Latest News

Sunday, January 8, 2017

ရန်ကုန်မြို့ရဲ့ ကားပါကင်ပြဿနာ ပြေလည်သွားနိုင်မလား

ရန်ကုန်မြို့ရဲ့ ကားပါကင်ပြဿနာ ပြေလည်သွားနိုင်မလား


ရန်ကုန်မြို့ရှိ အများပြည်သူပိုင်လမ်းများ အားလုံးတွင် ယာဉ်ရပ်နားနေရာ၊ ယာဉ်မရပ်ရနေရာများ သတ်မှတ်ပိုင်းခြား၍ မျဉ်းများရေးဆွဲကာ ယာဉ်ရပ်နားခများ စနစ်တကျ ပြန်လည်ကောက်ခံမည်ဖြစ်ပြီး ကားပါကင်များလည်း တည်ဆောက်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းသို့ ပြောကြားချက်က ကားပါကင် လိုအပ်ချက်များစွာ ရှိနေသော ရန်ကုန်မြို့အတွက် ကောင်းမွန်သည့် အစီအစဉ်တစ်ရပ် ဖြစ်သည်။ ရန်ကုန်မြို့တွင် နေ့စဉ်နှင့်အမျှ ကားပါကင် ပြဿနာတက်နေပြီး အထူးသဖြင့် ရန်ကုန်မြို့တွင်း Down Town ဧရိယာတွင် ကားပါကင် အခက်အခဲကို ပိုမိုရင်ဆိုင်နေရသည်။

ယခင်အစိုးရလက်ထက်က ကားတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် ရန်ကုန်မြို့သို့ ယာဉ်အစီးရေ အများအပြား ၀င်ရောက်လာခဲ့သည်။ အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သည့် လမ်းအခြေအနေ၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများအား ထိန်းချုပ်နိုင်မှု အားနည်းသည့် အခြေအနေများနှင့် ကားပါကင်များ အဆင်သင့် မဖြစ်သေးသည့် အခြေအနေတွင် ကားများအလုံးအရင်းဖြင့် ၀င်ရောက်လာခြင်းကြောင့် ကားပါကင်ပြဿနာများ ဆိုးရွားလာခဲ့သည်။

ယင်းပြဿနာကို ယခင်အစိုးရ လက်ထက်ကတည်းက နည်းလမ်းမျိုးစုံဖြင့် ဖြေရှင်းခဲ့ကြသော်လည်း ပြေလည်ခဲ့ခြင်းမရှိပေ။ ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီခွဲခန့်က လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းတွင် ကားပါကင်နေရာလုရာမှ စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့သည်။ ယင်းအဖြစ်အပျက်ကိုကြားပြီး တော်တော်ကို တုန်လှုပ်ခဲ့ကာ ထိုဖြစ်စဉ်မှာ ရန်ကုန်မြို့၏ ကားပါကင်ရှားပါးမှု ပြဿနာ ကို မီးမောင်းထိုးပြလိုက်သလိုပင် ဖြစ်ခဲ့သည်။

ရန်ကုန်မြို့တွင် ကားပါကင် အခက်အခဲအဖြစ်ဆုံး၊ ပိတ်ဆို့သိပ်သည်းမှု အများဆုံးမှာ မြို့လယ်ဗဟို စီးပွားရေးဇုန်နေရာ ဖြစ်သည်။ နေ့စဉ်ဆင်ခြေဖုံးများ၊ မြို့သစ်များမှ ဘတ်စ်ကား လမ်းကြောင်းများမှ မြို့လယ်ဗဟိုဇုန်သို့သာ ဦးတည်လာကြသည်။ သို့ဖြစ်ရာ ယင်းဧရိယာသို့ စုပြုံတိုးလာသည့် ယာဉ်များမှာ အချိန်အတော်ကြာအောင် မြို့တွင်းတွင် ရပ်နားထားကြရာ ယင်းတို့အတွက် လုံလောက်သည့် ကားပါကင်မရှိခြင်း ဖြစ်သည်။ ထို့အတွက် ၎င်းတို့အား အမြန်ထွက်ခွာနိုင်စေရန်  ယာဉ်ရပ်နားကောက်ခံသည့် စနစ်ဖြင့် ထိန်းချုပ်ရန် လိုအပ်မည်ဖြစ်သည်။

