမည်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ဒညင်းကုန်း အုတ်စက်ရုံအတွင်း အလုပ်သမားများ၏ နေအိမ် အဆောက်အအုံများကို ထပ်မံ၍ ဘူဒိုဇာဖြင့် လာရောက် ထိုးကော်ပါက ရသည့်နည်းလမ်းဖြင့် တားဆီးသွားမည်ဖြစ်ကြောင်း ဒညင်းကုန်း အုတ်စက်ရုံဝင်းအတွင်း နေထိုင်သည့် အလုပ်သမား မိသားစုများ ကိုယ်စား ဒေါ်ဝင်းမာက ပြောကြားသည်။

အလုပ်သမားနေအိမ်မှ အိမ်သာများကို လမ်းဖောက်လုပ်ရန်ဟုဆိုကာ စက်ရုံတာဝန်ရှိသူများက ဘူဒိုဇာဖြင့် လာရောက်ထိုးကော်ရန် ဇန်နဝါရီလ ၁၂ ရက်နေ့က ဆောင်ရွက်ခဲ့သည့်အတွက် အလုပ်သမား မိသားစုများက တားဆီးခဲ့ကြောင်း အလုပ်သမား မိသားစုများထံမှ သိရသည်။

“မနေ့က မနက်ပိုင်း ၆ နာရီခွဲက ဘူဒိုဇာနဲ့ ထိုးဖို့လာတယ်။ အိမ်သာတွေကို ဖျက်ဖို့လုပ်တယ် ဆိုပေမယ့် အိမ်တွေပါ ဖယ်အောင် လုပ်တာ။ ဝိုင်းတားတော့ မလုပ်တော့ဘူး။ ထပ်ပြီး လာဖျက်လည်း ကျွန်မတို့က မဖယ်ဘူး။ တားဆီးသွားမှာပဲ၊ ဒီဝင်းထဲမှာ နေခဲ့တာ နှစ် ၂၀ ကျော်ပြီ”ဟု ဒေါ်ဝင်းမာက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ စက်ရုံတာဝန်ရှိသူများကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆင်မပြေခဲ့ပေ။

ဒညင်းကုန်း အုတ်စက်ရုံဝင်းအတွင်း အလုပ်သမား မိသားစု ၁၅၀ ခန့်နေထိုင်ပြီး လူဦးရေ ၁၀၀၀ ခန့်ရှိသည်။ ၂၀၁၂ ခုနှစ်တွင် စက်ရုံလည်ပတ်မှုကို ကုန်ကြမ်း မတတ်နိုင်ခြင်း၊ အရူံးပေါ်ခြင်းစသည့် အကြောင်းပြချက်များဖြင့် ရပ်ဆိုင်းထားကြောင်း၊ စက်ရုံဝန်ထမ်းဖြစ်ပါက စက်ရုံဝင်းအတွင်း နေထိုင်ခွင့်ကို ယခင်ကတည်းက ရထားပြီးဖြစ်ကြောင်း စက်ရုံဝင်းတွင် နေထိုင်သည့် ဒေါ်ဝင်းမြင့်က ဆိုသည်။

စက်ရုံဝင်းအတွင်း အလုပ်သမားများ နေထိုင်မှုကို ဖယ်ပေးရန် အကြိမ်ကြိမ် လာရောက် ပြောဆိုဖူးပြီး စက်ရုံ ရပ်နားစဉ်ကာလ ကတည်းကပင် အလုပ်သမား အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်ရာ အစိုးရဖွဲ့သို့ အကြိမ်ကြိမ် စာတင်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

ယင်းစက်ရုံမြေမှ ဖယ်ရှားပေးရန် ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းက စက်ရုံက စာထုတ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း စက်ရုံဝင်းအတွင်းရှိ နေအိမ်များကို ဖယ်ရှားရန် စက်ရုံတာဝန်ရှိသူများက လာရောက် ပြောကြားခဲ့ကြောင်း ယင်းစက်ရုံဝင်းအတွင်း နေထိုင်သူ ဒေါ်ဝင်းမြင့်က ဆိုသည်။

Sources; The Voice

No comments:

Post a Comment