Latest News

Saturday, January 14, 2017

ဘဝရဲ့အဆင့်အတန်း မြင့်မားလာဖို့

ဘဝရဲ့အဆင့်အတန်း မြင့်မားလာဖို့

I make immovable mind my castle.

ငါ့မှာ ရဲတိုက်ကြီး မရှိပါဘူး။

ငါဟာ မလှုပ်မရှား မယိမ်းယိုင်တဲ့စိတ်ကိုပဲ ရဲတိုက်အဖြစ်လုပ်ထားပါတယ်။

ရဲတိုက်ဆိုတာ ထူထဲခိုင်ခံ့တဲ့ အဆောက်အအုံကြီးကိုခေါ်တာ။ ရန်သူတွေကျူးကျော်ပြီးတော့ ဝင်ရောက်လို့မရအောင် ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့ အဆောက်အအုံကြီးဖြစ်တယ်။ တစ်လံလောက်ထုထည်ရှိတယ်။ တံခါးပေါက်တွေကို သံတံခါးကြီးတွေ အဆင့်ဆင့်တပ်ထားတယ်။ အထပ်ပေါင်းများစွာ ရှိတယ်။ အောက်ဆုံးမှာ တံခါးပေါက်တစ်ပေါက်တည်းရှိတာ။ အထက်ဆုံးမှာ ပြတင်းပေါက်သေးသေးလေးတွေ နဲနဲပဲရှိတယ်။ ပစ္စည်းဥစ္စာ ဂုဏ် ရာထူးအဆင့်အတန်းမြင့်မားတဲ့လူတွေမှာ ရန်သူအင်မတန်များပါတယ်။ ရန်သူများတော့ သူတို့က အဲဒီရဲတိုက်ကြီးထဲမှာနေရမှပဲ စိတ်ကလည်း လုံခြုံမှုဖြစ်တယ်။ ဒီကဗျာရေးတဲ့သူကတော့ ရုပ်ပိုင်းဆန်တဲ့ရဲတိုက်ကြီး မရှိပါဘူးတဲ့။ သူဟာ ရွေ့လို့မရ မယိမ်းမယိုင် တည်ငြိမ်ခိုင်ခံ့တဲ့စိတ်နဲ့ အင်မတန်အားကောင်းတဲ့ သတိ,သမာဓိကိုပဲ ရဲတိုက်ကြီးသဖွယ်လုပ်ပြီးတော့ နေပါတယ်တဲ့။ ရွေ့လို့မရ လှုပ်လို့မရတဲ့ တည်ငြိမ်ခိုင်ခံ့တဲ့စိတ်ကို ရိုးရိုးပြောရရင်တော့ သမာဓိပဲ။ သတိမြဲနေရင် သမာဓိသဘောပါပဲ။ သတိ,သမာဓိကောင်းနေရင် ကိလေသာရန်သူ ဝင်လာလို့မရဘူး။

ရုပ်ပိုင်းဆိုင်ရာ အုတ်တွေ ကျောက်တွေ သံတွေနဲ့ဆောက်ထားတဲ့ ရဲတိုက်ကြီးကတော့ လူပုဂ္ဂိုလ်လိုပြင်ပရန်သူကိုပဲ ကာကွယ်နိုင်ပါတယ်နော်။ ကိုယ့်စိတ်ထဲကိုအမြဲဝင်နေတဲ့ ကိလေသာရန်သူကိုတော့ ဝင်မလာအောင် အကာအကွယ်မပေးနိုင်ပါဘူး။ ကိလေသာရန်သူ စိတ်ထဲကိုဝင်မလာအောင် သတိ,သမာဓိကသာ ကာကွယ်နိုင်တာပါ။ ပညာဥာဏ်ကြီးလာရင်လည်း ကြီးသလောက် အကာအကွယ်ပေးပါတယ်။ အင်မတန်လေးနက်တဲ့ အင်မတန်အဓိပ္ပာယ်ရှိတဲ့အချက် ဖြစ်ပါတယ်။ ပြင်ပကရန်သူထက် ကိလေသာရန်သူက ပိုကြောက်စရာကောင်းပါတယ်။ ကိလေသာရန်သူကြောင့် အကုသိုလ်မကောင်းမှုတွေကို လုပ်နေကြတာ။ အကုသိုလ်မကောင်းမှုကို လုပ်မိပြီဆိုရင် အကျိုးပေးခံရမှာပဲ။ ကိုယ်ပြုတဲ့ကံက လွတ်အောင်ထွက်ပြေးလို့ မရပါဘူး။ ရှောင်လို့ မရပါဘူး။ အကျိုးပေးခွင့်ရတဲ့အခါမှာ ပေးမှာပါ။