ယခင်ရန်ကုန်မြို့တွင်း လမ်းများပေါ်တွင် ယာဉ်ရပ်နားခကို တစ်နာရီလျှင်မည်မျှဟူ၍ အချိန်ကာလတစ်ခု သတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံသည့်စနစ်ကို ကျင့်သုံးခဲ့ရာမှာ ယခင်အစိုးရလက်ထက် ၂၀၁၃ ခုနှစ်ဧပြီလမှ စတင်၍ ယင်းသို့ငွေကြေး မကောက်ခံတော့ကြောင်း၊ ငွေကြေး မကောက်ခံတော့သဖြင့် ယာဉ်များအချိန်ကြာမြင့်စွာ ရပ်နားထားပြီး စည်းကမ်းမဲ့မှုအချို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုဖြစ်လာ၍ ၂၀၁၄ ခုနှစ် ဧပြီလမှစတင်၍ ယာဉ်ရပ်နားခမှုများ ပြန်လည်ကောက်ခံခဲ့သည်။

ထို့သို့ ယာဉ်ရပ်နားပြန်လည် ကောက်ခံမှု သိပ်မကြာမီ၌ ၂၀၁၄ နှစ်ကုန်ပိုင်း၍ ယာဉ်ရပ်နားခ ကောက်ခံသည့်စနစ်ကို ပြန်လည် ဖျက်သိမ်းခဲ့ခြင်းကြောင့် ယခင်အစိုးရ လက်ထက်၌ပင် မူဝါဒပိုင်းအမျိုးမျိုး ပြောင်းလဲမှုက ယာဉ်ရပ်နားသူများအတွက် အခက်အခဲများ ဖြစ်နေသည်နေပြီး ကားပါကင် အခက်အခဲကိုလည်းများစွာ ဖြစ်ပေါ်စေခဲ့သည်။ ယာဉ်ရပ်နားခ ကောက်ခံမည်ဆိုပါကလည်း တိကျခိုင်မာသည့် မူဝါဒအစီအစဉ်များ ချမှတ်ကာ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် ယာဉ်များအတွက် ထိရောက်သည့် ရပ်နားခများ ကောက်ခံနိုင်မှသာ မလိုအပ်ဘဲ အချိန်ကြာမြင့်စွာ ရပ်တန့်ထားခြင်းများ လျော့ပါးသွားနိုင်မည်ဟု သုံးသပ်ကြသည်။

 ယာဉ်ရပ်နားမှုဆိုင်ရာ မူဝါဒများ အတိအကျ သတ်မှတ်ခဲ့မှု အားနည်းခြင်းကြောင့် ယင်းသို့ကားပါကင် ပြဿနာများ ဖြစ်ပွားခဲ့ရပြီး အဆိုပါပြဿနာသည် ယခုအစိုးရသစ် လက်ထက်တွင်လည်း စိန်ခေါ်မှုတစ်ခုအနေဖြင့် ဆက်လက်တည်ရှိနေခဲ့သည်။

လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က “ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားမှုများ စနစ်တကျ ဖြစ်စေရန်အတွက် အများပြည်သူပိုင် လမ်းများတွင် ကားပါကင်လိုင်းများ ရေးဆွဲကာ ယာဉ်ရပ်နားခ ကောက်ခံစေလျက် ယာဉ်ရပ်နားမှုဆိုင်ရာ စည်းကမ်းများ၊ မူဝါဒများ ချမှတ်ပေးရန် အစီအစဉ်ရှိမရှိ” ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းချက်အပေါ် ယခင်က ရန်ကုန်မြို့တွင် အခကြေးငွေဖြင့် ယာဉ်ရပ်နားနိုင်သည့် နေရာများသတ်မှတ်ကာ ယာဉ်နားခများ ကောက်ခံခဲ့ကြောင်း၊ ယင်းသို့ကောက်ခံရာတွင် နောက်ပိုင်းစနစ်တကျ မရှိတော့ခြင်းကြောင့် ယင်းအစီအစဉ်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပြန်လည်ဖျက်သိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့သည်။

