Latest News

Sunday, January 8, 2017

ကလေးတွေရဲ့ အနာဂတ်ကို မသတ်မိဖို့ လိုတယ်

ကလေးတွေရဲ့ အနာဂတ်ကို မသတ်မိဖို့ လိုတယ်


မိဘကျေးဇူးကို ညွှန်းဆိုရာမှာ မြင့်မိုရ်တောင်ထက်တောင် ကြီးမားလှတယ်လို့ ဆိုကြပါတယ်။ ဘုရားရှင်တောင် မယ်တော်ကျေးဇူးကို ဆပ်ရာမှာ နို့တစ်လုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့ပါတယ်။ ဒီလောက်အထိ မိဘကျေးဇူးဟာ ကြီးမားလွန်းလှပါတယ်။

ဒါကြောင့်လည်း အနန္တော အနန္တ ကျေးဇူးရှင်ဖြစ်တဲ့ မိဘတွေကို မစော်ကားဖို့၊ မပြစ်မှားဖို့နဲ့ သက်ရှိထင်ရှား ရှိနေချိန်မှာ ပြုစုလုပ်ကျွေးဖို့ဆိုပြီး ရှေးလူကြီးတွေက ဆုံးမသြ၀ါဒတွေ ခြွေခဲ့ကြတာ ဖြစ်ပါတယ်။

ခေတ်တွေ ပြောင်းလဲလာတာနဲ့အမျှ သားသမီးတွေ အပေါ်မှာ မိဘတွေရဲ့ မေတ္တာထားပုံကလည်း တဖြည်းဖြည်းနဲ့ ကွာခြားလာပါတယ်။ ၂၁ ရာစုဖြစ်တဲ့ ပညာခေတ်မှာတော့ မိဘတွေဟာ အရာရာထက် ကိုယ့်သားသမီးတွေကို တော်စေတတ်စေချင်တဲ့ စိတ်ဆန္ဒတွေ ပြင်းပြလာခဲ့ကြပါတယ်။

ပညာတတ်မှ လူရာဝင်တဲ့ခေတ်ကြီးထဲမှာ မိဘတွေရဲ့ လောဘက သားသမီးတွေ အပေါ်မှာ ပိုပြီးဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ခေတ်အဆက်ဆက် မှားယွင်းခဲ့တဲ့ ပညာရေးစနစ်ကြောင့်လည်း မိမိသားသမီးတွေကို အများသူငါထက် တော်စေတတ်စေချင်တဲ့စိတ်က မိဘတွေဆီမှာ အရိုးစွဲလာခဲ့ပါတယ်။  ဒီလို အစွန်းရောက်လာတဲ့ တချို့မိဘတွေရဲ့ မေတ္တာတရားကြောင့် ငယ်ရွယ်ပြီး ဘ၀အတွေ့အကြုံနုသေးတဲ့ ကလေးငယ်တွေဟာ ဖိအားတွေကို မခံနိုင်တော့တဲ့ အချိန်မှာတော့ လွတ်မြောက်ရာလမ်းကို ရှာဖွေကြပါတော့တယ်။ ဒီကလေးတွေ အနေနဲ့ ဘယ်လိုလွတ်မြောက်ရာ လမ်းမျိုးကို ရှာဖွေခဲ့ကြပါသလဲ။

ရင့်နင့်ဖွယ်ရာ ဖြစ်ရပ်တွေ

ပြီးခဲ့တဲ့ ၂၀၁၇ ခုနစ် ဇန်န၀ါရီ ၂ ရက်က မြိတ်မြို့မှာ ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသား ကလေးငယ်တစ်ယောက် ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ရေပုန်းနယ်မြေက ၁၂ နှစ်အရွယ် ဆဋ္ဌမတန်းကျောင်းသား မောင်ခင်မောင်ထွန်းဟာ လပတ်စာမေးပွဲကျတဲ့အတွက် မိခင်ဖြစ်သူ ဆူမှာကို စိုးရိမ်ပြီး ကျောင်းကနေအပြန် မိခင်ဖြစ်သူ အိပ်ပျော်နေချိန်မှာ ဆွဲကြိုးချ သေဆုံးခဲ့တာပါ။