ဘဝဆိုတာ စိတ်နဲ့တန်သလိုဖြစ်ပါတယ်။ မကောင်းတဲ့စိတ်ဖြစ်ရင် မကောင်းတဲ့အကျိုးပေးမှာပဲ။ အဲဒီတော့ ကိုယ့်စိတ်ကို အမြဲတမ်း သတိနဲ့စောင့်ကြည့်ပါ။ ကိုယ့်စိတ်ထဲမှာ လွဲနေတဲ့ မှားနေတဲ့ မသင့်တော်တဲ့သဘောထားတွေကို သတိနဲ့မြင်အောင် ကြည့်ပါ။ အဲဒီစိတ်သဘောထားတွေရှိနေတဲ့အတွက် ဘယ်လိုခံစားချက်တွေ အတွေးတွေ ဖြစ်နေသလဲ။ မကျေနပ်တဲ့သဘော၊ မုန်းတီးတဲ့သဘော၊ နာကြည်းတဲ့သဘော၊ ဖျက်ဆီးချင်တဲ့သဘော၊ အကျိုးယုတ်အောင်လုပ်ပစ်ချင်တဲ့သဘောတွေ ခံစားချက်တွေဖြစ်နေတာကို သတိနဲ့ အသာလေးသိနေပါ။ အတင်းအကျပ် မရမက ပြောင်းလဲမပစ်ပါနဲ့။ သတိနဲ့ အသာလေးစောင့်ကြည့်ပြီး သိနေပါ။ သေသေချာချာသိပြီ မြင်ပြီဆိုရင် သူ့ဟာသူ ပြင်ပြီးသားဖြစ်သွားပါတယ်။ တော်တော်အားရစရာ ကျေနပ်စရာ ကောင်းတယ်နော်။

ကိုယ့်မှာ စိတ်နေသဘောထား အသိဥာဏ် အတွေးအခေါ်မှန်ကန်သွားပြီဆိုရင် ကိုယ့်ဘဝဟာ တစ်မျိုးအဆင်ပြေပြီး နေရတာပျော်လာတယ်။ ကိုယ့်လောကကြီးတစ်ခုလုံးဟာ ပြောင်းသွားတာပဲ။ ကိုယ့်လောကကြီးကိုပြောင်းပစ်ချင်တယ်ဆိုရင် ကိုယ့်စိတ်ကိုကိုယ်ကြည့်ပြီးတော့ ကိုယ့်စိတ်ထဲမှာရှိနေတဲ့ လွဲနေမှားနေတဲ့ မသင့်တော်တဲ့သဘောထားတွေကို သတိနဲ့သိနေပါ။ သေသေချာချာသိနေရင် ပြင်ပြီးသားဖြစ်သွားတာပါပဲ။ တကယ် သေသေချာချာမြင်တယ်ဆိုရင် ပြင်တယ်ဆိုတဲ့သဘောက အလိုအလျောက်ဖြစ်လာပါတယ်။ ကိုယ့်အမှားတွေကို ကိုယ်ကြည့်ပြီးတော့ သိပြီးတော့ ပြင်ပြီးနေသွားရတာ ဘဝမှာ ကျေနပ်စရာအကောင်းဆုံးအလုပ်ပါ။ အားရစရာအကောင်းဆုံးအလုပ်ပါ။

I have no sword

I make absence of self my sword

ငါ့မှာ ဓါးရှည်မရှိပါဘူး။

ငါဟာ အတ္တမရှိခြင်းကိုပဲ လက်နက်ဖြစ်တဲ့ဓါးရှည်ကြီးအဖြစ် လုပ်ထားပါတယ်။

ရှေးတုန်းကသူရဲကောင်းတွေက ခါးမှာ ဓါးရှည်ကြီးချိတ်ထားလေ့ရှိတယ်။ အဲဒီဓါးရှည်ကြီးဟာ သူရဲကောင်းတွေရဲ့လက်နက်ပဲ။ သူတို့သွားလေရာ ဓါးရှည်ကြီးပါတယ်။ ရန်သူမှာလည်း ဓါးရှည်ပါမှာပဲ။ အဲဒီတော့ ရန်သူလာပြီဆိုရင် သူ့ဓါးရှည်ကြီးကို သူထုတ်ပြီးတော့ ပြန်တိုက်ခိုက်မယ်။ သူ့ကိုယ်သူ ကာကွယ်မယ်။ ဒီကဗျာရေးတဲ့သူကတော့ သူ့မှာ အဲဒီလို ရုပ်ပိုင်းဆန်တဲ့ဓါးရှည်ကြီး မရှိပါဘူးတဲ့။ သူဟာ အတ္တမရှိခြင်းကိုပဲ ဓါးရှည်ကြီးအဖြစ် လုပ်ထားပါတယ်တဲ့။

