Latest News

Monday, January 9, 2017

မြန်မာအထူးသံအဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ ယနေ့ သွားမည်

မြန်မာအထူးသံအဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ ယနေ့ သွားမည်

ရန်ကုန်၊ ဇန်န၀ါရီ ၉

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များအပေါ် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် မြန်မာအထူးသံအဖွဲ့ သည် ယနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သုံးရက်ကြာ (ဇန်န၀ါရီ ၁၀ ရက်မှ ၁၃ ရက်) သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာန (နိုင်ငံခြားရေး ဦးစီးဌာန) ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက ပြောကြားသည်။

မြန်မာအထူးသံအဖွဲ့၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံခရီးစဉ်၌ ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်နှင့် ဆွေးနွေးရန် စီစဉ်ထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သိရသည်။

“ရခိုင်ပြည်နယ် ကိစ္စရပ်တွေကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ဖို့ ဆွေးနွေးသွားကြမှာ ဖြစ်တယ်။ ရခိုင်ပြည်နယ် ကိစ္စရပ်တွေအပေါ် ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာနတွေနဲ့ ဆွေးနွေးကြမှာပါ”ဟု ဦးကျော်ဇေယျက ဆိုသည်။

ရခိုင်ပြည်နယ်အရေး ကိစ္စသည် နယ်နိမိတ် ထိစပ်လက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ပူးပေါင်း ဆောင်ရွက်ခြင်းသည် ပြဿနာရပ်များကို ထိရောက်စွာ ဖြေရှင်း ဆောင်ရွက်သော နည်းလမ်း တစ်ခုဖြစ်ကြောင်း ရခိုင်ပြည်နယ် အကြံပေးအဖွဲ့ဝင် ဦးအေးလွင်က ဆိုသည်။

“သံတမန်နည်းနဲ့ ဖြေရှင်းတာ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး ပြဿနာရပ်အပေါ် မျက်နှာချင်းဆိုင် ဖြေရှင်းတာ ထိရောက်တယ်။ အကောင်းဆုံး နည်းလမ်းလည်း ဖြစ်တယ်”ဟု ဦးအေးလွင်က ပြောကြားသည်။

အောက်တိုဘာ (၉) ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်နိမိတ် ထိစပ်လျက်ရှိသော ရခိုင်ပြည်နယ် မောင်တောဒေသရှိ နယ်ခြားစောင့် ရဲစခန်း (၄) နေရာကို ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့၏ တစ်ပြိုင်တည်း တိုက်ခိုက်ခြင်းကြောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးပြီး လက်နက် ၆၅ လက် ဆုံးရှုံးခဲ့သည်။ ထို့နောက် နယ်မြေရှင်းလင်ရေး ဆောင်ရွက်နေစဉ် တပ်မတော်မှ ယာယီ တပ်ရင်းမှူး တစ်ဦး၊ တပ်မတော်သားအချို့ ကျဆုံးခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် အင်္ဂါလီ အကြမ်းဖက် အဖွဲ့များ၏ အကြမ်းဖက်ခြင်းများ ဖြစ်ပေါ်ခြင်းကြောင့် အောက်တိုဘာလ ၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ဘင်္ဂါလီ အကြမ်းဖက်အဖွဲ့နှင့် ပါဝင် ပတ်သက်သူ ၁၂၃၁ အား ဥပဒေအရ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်အရ သိရသည်။

Sources; The Voice

No comments:

Post a Comment