သေဆုံးသူ မောင်ခင်မောင်ထွန်းဟာ ကြံတောမူလွန်ကျောင်းက ဆဋ္ဌမတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။ လပတ်စာမေးပွဲမှာ သင်္ချာတစ်ဘာသာ ကျရှုံးခဲ့တဲ့အတွက် မိခင်ဖြစ်သူ ဆူမှာကိုစိုးရိမ်ပြီး အခုလိုမျိုး လုပ်ဆောင်ခဲ့ဖြစ်ပါတယ်။ ၁၂ နှစ် အရွယ်သာရှိသေးတဲ့ ကလေးငယ် တစ်ယောက်အနေနဲ့ ဘာကြောင့် အခုလိုမျိုး လုပ်ရပ်ကို လုပ်ဆောင်ခဲ့တယ်ဆိုတာ ပြန်လည်ဆန်းစစ်ဖို့ လိုပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ ပညာရေးနဲ့ ပတ်သက်ရင် အရွယ်နဲ့မလိုက်အောင် မိဘတွေရဲ့ ဖိအားပေးမှုကို ခံရတဲ့အတွက် မခံနိုင်တဲ့ အဆုံးမှာ ဘာမှမဟုတ်တဲ့ လပတ်စာမေးပွဲလေးတစ်ခု ကျရှုံးတာနဲ့တင် မလုပ်သင့် မလုပ်အပ်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်သွားတာ ဖြစ်ပါတယ်။

မောင်ခင်မောင်ထွန်းလိုပဲ လပတ်စာမေးပွဲကျလို့ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေတဲ့ဖြစ်စဉ် ပဲခူးမြို့နဲ့ မန္တလေးမြို့မှာ ၂၀၁၆ ခုနစ် အောက်တိုဘာတုန်းက ဖြစ်ပွားခဲ့ပါတယ်။

ပဲခူးမြို့မှာ အောက်တိုဘာ ၂၁ ရက်က တက္ကသိုလ်ဝင်တန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်က စာမေးပွဲကျလို့ ရေချိုးခန်းထဲမှာ ဆွဲကြိုးချပြီး သတ်သေခဲ့သလို မန္တလေးမြို့မှာ အောက်တိုဘာ ၂၄ ရက်က တက္ကသိုလ်ဝင်တန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူတစ်ယောက် လပတ်စာမေးပွဲကျလို့ ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့ပါတယ်။

ဒီလိုမျိုးဖြစ်စဉ်တွေ မြန်မာပြည်မှာ ဘယ်အချိန်အထိ ဖြစ်နေဦးမှာလဲ။ ဒီကလေးတွေကို ဘယ်သူက သတ်နေတာလဲ။ ဘယ်လို ပညာရေးစနစ်က ကလေးတွေကို သတ်နေရတာလဲ။ နောက်ထပ် စာမကျက်နိုင်လို့၊ စာမေးပွဲ မအောင်လို့ဆိုပြီး စိတ်ဓာတ်ကျနေတဲ့ ကလေးငယ်တွေ ဘယ်လိုမျိုး သတ်သေကြဦးမှာလဲ။

ဒီကိစ္စကို စဉ်းစားဖို့ လိုနေပါပြီ။ မြန်မာနိုင်ငံမှာ အသက် ၁၀ နှစ်ကနေ ၁၈ နှစ်အကြား မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ခုနစ်ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းလောက် ရှိတယ်လို့ သိရပါတယ်။

ပြောင်းလဲရတော့မယ့် ပညာရေးစနစ်

မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က ပြဋ္ဌာန်းစာအုပ်ထဲကအတိုင်း အလွတ်ကျက်ပြီး ဖြေဆိုရတဲ့စနစ် ဖြစ်ပါတယ်။ အလွတ်ကျက်လာတဲ့ စာတွေကို ‘၏၊ သည်’ မရွေး ဖြေဆိုနိုင်မှသာ အမှတ်ကောင်းပြီး ဆေးကျောင်းနဲ့ အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ်တွေကို တက်ရောက်နိုင်မှာဖြစ်တဲ့အတွက် မိဘအများစုက သူတို့သားသမီးတွေကို အချိန်ပြည့် စာအုပ်နဲ့မျက်နှာ မခွာစေချင်ကြပါဘူး။

“မိဘတွေရဲ့ စိုးရိမ်ပူပန်မှုပေါ့။ ကိုယ့်သားသမီးကောင်းဖို့ မိဘတွေမှာ စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ ဒီခေတ်ပညာရေးစနစ်က ကျူရှင်တွေထားမှ သူများထက် ကြိုသာမယ်ဆိုတဲ့ ပညာရေးစနစ် တစ်ခုကို ပြုပြင် တည်ဆောက်ပြီးသား ဖြစ်နေတယ်။ နောက်တစ်ခုက ကျောင်းသားတွေကို သင်ယူမှုက ကျောင်းသူကျောင်းသားရော၊ မိဘကိုရော ၀န်ထုပ်ဝန်ပိုး လာဖြစ်နေတယ်။ ပြောရရင် ကျောင်းသူကျောင်းသားတွေကို စာသင်ခန်းထဲကနေ မပြန်နိုင်အောင် လုပ်ထားတဲ့ ပညာရေးစနစ် ဖြစ်နေတယ်” လို့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) မှ အဖွဲ့ဝင် ဒေါက်တာအာကာမိုးသူကပြောကြားပါတယ်။