“တစ်ချိန်က ရန်ကုန်တိုင်းအတွင်းမှာ နေရာသတ်မှတ်ပြီးတော့ ယာဉ်ရပ်နားခ၊ ကားပါကင်ကြေး ကောက်ခံခဲ့ပါတယ်။ သို့သော်လည်း ဒီကားပါကင်ကြေး ကောက်ခံတာက နောက်ပိုင်းမှာ စနစ်တကျမဖြစ်တော့ဘဲနဲ့ တစ်ဆင့်ကန်ထရိုက်ပေးခြင်း၊ စည်ပင်သာယာက ယာဉ်ရပ်နားခကောက်ခံဖို့ ကန်ထရိုက်ပေးတယ်၊ ကန်ထရိုက်ကတစ်ဆင့် ကန်ထရိုက်ပေးတယ်။ တစ်ဆင့် ကန်ထရိုက်တွေ အဆင့်ဆင့်ပေးပြီးတော့ ယာဉ်ရပ်နားတာကို စည်းကမ်းတကျဖြစ်ဖို့အတွက် စီစဉ်ဆောင်ရွက်ခြင်း မရှိတော့ပဲ ငွေကောက်ခံဖို့ အဓိကဖြစ်လာတဲ့အတွက် စည်ပင်သာယာကပဲ ဒီစနစ်ကို ပြန်ပြီးတော့ ရပ်နားထားခြင်း ဖြစ်ပါတယ်” ဟု ဒေါ်နီလာကျော်က ဆိုသည်။              

ကားပါကင်ကြေးကို ကန်ထရိုက်များအားပေးကာ ကောက်ခံခိုင်းခြင်းကြောင့် စည်းကမ်းတကျဖြစ်ဖို့ထက် ငွေကောက်ခံဖို့ကိုသာ အဓိကဦးစားပေးနေခြင်းကြောင့် ယာဉ်ရပ်နားမှု စနစ်တကျ ဖြစ်စေရန်အတွက် စီစဉ်ဆောင်ရွက်နိုင်မှု မရှိတော့ခြင်းဖြစ်လည်း ဖြစ်သည်။ ယခုရန်ကုန်မြို့တွင်း အများပြည်သူပိုင်လမ်းများ အားလုံးတွင် ယာဉ်ရပ်နားနေရာ၊ ယာဉ်မရပ်ရနေရာများ သတ်မှတ်ပိုင်းခြား၍ မျဉ်းများရေးဆွဲကာ ယာဉ်ရပ်နားခများ စနစ်တကျ ပြန်လည်ကောက်ခံမည်ဆိုရာတွင် မည်သို့စနစ်တကျ လုပ်ဆောင်မည်ဆိုသည်မှာ များစွာရေးကြီးလှပြီး အစိုးရက သေချာစွာ စိစစ်ကြပ်မတ် လုပ်ဆောင်နိုင်ရန် အရေးကြီးကြောင်း သုံးသပ်မှုများ ရှိနေသည်။

“ကားတွေ ရပ်ချင်သလိုရပ်တယ်။ ဟိုတစ်လောက ကားတွေပေါတဲ့ အခါကျတော့ မသုံးဘဲနဲ့လည်း သုံးလေးစီးဝယ်ပြီး ရပ်ထားတာမျိုးတွေရှိတယ်။ ကိုယ့်ရပ်ကွက်အတွင်း လမ်းတွေထဲမှာတော့ ပြဿနာမရှိဘူး။ မြို့တွင်းလမ်းတွေလို အများပြည်သူသွားလာ လှုပ်ရှားနေတာဆိုတော့ ဒီလိုလာရပ်ထားတော့ အဆင်မပြေဘူး။ မြို့ထဲရောက်မှ ကားရပ်စရာ နေရာမရှိဘူးဆိုတဲ့ ပြဿနာကလည်း ကြားနေရတယ်ဆိုတဲ့ အခါကျတော့ လမ်းမတန်းမှာ အသေရပ်ထားတဲ့ ကားတွေကို စနစ်တကျ ကောက်သင့်တယ်လို့ ထင်တယ်” ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက သုံးသပ်ပြောကြားသည်။

ရန်ကုန်မြို့တွင်း ကားပါကင်များလည်း တည်ဆောက်ရန် စီစဉ်လျက်ရှိနေသည် ဆိုရာတွင်လည်း ကားပါကင်နေရာများမှာ မြို့တွင်း Down Town ဧရိယာတွင် အခက်အခဲများစွာ ရှိနိုင်သည်။ ယခင်ကတည်းက ပြည့်ကျပ်နေသော မြို့တွင်းဧရိယာတွင် ကားပါကင်အတွက် နေရာပေးနိုင်မှု ရှားပါးနိုင်သည်။