သာမန်လူကတော့ ရုပ်ပိုင်းဆန်တဲ့ဓါးကို လက်နက်အဖြစ်သုံးမယ်။ သေနတ်ကို လက်နက်အဖြစ်သုံးမယ်။ အသိဥာဏ်ရင့်ကျက်တဲ့သူတွေအနေနဲ့ကတော့ အတ္တမရှိခြင်းကို လက်နက်အဖြစ်သုံးမယ်။ ဘယ်လိုရန်သူ ဘယ်လိုအခက်အခဲ ဘယ်လိုလောကဓံနဲ့ပဲတွေ့တွေ့ အနတ္တအမြင်နဲ့ကြည့်လိုက်မယ်ဆိုရင် အားလုံးဟာ ဘာမှအဓိပ္ပာယ်မရှိပဲ ပျက်ပြယ်သွားတယ်။ လောကဓံတရားအားလုံးဟာ အဓိပ္ပာယ်မရှိတာကိုမြင်လိုက်တဲ့ဥာဏ်ကတော့ အဓိပ္ပာယ်ရှိတယ်။ အရေးပါတယ်။ ဒီလိုမြင်မှသာ တည်ငြိမ်ခိုင်ခံ့တဲ့သူ စိတ်ဓာတ်အင်အားကြီးမားတဲ့သူ ဖြစ်လာမယ်။

ဥပမာ – တစ်ယောက်ယောက်ကကိုယ့်ကို ကိုယ်မကြိုက်တာ မခံနိုင်တာပြောလိုက်တယ်။ အဲဒါကို အတ္တနဲ့ပြန်စဉ်းစားမယ်ဆိုရင် “သူက ငါ့ကိုဘယ်လိုပြောတာ” လို့ စဉ်းစားမိတယ်။ သူဆိုတာလည်း အတ္တသဘောပဲ။ ငါဆိုတာလည်း အတ္တသဘောပဲ။ “ငါ့အကြောင်း သိစေမယ်” ဆိုတာတွေလည်း အတ္တသဘော ပါနေပြီနော်။ တရားသဘောနဲ့ကြည့်မယ်ဆိုရင် ပြောတဲ့သူကလည်း ရုပ်နာမ်ပဲ။ မခံချင်စိတ်ဖြစ်သွားတဲ့ငါကလည်း ရုပ်နာမ်ပဲ။ ပြောတယ်ဆိုကတည်းက စကားလုံးသုံးပြီးပြောရတာ အသံထွက်လာတာ။ စကားဆိုတာပညတ်၊ အသံကတော့ ပရမတ်။ အခုဖြစ်ပြီး အခုပျက်သွားတာတွေပဲ။ ကြားတယ်ဆိုတာ ကြားစိတ်ကလေးတစ်ခုပဲ။ ဖြစ်လာပြီးရင် ပျက်သွားတာပဲ။ မခံချင်စိတ်ကလေးကလည်း ဖြစ်ပျက်တစ်ခုပဲ။

အားလုံးဟာအနတ္တပါလားလို့ တကယ်မြင်ရင် ဘာရှေ့ဆက်စရာရှိသေးလဲ။ ဘာမှ ဆက်စရာမရှိတော့ဘူး။ အဲဒီမှာ လမ်းဆုံးသွားပြီ။ အားလုံးကိုသာအနတ္တလို့မြင်ရင် အားလုံးကိုသာအနိစ္စလို့မြင်ရင် ရှေ့ဆက်စရာ ဘာမှမရှိတော့ဘူး။ ဇာတ်လမ်းက အင်မတန်တိုတယ်။ ဇာတ်လမ်းတွေရှည်နေကြတာ အတ္တကြောင့်ပါ။ နေထိုင်မကောင်းဖြစ်တာပဲဖြစ်ဖြစ် တစ်ခြား ကြီးကျယ်တဲ့ဒုက္ခတစ်ခုခုကြုံရတာပဲဖြစ်ဖြစ် ဒါကိုရှုမှတ်ရင်းနဲ့ အနတ္တပါ့လားလို့သိရင် ဘာမှဆက်စရာမရှိတော့ဘူး။ နေမကောင်းလို့ ဆေးသောက်ရမယ်ဆိုရင်တော့ သောက်ပေါ့။ သို့သော် ဝေဒနာကိုရှုမှတ်ပြီးတော့ သည်းခံပြီးတော့နေလို့ရတယ်။ ငါမှ ဖြစ်ရလေခြင်း၊ ငါမှ ကံဆိုးလေခြင်းလို့ တွေးစရာမရှိဘူး။ ဖြစ်စရာရှိလို့ ဖြစ်လာတယ်။ သည်းခံနိုင်သလောက် သည်းခံမယ်။ ဆေးကုသင့်ရင် ကုမယ်။ ပျောက်သင့်ရင်လည်း ပျောက်မယ်။ နောက်ဆုံး မပျောက်လို့သေမယ်ဆိုရင်တောင်မှ အနတ္တသဘောကိုတကယ်နှလုံးသွင်းနိုင်တဲ့သူက သေမယ်ဆိုတာကို မကြောက်ဘူး။