ဒါကြောင့်လည်း ကလေးတွေမှာ ကျောင်းပြီးတာနဲ့ ကျူရှင်၊ ကျူ ရှင်ပြီးတာနဲ့ ဂိုက် စတဲ့ ကျောင်းသင်ခန်းစာတွေနဲ့သာ လည်ပတ်နေရတဲ့အတွက် ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ အတွေးအခေါ် ဗဟုသုတ အပိုင်းတွေမှာ ဆိုးရွားစွာ အားနည်းလို့ လာခဲ့ပါတယ်။

“အဲဒါတွေက မိဘတွေကြောင့် ဖြစ်နေတာ။ ဆရာမ မြင်တာကတော့ သားသမီးအပေါ်မှာ ဖြစ်စေချင်တဲ့ မိဘတွေရဲ့ လောဘကြောင့်ပေါ့” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှ အလယ်တန်းပြ ဆရာမတစ်ဦးက ဆိုပါတယ်။

ကျောင်းတွေမှာ ‘ကျောင်းနေပျော်၍ စာတော်ရမည်’ ဆိုတဲ့ စာတန်းရေးသားထားတာကို တွေ့ရပါတယ်။ ဒီစာတန်းအတိုင်း ဒီနေ့ခေတ်မှာ ပညာသင်ကြားနေကြတဲ့ ကလေး သူငယ်တွေအနေနဲ့ ကျောင်းနေပျော်ပြီး တကယ် စာတော်နေပြီလား။

ဒါ့အပြင် ဒီခေတ်ပညာရေးမှာ မိဘတွေရဲ့ ဂုဏ်တုဂုဏ်ပြိုင်ကြောင့် ကလေးသူငယ်တွေက မြေစာပင်ဖြစ်နေကြပြီး မိဘတွေအလိုကျ မိမိတို့ သူငယ်ချင်းတွေကို ပြိုင်ဘက်သဖွယ် ဆက်ဆံနေကြတဲ့အတွက် ပူးပေါင်း လုပ်ဆောင်မှုတွေကိုလည်း မတွေ့ရတော့ပါဘူး။

စာသင်ခန်းထဲမှာ ကလေး သူငယ်အချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်လာပြီး စာတော်သူနဲ့ စာညံ့သူ ကွာဟမှုတွေ ရှိနေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းတဲ့ ယဉ်ကျေးမှုတွေပါ ပပျောက်ကာ ပညာရေးစနစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ရိုက်ခတ်လို့ လာပါတယ်။

ဒီလို စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတဲ့ ကလေးငယ်တွေမှာ ကစားချိန်နဲ့ နားချိန်ဆိုတာတွေ မရှိတော့တဲ့ကြားက မိဘတွေက ဖိအားတွေကိုသာ နေ့စဉ်ပေးနေတဲ့အတွက် ကလေးတွေရဲ့ဘ၀က ထွက်ပေါက်မရှိဘဲ တဖြည်းဖြည်း ပိတ်လှောင်လို့ လာပါတယ်။

သားသမီးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ နားလည်နိုင်မှု စွမ်းရည်နဲ့ လက်ခံနိုင်မှု အတိုင်းအတာကို မိဘတွေက မမြင်နိုင်ဘဲနဲ့ ဖိအားတွေကို ဆက်တိုက်ပေးနေသရွေ့ အရှုံးနဲ့ ရင်ဆိုင်ရတဲ့အခါ လွတ်မြောက်ရာ လမ်းကို ရွေးချယ်သွားကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အလွတ်ကျက်မှတ်ပြီး ရမှတ်ပေတံနဲ့ တိုင်းတာတဲ့ ပညာရေးစနစ်ကို လက်ခံမလား၊ ငြင်းဆန်မလားဆိုတာ ဆုံးဖြတ်ဖို့ အချိန်တန်နေပြီ ဖြစ်ပါတယ်။

အစိုးရသစ်ရဲ့ ပြောင်းလဲလိုက်တဲ့ ပညာရေးစနစ်

အစိုးသစ်အနေနဲ့  ပညာရေးစနစ်သစ် စီမံကိန်းကို ငါးနှစ်အချိန်ယူပြီး ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ KG+12 စုစုပေါင်း ၁၃နှစ် တက်ရောက်ရမှာဖြစ်ပြီး မူလတန်း ခြောက်နှစ်၊ အလယ်တန်းလေးနှစ်နဲ့ အထက်တန်းသုံးနှစ် ပါဝင်တဲ့ ‘KG+5:4:3’ စနစ် ဖြစ်ပါတယ်။