“ကားပါကင်တွေ ဆောက်မယ်ဆိုတာတော့ သူတို့ကတော့ ဒီလိုလေးလုပ်ချင်တယ်လို့ ပြောတာပေါ့။ ဒါပေမဲ့ မြေပြင်အခြေအနေမှာတော့ ဆောက်လို့မရတဲ့ မြို့နယ်တွေရှိတယ်လေ။ လုံးဝကို နေရာမရှိတော့တဲ့ အစ်မတို့မြို့နယ်လိုပေါ့။ အစ်မတို့ ကျောက်တံတားမြို့နယ်မှာဆို အစ်မလိုက်ကြည့်တယ်။ ဘယ်လိုမှကို နေရာမရှိဘူး။ ဟိုတစ်လောက အမှုဖြစ်တဲ့ လမ်း ၄၀ နဲ့ ဗိုလ်အောင်ကျော် လမ်းထောင့်က နေရာရှိတယ်။ အဲဒါကပိုင်ရှင်ရှိတော့ မသိဘူးပေါ့။ အစိုးရဘက်ကတော့ သူတို့စီစဉ်စရာ မြေနေရာကတော့ အစ်မတို့မှာ နေရာမရှိတော့ဘူး။ အစ်မတို့မြို့နယ်အနေနဲ့တော့ အခက်အခဲရှိမယ်။ ဒီလိုလုပ်မယ် ဆိုတာကိုတော့ ကြိုဆိုတယ်။ ရှိသမျှလမ်းပေါ် နေရာတိုင်းကို ကားပါကင်လုပ်မယ် ဆိုရင်တော့ ဥပမာ - အနော်ရထာ လမ်းပေါ်မှာရှိတဲ့ နေရာတွေကို အကုန်ကားပါကင် လုပ်မယ်ဆိုရင်တော့ မသိဘူးပေါ့။ အကုန်စနစ်တကျ ဖြစ်ရင်တော့ ကောင်းတာပေါ့” ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆက်လက်ပြောကြားသည်။

ကားပါကင်မရှိခြင်းကြောင့် လက်ရှိမြို့တွင်း ခြောက်လမ်းသွားလမ်းများတွင် အချို့မှာ လေးလမ်းသာ သွားလို့ရသည်။ ကျန်သည့်နှစ်လမ်းက လမ်းနံဘေးရပ်ထားသည့် ယာဉ်များကြောင့် သွား၍မရ။ ယခင်က လမ်းဘေးဈေးသည်များ ရှိနေခြင်းကြောင့် ပိုမိုပိတ်ဆို့ခဲ့ပြီး ယခုမြို့တွင်းရှိ လမ်းမကြီးများတွင် လမ်းဘေးဈေးသည်များ ဈေးမရောင်းရ သတ်မှတ်ခဲ့ခြင်းကြောင့် အတော်အသင့်တော့ ရှင်းသွားခဲ့သည်။ ဈေးသည်များနေရာတွင် ကားရပ်ခွင့်ရခဲ့သည်။ သို့သော်လည်း ကားပါကင် ပြဿနာကတော့ ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

သို့ဖြစ်ရာ လက်ရှိဝန်ကြီးဌာနအချို့က ပိုင်ဆိုင်သော၊ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးသည့် မြို့တွင်းရှိ နေရာလွတ်များတွင် ယာဉ်အစီးရေ အများအပြား ရပ်နားနိုင်သည့် အဆင့်မြင့်ကားပါကင်များ တည်ဆောက်နိုင်မှသာ မြို့တွင်းရှိ ယာဉ်ကြောပိတ်ဆို့မှုကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်မည်ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူအချို့က သုံးသပ်ကြသည်။