သေပုံ သေနည်း အမျိုးမျိုးရှိပါတယ်။ တချို့လူတွေ အင်မတန် ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ သေသွားရတယ်။ တချို့လူတွေ ညင်ညင်သာသာလေး သေသွားတာရှိတယ်။ တရားအားထုတ်တဲ့အလေ့အကျင့် ရှိတဲ့သူဆိုရင်တော့ ညင်ညင်သာသာ သေသွားကြတာများပါတယ်။ ဘယ်လိုလောကဓံတရားနဲ့တွေ့တွေ့ ကိုယ်က အတ္တအခံရှိနေရင် ဧကန်မုချ ရှုံးတာပဲ။ အတ္တလက်နက်က အရှုံးလက်နက်ပဲ။ ဘယ်တော့မှ နိုင်တဲ့လက်နက် မဟုတ်ဘူး။ အနတ္တကို တကယ်နှလုံးသွင်းနိုင်ပြီဆိုရင် သေခြင်းတရားကိုတောင်မှ နိုင်သွားတာပဲ။ အတ္တစွဲကြီးကြီးနဲ့ ကြောက်လန့်ပြီးတော့ အားငယ်ပြီးတော့ သေသွားမယ်ဆိုရင် အရှုံးနဲ့သေသွားတာပဲနော်။ အနတ္တကိုရှုမှတ်ရင်း ရှုမှတ်ရင်းနဲ့ သိ သိပြီးတော့ သေသွားမယ်ဆိုရင်လည်း သေခြင်းတရားကို အနိုင်ရပြီးသေသွားတာပဲ။

လောကဓံဆိုတဲ့ရန်သူကိုနိုင်တာဟာ အနတ္တလက်နက်ပဲ။ ဒါဟာ သူတော်ကောင်းတို့ရဲ့လက်နက် ဖြစ်တယ်။ သူတော်ကောင်းဟာ သူရဲကောင်းအစစ်ပါ။ တခြားလူတွေက တကယ့်သူရဲကောင်းအစစ်လို့ ပြောလို့မရဘူး။ တရားကိုသိတဲ့သူတော်ကောင်းသာလျှင် တကယ့်သူရဲကောင်းအစစ်ပါ။ ဒကာ ဒကာမတွေအားလုံး ဘဝကိုအဓိပ္ပာယ်ရှိရှိ အရည်အသွေးပြည့်ပြည့် နေသွားစေချင်ပါတယ်။ ဒီလိုဖြစ်ဖို့ တရားကိုအချိန်ပေးနိုင်သလောက်ပေးပြီး နေ့စဉ်အားထုတ်ပါ။ အချိန်မပေးနိုင်လည်း သွားရင်းလာရင်း နေရင်းထိုင်ရင်း လုပ်ရင်းကိုင်ရင်းနဲ့ ရသလောက် နဲနဲလေးပဲဖြစ်ဖြစ် ကျဲကျဲလေးပဲဖြစ်ဖြစ် သတိကပ်ပါ။ ဒါ အင်မတန်အရေးကြီးပါတယ်နော်။

ဘုန်းကြီးက ပြောချင်တဲ့စေတနာ အင်မတန်များပါတယ်။ ဒီတရားကဗျာလေးကိုလည်း အကျဉ်းချုံးပြီးတော့ လိပ်ပတ်လည်အောင် ကြိုးစားပြီးပြောလိုက်တာပါပဲ။ ကိုယ့်ဥာဏ်နဲ့ကိုယ်ချဲ့ပြီး အဓိပ္ပာယ်ပေါက်အောင်စဉ်းစားဖို့ ထပ်ဖြည့်ဖို့လိုတယ်။ ပြီးရင်တော့ ဘဝထဲမှာလက်တွေ့အသုံးချဖို့ လိုပါတယ်။ တရားကို ရေရှည်အားထုတ်ဖို့ဆိုတာနဲ့ပတ်သက်ပြီးတော့လည်း တော်တော်လေးထိထိမိမိပြောဖို့ အဆင်ပြေမယ့်အချက်တစ်ချို့ကို မှတ်ထားပါတယ်။ ဒကာ ဒကာမတွေကိုလည်း အသိဥာဏ်တွေ အများကြီးပေးချင်ပါတယ်။ နာယူမှတ်သားပြီး လက်တွေ့ကျင့်သုံးကြမယ်ဆိုရင် ဘဝရဲ့အဆင့်အတန်း မြင့်မားလာမှာပါ။

Sources; ဆရာတော်ဦးဇောတိက: Kanuang

No comments:

Post a Comment