ပထမတန်းကို Grade-1၊ ဒုတိယတန်းကို Grade-2 စသဖြင့် ပြောင်းလဲခေါ်ဝေါ်သွားမှာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုးညွှန်းတမ်းအသစ် ရေးဆွဲမယ့် အစီအစဉ်ကို ငါးပိုင်းပိုင်းပြီး ငါးနှစ် စီမံကိန်း သတ်မှတ်ကာ တစ်နှစ်ပြီး တစ်နှစ် အသီးသီး ပြောင်းလဲ ရေးဆွဲသွားမယ်လို့ သိရပါတယ်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ KG/Grade 1 ကို စတင်ပြောင်းလဲ ကျင့်သုံးနေပြီ ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ Grade 2၊ Grade 6 တို့ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ Grade 3၊ Grade 7၊ Grade 10 တို့ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ Grade 4၊ Grade 8၊ Grade 11 တို့ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်မှာ Grade 5၊ Grade 9၊ Grade 12 တို့ကို ပြောင်းလဲမှာဖြစ်ပါတယ်။

ရက် ၁၀၀ ပြုပြင်ပြောင်းလဲရေး

ပညာရေးဝန်ကြီးဌာနကနေ ရက်ပေါင်း ၁၀၀ အတွင်း ပညာရေး ပြုပြင်ပြောင်းလဲရေး လမ်းစဉ် ၁၀ ခုကို ချမှတ်ခဲ့ပါတယ်။ ပညာရေးဝန်ကြီးဌာန အနေနဲ့ ရက်ပေါင်း ၁၀၀ အတွင်း ပညာရေးဆိုင်ရာ ကိစ္စရပ် ၁၀ မျိုးကို ချမှတ် အကောင်အထည် ဖော်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်တဲ့ မေ ၂၅ ရက်မှ ၃၁ ရက်က စတင်ခဲ့တာပါ။

ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ အစီအစဉ် ၁၀ ခုကတော့ (၁) ကျောင်းအပ်နှံရေးရက် သတ္တပတ်၊ (၂) ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ (၃) အခြေခံ၊ အဆင့်မြင့်၊ နည်းပညာနှင့် သက်မွေးဆရာ၊ ဆရာမများ လစာပြည့် ရရှိရေးနှင့် တစ်ဦးချင်း လွယ်လင့်တကူ ဘဏ်မှထုတ်ယူနိုင်ရေး၊ (၄) ၀ါရင့်ကထိကများ ပါရဂူဘွဲ့သင်တန်း တက်ရောက်နိုင်ရေး အစီအစဉ်၊ (၅) ပါရဂူဘွဲ့ မရသေးသော ကထိကမှ တွဲဖက်ပါမောက္ခ၊ ပါရဂူဘွဲ့မရသေးသော တွဲဖက်ပါမောက္ခမှ ပါမောက္ခသို့ ရာထူးတိုးမှု သတ်မှတ်ချက် ဖြေလျှော့ရေး၊ (၆) နည်းပညာနှင့် သက်မွေးပညာရေးနှင့် သင်တန်းဆိုင်ရာ လေ့လာသုံးသပ်၍ စီမံကိန်းများ ချမှတ်ရေး၊ (၇) အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ နည်းပညာနှင့် သက်မွေးပညာကဏ္ဍတို့တွင် ဆရာ၊ ဆရာမများ အတန်းဝင်ရောက် သင်ကြားမှုကို စစ်ဆေး အကဲဖြတ်မှု၊ (၈) အမျိုးသားအဆင့် ပညာရေးမူဝါဒ ကော်မတီ၊ အမျိုးသားအဆင့် အရည်အသွေး အာမခံမှုနှင့် တရားဝင် အသိအမှတ်ပြု ကော်မတီ၊ အမျိုးသားအဆင့် သင်ရိုးညွှန်းတမ်း ကော်မတီတို့ကို ဖွဲ့စည်းခြင်း၊ (၉) သဘောသဘာဝတူ၊ အမျိုးတူ တက္ကသိုလ်များ ပေါင်းစည်းခြင်းနှင့် (၁၀) Alternative ပညာရေးအတွက် ဆောင်ရွက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

သမ္မတဟောင်းဦးသိန်းစိန် လက်ထက်မှာ ပညာရေးဝန်ကြီးဌာနကို ဌာနကိုးခုနဲ့ ဖွဲ့စည်းခဲ့ပေမယ့် အစိုးရသစ် လက်ထက်မှာတော့ ပညာရေးဝန်ကြီးဌာနကို ဌာန ၁၂ ခုနဲ့ အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီဌာနတွေကတော့ (၁) အဆင့်မြင့်ပညာဦးစီးဌာန၊ (၂) ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ (၃) လူ့စွမ်းအား အရင်းအမြစ်နှင့် စီမံကိန်းဦးစီးဌာန၊ (၄) အခြေခံပညာဦးစီးဌာန၊ (၅) မြန်မာနိုင်ငံ ပညာရေး သုတေသနဦးစီးဌာန၊ (၆) မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၊ (၇) မြန်မာစာနှင့် ဘာသာစကား ပညာရေး ဦးစီးဌာန၊ (၈) နည်းပညာနှင့် သက်မွေးပညာဦးစီးဌာန၊ (၉) စက်မှုနည်းပညာ မြှင့်တင်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန၊ (၁၀) အဏုမြူစွမ်းအင် ဦးစီးဌာန၊ (၁၁) သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန၊ (၁၂) ဇီဝနည်းပညာနှင့် ဒြပ်ပစ္စည်း သိပ္ပံသုတေသနဦးစီးဌာနတို့ပဲ ဖြစ်ပါတယ်။

