Latest News

Monday, January 9, 2017

အဘိုးအိုတစ်ဦးအား ထောင်ထွက်တစ်ဦးက တုတ်ဖြင့်ရိုက်ရာမှ သေဆုံးမှု ညောင်လေးပင်မြို့နယ်တွင် ဖြစ်ပွား

အဘိုးအိုတစ်ဦးအား ထောင်ထွက်တစ်ဦးက တုတ်ဖြင့်ရိုက်ရာမှ သေဆုံးမှု ညောင်လေးပင်မြို့နယ်တွင် ဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ စမ်းကလေးရွာတွင် အဘိုးအိုတစ်ဦးအား ထောင်ထွက်တစ်ဦးက မတ်ပဲ စိုက်ခင်းအတွင်း ၀ါးတုတ်ဖြင့်ရိုက်ရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ညောင်လေးပင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ဒီတရားခံကလည်း သူ့ဇာတိကတော့ အခြေအနေမဲ့ပုံစံ ဖြစ်နေတာ။ အခုဖြစ်တာကတော့ တရားခံက နည်းနည်းသောက်စားထား ဘာညာဆိုတော့ စိတ်လိုက်မာန်ပါဖြစ်ပြီး အဲဒီလိုကနေ ဖြစ်တာပေါ့” ဟု ညောင်လေးပင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုကြီးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၉ ရက် မွန်းလွဲ ၁ နာရီခန့်က ညောင်လေးပင်မြို့နယ် စမ်းကလေး ကျေးရွာအုပ်စု သရက်ကုန်းကျေးရွာ  မတ်ပဲခင်းအတွင်း၌ လူတစ်ဦး လဲကျနေကြောင်း သတင်းအရ ညောင်လေးပင်မြို့မ ရဲစခန်းမှူး ဒုရဲမှူးဇော်မိုးနှင့်အဖွဲ့က အခင်းဖြစ်နေရာသို့ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ သရက်ကုန်းကျေးရွာ နှင့် လေးအိမ်စုရွာအကြားရှိ ဦးသောင်းစိန် (ခ) ဦးဂျပန် (၇၀ နှစ်) သည် ၎င်း၏ မတ်ပဲခင်းအတွင်း၌ ဦးခေါင်းနောက်စေ့ ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ညာမေးရိုး ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူအား လိုက်လံစုံစမ်းရာ ရှမ်းစုကျေးရွာနှင့် မအူ တန်းကျေးရွာအကြား တံတားပေါ်၌လူတစ်ဦးအား မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းမှာ မြင့်အေး (ခ) ကြက်ကန်း (၄၂ နှစ်) ဆိုသူဖြစ်ကြောင်းသိရပြီး ဦးသောင်းစိန်နှင့်တွေ့ဆုံစဉ် စကားများရန်ဖြစ်ကာ တုတ် ဖြင့်ရိုက်သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါ မြင့်အေးဆိုသူမှာ လူသတ်မှုဖြင့် အင်းစိန်အကျဉ်းထောင်တွင် ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရာမှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။    

Sources; ဇော်ဝင်းချစ် (တောင်ငူ)Eleven Media Group

No comments:

Post a Comment