“တကယ်ဆို မြို့တွင်းမှာ အထပ်မြင့် ကားပါကင်တွေ ရှိသင့်တယ်။ ကားနဲ့ရုံးတက်တဲ့သူတွေ၊ အချိန်ကြာမြင့်စွာ ရပ်ချင်တဲ့သူတွေ အဲဒီမှာသွားရပ်။ နာရီနဲ့ပိုက်ဆံကောက်။ သူက အဲဒီကနေသွားချင်တဲ့ နေရာကို နည်းနည်းလမ်းလျှောက်ပြီး ထပ်သွား။ ဒါဆိုရင် တော်တော်ကို အဆင်ပြေနိုင်တယ်။ ဒါပေမဲ့ အဲဒီလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးဘူး။ သူတို့ဘက်က မြေနေရာ အခက်အခဲရှိတယ်လို့ ပြောမှပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအချိန်မှာ မြေဈေးက ကောင်းနေတာပဲ။ ဒါပေမဲ့ အချို့ဝန်ကြီးဌာနပိုင် မြေတွေရှိတယ်။ အဲဒါတွေကို လုပ်လို့ရအောင် ညှိနှိုင်းသင့်တယ်” ဟု ရန်ကုန်မြို့ရှိ အငြိမ်းစားဝန်ထမ်း တစ်ဦးကလည်း သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့် အစိုးရလက်ထက် ၂၀၁၁ ခုနှစ် သြဂုတ် ၃၁ ရက်အထိ စာရင်းများအရ ရန်ကုန်မြို့တွင် ယာဉ်အစီးရေ ၂၁၄၆၄၉ စီးရှိခဲ့ရာမှ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၃၀ ရက်တွင် ယာဉ်အစီးရေ ၅၀၀၃၈၂ စီးအထိ ရှိလာခဲ့ပြီး လေးနှစ်အတွင်း ယာဉ်အစီးရေ နှစ်ဆကျော်အထိ တိုးပွားလာခဲ့သည်။

မြို့နယ် ရပ်ကွက်လမ်းများ၌ပင် ကားပါကင်နေရာ ရှားပါးမှုကြောင့် နေ့စဉ်ပြဿနာ များ ဖြစ်ပွားနေပြီး မကြာခဏ စကားများရန်ဖြစ်မှုများလည်း ကြားနေရသည်။

“လွန်ခဲ့တဲ့ သုံးလလောက် ကျွန်တော်တို့အိမ် အောက်ထပ်မှာ ရန်ဖြစ်ကြတယ်။ အကြောင်းကတော့ ကားရပ်ထားလို့။ ကျွန်တော်တို့ မျက်စောင်းထိုးအိမ်ကကားက အိမ်အောက်ထပ်က အခန်းရှေ့မှာ လာရပ်ထားလို့ဖြစ်တာ။ တစ်ဦးတစ်ယောက်ချင်း ဖြစ်ရာကနေ ဆွေးမျိုးတွေအထိ ပါလာတယ်။ အခုဟာက လမ်းမပေါ်မှာတင် ကားရပ်စရာ မရှိတာမဟုတ်ဘူး။ ရပ်ကွက်တွေ လမ်းတွေထဲမှာတောင် ဒီပြဿနာဖြစ်နေတာ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ကားရပ်နားရန် ကားပါကင်နေရာများ လုပ်ဆောင်မည်ဆိုလျှင် ယခင်အစိုးရလက်ထက်က လုပ်ဆောင်ခဲ့သည့် ယာဉ်ရပ်နားစခန်းများ၏ အောင်မြင်မှု အခြေအနေများကို လေ့လာသင့်သည်။ ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့တွင် ကားပါကင်နေရာ ရှားပါးမှုကို ဖြေရှင်းရန် နေရာအချို့တွင် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခဲ့ပြီး မြေနီကုန်း ရှင်စောပုလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းမြေနေရာတွင် မြေနီကုန်း ယာဉ်ရပ်နားစခန်းကို ဦးစွာဖွင့်လှစ်ခဲ့ပြီး တောင်ဥက္ကလာပမြို့နယ် ရတနာနှင့် မြသီတာပန်ခြံများကို ဖျက်သိမ်း၍ အထပ်မြင့် ယာဉ်ရပ်နားစခန်းများ တည်ဆောက်ခဲ့သည်။

ယင်းနှစ်ခုအနက် တောင်ဥက္ကလာမြို့နယ်ရှိ ရတနာနှင့် မြသီတာပန်ခြံများကို ဖျက်သိမ်း၍ ဆောက်လုပ်ခဲ့သည့် ယာဉ်ရပ်နားစခန်းနှစ်ခုသည် မြို့၏အချက်အချာကျသည့် နေရာတွင်မဟုတ်ခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု များပြားသည့်နေရာ မဟုတ်ခြင်းတို့ကြောင့် လာရောက်ရပ်နားမှု နည်းပါးကာ မအောင်မြင်ဘဲ ပန်းခြံနှစ်ခု ဖျက်လိုက်ခြင်းသာ အဖတ်တင်ခဲ့သည်။