စတင်ပြောင်းလဲလိုက်တဲ့ KG သင်ရိုးညွှန်းတမ်းအသစ်

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှာ စတင်ပြီး သူငယ်တန်း သင်ရိုးညွှန်းတမ်းအသစ် သင်ကြားပေးကြမယ့် မူလတန်းပြဆရာ၊ ဆရာမ ၉၀၀၀၀ ကို သူငယ်တန်း ဆရာ၊ ဆရာမမြို့နယ်အဆင့် သင်တန်းအဖြစ် သက်ဆိုင်ရာ မြို့နယ်တွေမှာ ဧပြီ  ၂၆ ရက်ကနေ မေ ၁၀ ရက်အထိ သင်ကြားပေးခဲ့ပါတယ်။

ဒီသင်ကြားမှုနဲ့ ပတ်သက်လို့ တောင်ကြီးမြို့နယ် မူလတန်းလွန်ကျောင်းက မူလတန်း ကျောင်းအုပ်ဆရာမကြီး တစ်ယောက်က “ကျွန်မတို့ ပညာရေး ပြောင်းနေပါတယ်။ အခုသူငယ်တန်း ပညာရေးဟာ ငါးနှစ်အရွယ် ကလေးများ မူလတန်း ပညာရေးကို သင်ယူနိုင်ရန် ပြင်ဆင်ပေးတဲ့ ပညာရေးပါ။ မူကြိုပညာရေးနဲ့ မတူတဲ့အချက်က မူကြိုမှာ ကလေးတွေ နေ့လယ်အိပ်ရပါတယ်။ သူငယ်တန်းကလေးများ မအိပ်ရပါ။ မူကြိုမှာ စာရေး မသင်ပါ။ သူငယ်တန်းမှာ ပညာသင်နှစ်ရဲ့ နောက်ဆုံးသုံးလမှ စာရေးစသင်ပါတယ်။ သူငယ်တန်းမှာ စာမေးပွဲမရှိ၊ ဖတ်စာအုပ်မရှိ၊ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကလေးများကို တန်းတူသင်ယူမှုပေး၍ ကောင်းသော သင်ကြားမှုများဖြင့် သူ့အသက် အရွယ်အလိုက်ကောင်းသော ဘက်စုံဖွံ့ဖြိုးမှုရအောင် သင်ကြားပေးမယ့် အတန်းပါ” လို့ ဆိုပါတယ်။

လက်ရှိသင်ကြားနေတဲ့ သူငယ်တန်း သင်ရိုးညွှန်းတမ်း အသစ်ဟာ အရင်က သင်ရိုးညွှန်းတမ်းလို မဟုတ်ဘဲ ကလေးတွေကို ဗဟိုပြု သင်ကြားပေးတာ ဖြစ်တဲ့အပြင် ကျောင်းနေပျော်ပြီး စာတော်အောင် လုပ်ပေးမယ့် သင်ရိုးညွှန်းတမ်း ဖြစ်တယ်လို့ သင်တန်းတက်ခဲ့ဖူးတဲ့ မူလတန်းပြဆရာမတွေက ဆိုပါတယ်။

“အခု သင်ရိုးက ကလေးကို ဗဟိုပြုပြီး သင်တာ။ အစတုန်းက သင်တာက ကလေးကျောင်းရောက်တာနဲ့ ခဲတံကိုင်တတ်အောင် သင်ပြီးတာနဲ့ ၀လုံးကို အတင်းရေးခိုင်းတာ။ အခုက အဲဒီလိုမျိုး မဟုတ်တော့ဘူး။ ကလေးကို အရင်ပျော်အောင်လုပ်မယ်။ ကျောင်းဖွင့်ဖွင့်ချင်း စာတွေမသင်သေးဘူး။ ကဗျာတွေဆိုမယ်။ ကစားမယ်။ ပြီးတော့ ရုပ်ပြပုံလေးတွေ၊ ပုံပြင်လေးတွေ အဲဒါတွေနဲ့ ကလေးတွေကို ဆွဲဆောင်ပြီး သင်သွားမှာ။ အဲဒီတော့ ကလေးက ပိုပျော်သွားမယ်။ ဉာဏ်ရည်လည်း ပိုကောင်းလာမယ်။ ပထမတော့ သင်ယူလိုစိတ် ရှိအောင်လို့ နှိုးဆော်ပေးတာပေါ့။ ပြီးတော့မှ သူတို့ကို တတ်မြောက်အောင်သင်မယ်” လို့ လမ်းမတော်မြို့နယ်မှ မူလတန်းပြ ဆရာမတစ်ဦးက ပြောပါတယ်။

