Latest News

Monday, January 9, 2017

အိုင်အက်စ် အကြမ်းဖက် ကာကွယ်ရန် ရန်ကုန်လုံခြုံရေး အဆင့်မြှင့်

အိုင်အက်စ် အကြမ်းဖက် ကာကွယ်ရန် ရန်ကုန်လုံခြုံရေး အဆင့်မြှင့်

ရန်ကုန်၊​ဇန်နဝါရီ ၉

အိုင်အက်စ် အကြမ်းဖက်များ ပစ်မှတ်ထားနေသည်ဆိုသည့် နိုင်ငံတကာ၏ သတိပေးမှုများကြောင့် ရန်ကုန်မြို့သို့ ၀င်ရောက် လည်ပတ်သည့် နိုင်ငံခြားသားများကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပူးပါင်းကာ အထူး ကြပ်မတ်စစ်ဆေးပြီး လုံခြုံရေးအဆင့်ကို တိုးမြှင့်လိုက်ကြောင်း အမှတ်(၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မြ၀င်းက ပြောကြားသည်။

“မသင်္ကာတဲ့အခါ အချိန်မရွေး ကြပ်မတ်နိုင်အောင် နိုင်ငံခြားသား ၀င်ရောက်မှု မှတ်တမ်းတွေ ရယူ စစ်ဆေးတယ်။ နောက်ဆုံး တည်းခိုနေထိုင်တဲ့ နေရာကအစ အားလုံး လေ့လာ စုံစမ်းတယ်။ နောက်ပြီး လုံခြုံရေး အရေးတကြီး  ဆောင်ရွက်ရမယ့် နေရာမျိုးစုံကို စောင့်ကြည့်ကြပ်မတ်တယ်။ ဥပမာ - ရွှေတိဂုံဘုရားလို ထင်ရှားပြီး လူသွားလူလာများတဲ့ နေရာတွေ ပါတယ်”ဟု ၎င်းက ဆိုသည်။

ယခင်နှစ်ကုန်ပိုင်းတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အိုင်အက်စ် အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သော အမျိုးသား တစ်ဦးကို ဖမ်းမိခဲ့ပြီး စစ်ဆေးရာမှ မြန်မာနိုင်ငံသို့ အကြမ်းဖက်ရန် အစီအစဉ်တို့ကို သိရှိခဲ့သည်ဟု မလေးရှား ရဲတပ်ဖွဲ့က သတိပေး ထုတ်ပြန်ပြီး နောက်ပိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က လူဦးရေ ထူထပ်ပြီး လုံခြုံရေး အရေးကြီးသည့် ရန်ကုန်မြို့အတွက် အဓိက စစ်ဆေး ကြပ်မတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

တန်ခိုးကြီးဘုရားများ၊ ဈေးဝယ် စင်တာများနှင့် လူစုလူဝေး သွားလာမှု များသည့် နေရာအားလုံးတွင် ကြပ်မတ် ဆောင်ရွက်နေကြောင်း၊ လက်ရှိတွင် ရန်ကုန်မြို့သို့ ဇန်န၀ါရီလ ၁ ရက်မှ ဇန်န၀ါရီလ ၉ ရက် နိုင်ငံတကာမှ ၀င်ရောက် လာသည့် နိုင်ငံခြားသား ၁၀၀၀ ကျော်ခန့်ကို သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးဌာန နှင့် ပူးပေါင်းကာ မှတ်တမ်း ရယူထားကြောင်း အမှတ်(၂) လုံခြုံရေး ကွပ်ကဲမှု ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

“ရွှေတိဘုရားကြီး လုံခြုံရေးကို ဘက်ပေါင်းစုံက ဆောင်ရွက်ထားပါတယ်၊ တိုင်းအစိုးရ ညွှန်ကြားမှုနဲ့ မသင်္ကာတဲ့  စုံစမ်း ထောက်လှမ်းမှုတွေ ရှိလာရင်တောင် Anti Drone နဲ့ စောင့်ကြည့် စစ်ဆေးမယ်၊ ဖျက်ဆီးမယ်”ဟု ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ယင်းအပြင် ရန်ကုန်မြို့တွင် M- 150 အချိုရည်ပုလင်းကို အသုံးပြုကာ ထိတ်လန့်စေသည့် ဖောက်ခွဲမှုအချို့ တွေ့ရှိခဲ့ခြင်းကြောင့် ရွှေတိဂုံဘုရားပေါ်သို့ ရေသန့်ဘူး အပါအ၀င် အချိုရည် ပုလင်းတို့ကို ယူဆောင်ခွင့် မပြုဘဲ ကျွပ်ကျွပ် ကြွပ်အိတ်ဖြင့် ထည့်ယူလာရန် ထုတ်ပြန်ထားကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကွပ်ကဲမှုဖြင့် လုံခြုံရေး တင်းကျပ်ထားရှိရန် ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်ကို ၂၀၁၇ ခုနှစ်အထိ မရုပ်သိမ်းဘဲ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ ရွှေတိဂုံဘုရား ပိတ်ချိန် ည ၁၀နာရီမှ နံနက် ၄ နာရီအထိ ဘုရားသို့ လာရောက်ရန် အဓိက ကျသော ဦးထောင်ဘိုလမ်း၊ ဦးဝိစာရလမ်းနှင့် အာဇာနည် လမ်းတို့တွင် အဓိက စစ်ဆေးကြပ်မတ်လျက် ရှိကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ထံမှ သိရှိရသည်။

ယခင်နှစ်က ရန်ကုန် တိုင်းဒေသကြီး အစိုးရရုံး အပါအ၀င် ထင်ရှားသော ဈေး ၀ယ်စင်တာ အချို့တို့၌ ထိုင်းနိုင်ငံထုတ် M- 150 အချိုရည်ပုလင်း အသုံးပြုကာ ဖောက်ခွဲမှုများ ဖြစ်စေခဲ့သည်။

Sources; The Voice

No comments:

Post a Comment