အလားတူ ရန်ကုန်မြို့တွင် အထပ်မြင့်ဆောက်ပါက တစ်အိမ်လျှင်တစ်စီးနှုန်းဖြင့် လုံလောက်သည့် ကားပါကင်များ ထည့်သွင်းရန်မှာ များစွာအရေးပါလှသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဆောက်အအုံများတွင် ကားပါကင်များမဖြစ်မနေ ထည့်သွင်းရန် ညွှန်ကြားထားသော်လည်း လက်ရှိရန်ကုန်မြို့တွင် ဆောက်လုပ်ခဲ့သော အဆောက်အအုံများတွင် လုံလောက်သည့် ကားပါကင်ထည့်သွင်းမှု နည်းပါးနေသည်။ အထူးသဖြင့် ရန်ကုန်မြို့လယ် ဧရိယာအတွင် မြေအနေအထားအရ ကားပါကင် ထည့်သွင်းရန် မြေနေရာ အခက်အခဲများရှိကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

သို့ဖြစ်ရာ အဆောက်အအုံများတွင် လုံလောက်သော ကားပါကင်နေရာမရှိခြင်းကြောင့် ယာဉ်များလမ်းပေါ်သို့ လာရောက်ရပ်နားကာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက် ရန်ကုန်မြို့၏ ရေရှည်တည်တံ့သော မြို့ပြသယ်ယူပို့ဆောင်ရေး စီမံမှုစီမံကိန်း၏ လေ့လာမှုအရ သင်္ဃန်းကျွန်းနှင့် တာမွေမြို့နယ်တွင် ကားပါကင်မလုံလောက်ခြင်း၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားခြင်း၊ မီးပွိုင့်များနှင့် ဘတ်စ်ကားမှတ်တိုင်များ နီးကပ်ကာ ယာဉ်ကြောပိတ်ဆို့များ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့သည်ဟု ထောက်ပြခဲ့သည်။

“ရန်ကုန်မြို့မှာ အဓိကပြဿနာက ကားနဲ့လမ်းနဲ့ မမျှတာပဲ။ ကားပါကင်မှာ ရပ်လို့ရတဲ့ ပမာဏထက် ကားအစီးရေက ပိုများနေတယ်။ ကားပါကင် လုံလောက်မှု မရှိတာပေါ့။ ကားပါကင်တွေ လုပ်မယ်ဆိုလည်း ထိထိရောက်ရောက် လုပ်သင့်တယ်။ အခုဆိုရင် ကားပါကင်တွေ ဆောက်ပေမယ့်လည်း ထိရောက်မှုမရှိဘူး။ ဒါဘာကြောင့်လဲဆိုတာ ရှင်းပါတယ်။ မလိုအပ်တဲ့နေရာမှာ ဆောက်တဲ့အတွက်ကြောင့်။ နောက်ပြီး တစ်ခုနှစ်ခုလောက် ဆောက်နေရုံနဲ့ ရန်ကုန်မြို့ တစ်မြို့လုံးမှာရှိတဲ့ ကားကျပ်တာက အဆင်ပြေမှာ မဟုတ်ဘူး” ဟု ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက သုံးသပ်သည်။

ဥပမာအနေဖြင့်ဆိုရသော် လှည်းတန်းကဲ့သို့ နေရာမျိုးသည် ကားပါကင်များ လိုအပ်သည့် နေရာများဖြစ်ပြီး ယင်းနေရာတွင် အခပေးကဲ့သို့ စနစ်တကျဖြစ်စေမည့် ကားပါကင်အများအပြား ရှိသင့်ကြောင်း သုံးသပ်ကြသည်။