ဒီလိုသင်ကြားရာမှာ ကလေးတွေ သင်ယူရမယ့် နယ်ပယ်ခြောက်ခုအဖြစ် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ စာရိတ္တမိတ္တနဲ့ စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အပြန်အလှန် ပြောဆိုဆက်ဆံခြင်း၊ သင်္ချာအခြေခံများကို စူးစမ်း လေ့လာခြင်း၊ အနုရသခံစားမှုနဲ့ ဖန်တီးခြင်း၊ ပတ်ဝန်းကျင်လောကကို သိရှိနားလည်ခြင်းစတဲ့ နယ်ပယ်ခြောက်ခု တတ်မြောက်ဖို့အတွက် အကြောင်းအရာ ၁၅ ခုကို ရွေးချယ်ပြီးတော့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

အရင်သင်ကြားခဲ့တဲ့ သူငယ်တန်း သင်ရိုးညွှန်းတမ်းအဟောင်းဟာ ဘာသာရပ် ဗဟိုပြုခဲ့တာ ဖြစ်ပေမယ့် ဒီနှစ်စတင် သင်ကြားမယ့် သင်ရိုးညွှန်းတမ်း အသစ်ကတော့ ကလေးတွေရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေဖြစ်မယ့် သင်ယူမှုနယ်ပယ် ခြောက်ခုနဲ့ ဖွဲ့စည်းထားလို့ ပထမတန်းကို ကူးပြောင်းတဲ့အခါ အဆင်ပြေစေနိုင်တဲ့ ပုံစံမျိုး ဖြစ်ပါတယ်။

“သင်ရိုးညွှန်းတမ်း အသစ်လို့ ပြောတဲ့အတွက် ကလေးတွေရဲ့ ပညာရေးက ကောင်းလာနိုင်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ငယ်ငယ်လေး ကတည်းက ဒါကျက်ဒါဖြေ စနစ်ကြီးနဲ့ ကြီးပြင်းခဲ့ရတာလေ။ ကျွန်မသားသမီးတွေ လက်ထက်မှာတော့ ခုလို ပညာရေးစနစ် ပြောင်းလဲတာ ကောင်းမယ်လို့ ယူဆပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီအပြောင်းအလဲကို ကျွန်မတို့လို မိခင်တွေက ကြိုဆိုပါတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်မှ ဒေါ်ခိုင်ခိုင်မျိုးက ဆိုပါတယ်။

သူငယ်တန်း သင်ရိုးညွှန်းတမ်း အသစ်မှာ ပြဋ္ဌာန်းစာအုပ်မထားရှိဘဲ ဆရာတွေက စနစ်တကျ ပြင်ဆင်ထားတဲ့ ကဗျာတွေ၊ ပုံပြင်တွေနဲ့ တေးသီချင်း အပါအ၀င် သင်ထောက်ကူပြု ပစ္စည်းတွေနဲ့ ကလေးဗဟိုပြု ချဉ်းကပ် သင်ကြားနည်းတွေကို အသုံးပြု၍ လေ့ကျင့်သင်ကြားမှာ ဖြစ်ပါတယ်။

ကလေးငယ်တွေဟာ မြန်မာဗျည်းအက္ခရာ ၃၃ လုံးအနက် အရေးခက်တဲ့ ဗျည်းအက္ခရာ ရှစ်လုံးကို ချန်ပြီး ၂၅ လုံးကို သင်ကြားရမှာ ဖြစ်ပါတယ်။ ဒါ့ပြင် အင်္ဂလိပ်စာ အခြေခံ၊ သင်္ချာအခြေခံ၊ ပုံဆွဲခြင်းနှင့် ဆေးရောင်ခြယ်ခြင်းတို့ကို သင်ထောက်ကူ ပစ္စည်းများ အသုံးပြုပြီး သင်ကြားသွားမှာ ဖြစ်ပါတယ်။ စာအရေးအသားကိုတော့ စာသင်နှစ်ရဲ့ နောက်ဆုံး သုံးလရောက်မှသာ သင်ကြားပေးမှာ ဖြစ်ပါတယ်။ အရေးခက်တဲ့ ဗျည်းအက္ခရာ ရှစ်လုံးကိုတော့ ပထမတန်းမှာ ပြန်လည် သင်ကြားပေးမှာ ဖြစ်ပါတယ်။

