Latest News

Saturday, January 14, 2017

ဦးနုပြောခဲ့တဲ့ ပြည်ထောင်စုဆိုင်ရာပုံပြင်

ဦးနုပြောခဲ့တဲ့ ပြည်ထောင်စုဆိုင်ရာပုံပြင်

၁၉၆၂ ခု ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့နဲ့ မတ်လ ၁ ရက်နေ့၊ ရန်ကုန်မြို့၊ ပြည်လမ်း အသံလွှင့်ရုံခန်းမဆောင်မှာ ကျင်းပတဲ့ ပြည်ထောင်စုမူနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ဦးနုပြောခဲ့တဲ့ မိန့်ခွန်း ကောက်နုတ်ချက်

လူကြီးမင်းများခင်ဗျာ့း့

ရှေးတုန်းက ‘ဘရုတ်သုက္ခတိုင်းပြည်’ဆိုတာ ရှိပါတယ်။ အဲဒီ ဘရုတ်သုက္ခတိုင်းပြည်ရဲ့ ‘ငါတကော’ နယ်က ‘ဒူလာဘို’၊ ‘ငါတဗိုလ်’နယ်က ‘အို လေလေ့’၊ ‘ငါတလူ’နယ်က ‘ငတွတ်ကြီး’၊ ‘ငါတမင်း’ နယ်က ‘ဗြောင်နောင့် ဗြောင်နောင်’၊ ‘ငါ့မြင်းငါစိုင်း’ နယ်က၊ ‘ဘုရင် ဘုနောင်-တတ်ဗိန်’ ဆိုတဲ့ ပညာသင် ၅ ဦးဟာ တက္ကသိုလ် ဆရာကြီး ‘ဦးဂျမ်းထိ’ ဆီမှာ ပညာသွားသင်ကြပါတယ်။

အဲဒီလိုပညာသင်တဲ့အခါ ပညာတော်သင် ‘အိုလေလေ့’က ရုပ်လုံးထုပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ငတွတ်ကြီး’က ပန်းချီပညာမှာ တဖက် ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဗြောင်နောင့် ဗြောင်နောင်’က အရုပ်ကို အသက်သွင်းတဲ့ပညာမှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဘုရင် ဘုနောင်-တတ်ဗိန်’က လေးအတတ်မှာ တဖက်ကမ်းခတ် တတ်ပါတယ်။ ပညာတော်သင် ‘ဒူလာဘို’ ကတော့ ဘာပညာမှ မတတ်ပါဘူး။ အဲဒီတော့ တက္ကသိုလ်ဆရာကြီး ‘ဦးဂျမ်းထိ’က ဘာပညာမှမတတ်တဲ့ ‘ဒူလာဘို’ကို ‘ယမနေသား’ သစ်တုံးတတုံးကိုပေးပြီး ပညာတော်သင်တွေ အားလုံးကို အိမ်ပြန်ခွင့် ပြုလိုက်ပါတယ်။

လမ်းရောက်တဲ့အခါ ‘ယမနေသား’ကို တက္ကသိုလ်ပြန် ‘အိုလေလေ့’က မိန်းမပျိုလေးအရုပ် ထုလိုက်ပါတယ်။ တက္ကသိုလ်ပြန် ‘ငတွတ်ကြီး’က အင်မတန်လှတဲ့ မိန်းကလေးတယောက် ဆေးခြယ်လိုက်တယ်။ တက္ကသိုလ်ပြန် ‘ဗြောင်နောင့်-ဗြောင်နောင်’ က အသက်သွင်းလိုက်တဲ့အတွက် ဒီမိန်းမပျိုရုပ်လေးဟာ အင်မတန်ချောပြီး အသက်ရှိတဲ့ မိန်းမပျိုလေး ဖြစ်လာပါတယ်။

အဲဒီအခါမှာ ကိုယ်ရွှေတက္ကသိုလ်ပြန်တွေဟာ ဒီမိန်းမပျိုလေးကို သူပိုင်ထိုက်တယ်၊ ငါပိုင်ထိုက်တယ်နဲ့ ဝိုင်းပြီး လုကြပါတယ်။ အဲဒီလို သူတို့ လုနေတုန်း ‘ဝဠာယက္ခ’ငှက်ဆင် တကောင်က အလစ်ဝင်ပြီး အုပ်လိုက်တာ ‘ယမနေမယ်’ လေးဟာ ငှက်ဆင်နောက် ပါသွားရှာပါတယ်။

အဲဒီအခါမှာ ကံကောင်းထောက်မပြီး တက္ကသိုလ်ပြန်‘ဘုနှောင်တတ်ဗိန်’က လေးနဲ့ ပစ်လိုက်တဲ့အတွက် ငှက်ဆင်ကြီး သေပြီး ‘ယမနေမယ်လေး’ပြန်ကျလာပါတယ်။ ဒါပေမယ့် တက္ကသိုလ်ပြန်တွေ အဝေမတည့်တာနဲ့ အသက်သွင်းပေးတဲ့သူက အသက်ကို ပြန်ရုပ်သိမ်း၊ ပန်းချီဆေးခြယ်တဲ့သူက ဆေးတွေကို ပြန်ခြစ်၊ ပန်းပုဆရာကလည်း အရုပ်ကို ဖျက်နဲ့၊ လုပ်လိုက်ကြတာ အင်မတန်လှတဲ့ ‘ယမနေမယ်’လေးဟာ ခုတ်ရာထစ်ရာတွေ၊ ခြစ်ရာဖဲ့ရာတွေ အပြည့်နေတဲ့ သစ်သားတုံး အပေါစားကြီး ဖြစ်သွားရရှာပါတယ်။

လူကြီးမင်းများခင်ဗျာ့း့

တက္ကသိုလ်ပြန်တွေ မိုက်မဲတာကြောင့် ‘ယမနေမယ်’ အပျိုချောလေးဟာ ကုတ်ရာခြစ်ရာဖဲ့ရာတွေနဲ့ ဒင်းကြမ်းဖြစ်နေတဲ့ သစ်သားတုံးအပေါစားကြီး ပြန်ဖြစ်သွားရသလို အချုပ်အချာအာဏာပိုင်နေတဲ့ ကျနော်တို့ ပြည်ထောင်စုကြီးဟာ ကျနော်တို့အားလုံးရဲ့မိုက်မဲမှုကြောင့် အင်မတန်အရုပ်ဆိုးလှတဲ့ ကျွန်ဘဝကို ပြန်ရောက်မသွားရ လေအောင် ကျနော်တို့အားလုံး ကိုယ်စွမ်းရှိသရွေ့၊ ဥာဏ်စွမ်းရှိသရွေ့ ကြိုးစားကြပါစို့။ ။

Credit to Tint Swe

No comments:

Post a Comment