ရန်ကုန်မြို့၏ ကားပါကင်ပြဿနာတွင် သက်ဆိုင်ရာဆိုင်ခန်း၊ အစိုးရရုံး ပတ်ဝန်းကျင်နေရာများတွင် ယာဉ်မရပ်ရဟူသည့် ဆိုင်းဘုတ်များ၊ ဌာနဆိုင်ရာ ယာဉ်များသာဆိုသည့် ဆိုင်းဘုတ်များဖြင့် ယာဉ်ရပ်နားမှု ကန့်သတ်ခြင်းကလည်း ပါဝင်နေသည်။ ယခင်ရန်ကုန်မြို့၌ ကိုယ်ပိုင်ပုဂ္ဂလိက ကားပါကင်နေရာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ခွင့်ပြုခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပုဂ္ဂလိကကိုယ်ပိုင် ကားပါကင် လျှောက်ထားမှုများကို လက်မခံတော့ကြောင်း၊ ထိုသို့ပုဂ္ဂလိက ကားပါကင်များကို ခွင့်မပြုတော့ခြင်းကြောင့် မည်သည့်ကားပါကင် နေရာ၌မဆို ယာဉ်ရပ်နားခွင့်ပြုပြီး ယခင်ကဲ့သို့ မိမိဆိုင်ရှေ့၊ ရုံးရှေ့များတွင် ယာဉ်မရပ်ရဟူ၍ ဆိုင်းဘုတ်များရေးသား၍ ယာဉ်ရပ်နားမှု ကန့်သတ်ခြင်းများ ပြုလုပ်၍မရတော့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုသည်။

သို့သော်လည်း ယခုအချိန်အထိ ယင်းသို့ ယာဉ်မရပ်ရ၊ ဌာနဆိုင်ရာ ယာဉ်များသာဟူသည့် ဆိုင်းဘုတ်များကို တစ်ခါတစ်ရံ တွေ့မြင်နေရသည်။ ထို့ကြောင့် ယင်းပြဿနာကို ဖြေရှင်းရန် ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့များတို့တွင် ဆိုင်းဘုတ်များ၊ တုံးများချကာ ကားပါကင် နေရာဦးထားခြင်းကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစတင်၍ တရားစွဲမည်ဖြစ်ကြောင်း ယခင်အစိုးရလက်ထက်၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

“ကားတာရာတွေ၊ ပုံးတွေချပြီး ကားပါကင် နေရာဦးထားတယ်။ အဲဒါတွေကို အခုသိမ်းနေတယ်။ အခုတော့ ပညာပေးကာလပေါ့။ ၂၀၁၆ ဇန်န၀ါရီ ၁ ရက်ကစပြီးတော့ အဲဒါတွေကို တရားစွဲတော့မှာဖြစ်တယ်။ တရားရုံးကိုတင်ပို့ပြီး တရားရုံးက ဒဏ်ရိုက်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

သို့သော် ယင်းသို့တရားစွဲရာတွင် အခက်အခဲများစွာရှိနေပြီး အချို့နေရာများတွင် ကားပါကင်နေရာဦးထားမှုမျာကို တွေ့သော်လည်း သွားရောက် ပြောဆိုသည့်အခါ ၎င်းတို့နေရာဦးထားခြင်း မဟုတ်ဟု ငြင်းဆန်ခဲ့ကြခြင်းကြောင့် ၎င်းတို့ကို တရားစွဲရန် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်ဟု သိရသည်။

အချုပ်အားဖြင့်ဆိုပါက ထို့ကြောင့် ရန်ကုန်မြို့၏ ကားပါကင်ပြဿနာအတွက် မည်သို့ဖြေရှင်းမည် ဆိုသည်ကို တိကျခိုင်မာသော မူဝါများ၊ အစီအစဉ်များ ချမှတ်ရန်မှာ အရေးတကြီး လိုအပ်နေသည်။ ယခုရန်ကုန်မြို့တွင်း ယင်းပြဿနာကို ဖြေရှင်းရန် အများပြည်သူပိုင် လမ်းများအားလုံးတွင် ယာဉ်ရပ်နားနေရာ၊ ယာဉ်မရပ်ရနေရာများ သတ်မှတ်ပိုင်းခြား၍ မျဉ်းများရေးဆွဲကာ ယာဉ်ရပ်နားခများ စနစ်တကျ ပြန်လည်ကောက်ခံမည်ရန် စီစဉ်နေခြင်း၊ ကားပါကင်များလည်း တည်ဆောက်ရန် စီစဉ်နေခြင်းတို့ ပြုလုပ်နေရာ ရန်ကုန်မြို့၏ ကားပါကင်ပြဿနာ  အမှန်တကယ် ပြေလည်သွားနိုင်မည်ဟု မျှော်လင့်ရင်း။

Sources; ကျော်ထင်/Eleven Media Group

No comments:

Post a Comment