“ရေးနည်းကို နောက်ဆုံးသုံးလမှ သင်မယ်။ သူတို့ ကန့်သတ်ထားတာတွေ ရှိတယ်။ ဗျည်းဆိုလည်း ၃၃ လုံးရှိတဲ့ အထဲကမှ ခက်တဲ့စာလုံးတွေဖြစ်တဲ့ ရှစ်လုံးကို ဖြုတ်ထားတယ်။ ၂၅ လုံး စသင်မယ်။ အင်္ဂလိပ်စာကျတော့ 1 to 10 သင်မယ်။ ကဗျာလေးတွေ သင်ပေးမယ်။ သင်္ချာကျတော့ တစ်ကနေ နှစ်ဆယ်အထိ သင်ရမယ်။ ပေါင်းဖတ်တာတွေကျတော့ ရှစ်လနောက်ပိုင်းကျမှ သင်မှာ” လို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှ မူလတန်း ဆရာမတစ်ယောက်က ပြောပါတယ်။

သင်ရိုးညွှန်းတမ်းအသစ်ကို ကျောင်းတွေမှာ တစ်ရက်လေးနာရီနှုန်းနဲ့ တစ်ပတ်ကို ငါးရက် သင်ကြားပေးမှာဖြစ်ပြီး ရက်သတ္တပတ် ၃၂ ပတ်အတွက် သင်ကြားချိန်နာရီပေါင်း ၆၄၀ သာ သင်ကြားမယ်လို့ သိရပါတယ်။ အတန်းတင်ဖို့ စိစစ် အကဲဖြတ်ရာမှာ သူငယ်တန်းအတွက် စာမေးပွဲစနစ် မရှိဘဲ ပထမတန်းကို ဆက်လက်တက်ရောက် ခွင့်ပြုမှာ ဖြစ်ပါတယ်။

“အောင်ရှုံးမရှိဘူး။ စာမေးပွဲလည်း မရှိဘူး။ တစ်ခါတည်း တစ်တန်းကို တန်းတက်ရမှာ” လို့ လမ်းမတော်မြို့နယ် မူလတန်းကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကား

ပြောင်းလဲလိုက်တဲ့ ပညာရေးစနစ်အပေါ် ကျောင်းသား၊ ကျောင်းသူတွေက သဘောကျ နှစ်သက်ပေမယ့် မိဘတွေက သဘောကျ နှစ်သက်ခြင်း မရှိဘူးလို့ ဇန်န၀ါရီ ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်များ၏ စကားဝိုင်းမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

“ပညာရေးစနစ်နဲ့ ပတ်သက်ရင် အမှတ်နဲ့ ဆုံးဖြတ်တဲ့စနစ်ကို အန်တီတို့အနေနဲ့ ဒီဟာကိုပြောင်းမယ်။ Grading နဲ့ သွားမယ်ပေါ့။ A, B, C Grade နဲ့ သွားမယ်။ အရင်လို အမှတ်နဲ့မသွားဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ဒီစနစ်ကို ၂၀၁၆ သြဂုတ်လပတ် စာမေးပွဲကနေစပြီး န၀မတန်းထိ စာမေးပွဲ စစ်ဆေးရာမှာ ကျင့်သုံးလျက်ရှိပြီး အမှတ် ၈၀ ကနေအထက်ကို A အဆင့်၊ အမှတ် ၆၀ ကနေ ၇၉ မှတ်အထိကို B အဆင့်၊ အမှတ် ၄၀ ကနေ ၅၉ မှတ်အထိကို C အဆင့်ဆိုပြီး သတ်မှတ်တယ်လို့ သိရပါတယ်။

မိဘတွေ သတိပြုသင့်ပြီ

လက်ရှိအချိန်မှာ အစိုးရသစ်ရဲ့ ပြောင်းလဲလိုက်တဲ့ ပညာရေးစနစ်အပေါ်မှာ သဘောကျတဲ့ မိဘတွေရှိသလို သဘောမကျတဲ့ မိဘတွေလည်း ရှိနေပါတယ်။

အမှတ်နဲ့ အဆင့်ကို အရိုးစွဲနေတဲ့ မိဘတွေ အတွက်ကတော့ လက်ရှိပြောင်းလဲလိုက်တဲ့ ပညာရေးစနစ်ကို သဘောမကျနိုင်ပါဘူး။ ဒါကြောင့်လည်း KG တန်းကိုတောင် ကျူရှင်ပြပေးဖို့ မိဘတွေက တောင်းဆိုမှုတွေ ရှိနေတယ်လို့ ဆရာ၊ ဆရာမတွေဆီက သိရပါတယ်။

“တချို့ မိဘတွေက သူတို့သားသမီး စာမရေးတတ် စာမဖတ်တတ်မှာကို စိုးရိမ်ပြီး KG တန်းကလေးကို ကျူရှင်ပြပေးဖို့ လာတောင်းဆိုတာတွေတောင် ရှိတယ်” လို့ မူလတန်းပြ ကျောင်းဆရာမတစ်ယောက်က ဆိုပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် ဒီခေတ်မိဘတွေဟာ ကလေးငယ်တွေ အပေါ်မှာ မိမိတို့စိတ်ကြိုက် ခြယ်လှယ်နေတာကို တွေ့ရမှာပါ။

တကယ်တော့ ကလေးတွေ ဖြစ်ချင်တဲ့ ဆန္ဒကိုသာ အဓိက ပံ့ပိုးပေးပြီး သူတို့သွားချင်တဲ့ လမ်းကြောင်းကို တည့်မတ်အောင် ထိန်းပေးဖို့ကသာ မိဘတွေရဲ့ တာဝန်ဆိုတာကို မိဘတွေ မေ့နေကြတာ ဖြစ်ပါတယ်။

ဒါ့ပြင် ပြောင်းလဲလိုက်တဲ့ ပညာရေးစနစ်မှာ အမှတ်နဲ့ မဟုတ်ဘဲ အဆင့်သတ်မှတ်ချက်နဲ့ စားမေးပွဲ ရလဒ်ကို ထုတ်ပြန်ပေးမှုအပေါ် တချို့မိဘတွေက ကျေနပ်မှုမရှိဘူးလို့ ပညာရေး အသိုင်းအ၀ိုင်းက သိရပါတယ်။

“တချို့ မိဘတွေကလာပြီး အထွန့်တက်တာတွေ ရှိတယ်။ သူတို့ သားသမီးရဲ့ ရမှတ်တွေ သိချင်လို့ဆိုပြီး လာပြောတာတွေ ရှိတယ်။ ပြောရရင်တော့ အမှတ်နဲ့ပဲ မိဘတွေ ကိုယ်တိုင်ကလည်း စာမေးပွဲတွေကို ဖြတ်သန်းလာရတော့ အရိုးစွဲနေတာနေမှာပေါ့” လို့ မင်္ဂလာတောင်ညွှန့် မြို့နယ်မှာ တာဝန်ကျနေတဲ့ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦးက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မိဘနဲ့ သားသမီးအကြား ရှေးရိုးစွဲ အယူဝါဒတွေကလည်း လက်ရှိအချိန်အထိ လွှမ်းမိုးနေတဲ့အတွက် မိဘစီမံသမျှအားလုံးကို ကောင်းကောင်းဆိုးဆိုး သားသမီးတွေက ခံယူနေရဆဲ ဖြစ်ပါတယ်။

ရှေးရိုးစွဲ အယူအဆတွေ လွှမ်းမိုးနေတာကြောင့် ပညာသင်ကြားရေးမှာ သားသမီးတွေက မိဘတွေ အလိုကျ ကြိုးဆွဲရာ “က” နေရတဲ့ ရုပ်သေးရုပ်ဘ၀ကို ရောက်ရှိလာပြီး ဖိအားတွေနဲ့ အသက်ရှင်နေရတာ ဖြစ်ပါတယ်။

ဒီလို ဖိအားတွေကြောင့်ပဲ မိဘတွေ လိုချင်တဲ့ရလဒ်ကိုရအောင် မလုပ်ပေးနိုင်တဲ့ အခါမှာတော့ လူ့ဘ၀ရဲ့ အရသာကို ပြည့်ပြည့်၀၀ မမြည်းစမ်းလိုက်ရဘဲ ဒီဘ၀ကနေ လွတ်မြောက်နိုင်မယ့် သေခြင်းတရားလမ်းဆီကို ကလေးငယ်တွေက ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြောင်းလဲလိုက်တဲ့ ပညာရေး စနစ်အပေါ်မှာ မိဘတွေက သဘောမကျဖြစ်နေမှုနဲ့ ပတ်သက်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်များ၏ စကားဝိုင်းမှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“စိတ်ဝင်စားဖို့ ကောင်းတာက စပြီးပြောင်းတာမှာ ကျောင်းသူ၊ ကျောင်းသားတွေက သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အပေါ်မှာ ဖိအား ပိုပြီးနည်းသွားတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ အမှတ်လေး သုံးလေးမှတ်ကွာတာနဲ့ကို ပြိုင်နေရတဲ့ ဖိအားတွေ နည်းသွားတယ်။ ဒါပေမဲ့ သဘောမကျတာက မိဘတွေ။ မိဘတွေကိုပြန်ပြီး ပညာပေးမှဖြစ်မယ်။ သူတို့ကို ကျောင်းတက်ခိုင်းမှ ဖြစ်မယ်။ နောက်ပြီး သူတို့ကို စာမေးပွဲ ဖြေခိုင်းရမယ်။ အဲဒါမှ Pressure (ဖိအား) ဘယ်လောက်များလဲ ဆိုတာသိမှာ” လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

Sources; ဆန်းမိုးထွန်း/Eleven Media Group

No comments:

Post a Comment