Latest News

Friday, January 13, 2017

မျက်စိမြှေးရောင်ရမ်းခြင်း

မျက်စိမြှေးရောင်ရမ်းခြင်း


မျက်စိမြှေးရောင်ရမ်းနာဆိုတာ မျက်လုံးရဲ့အဖြူရောင် အစိတ်အပိုင်းကို ကာကွယ်ပေးထားတဲ့ ကြည်လင်သော အမြှေးပါးရောင်ရမ်းခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ မျက်စိမြှေးပါးရှိ သွေးကြောများရောင်ရမ်းတဲ့အခါမှာ ပိုမိုထင်ရှားလာပြီး မျက်သားဖြူရာမှနေ အနီရောင် (သို့) ပန်းရောင်သို့ ပြောင်းလဲသွားပါတယ်။

          လူကိုမသက်မသာဖြစ်စေပြီး တခြားသူများသို့ ကူးစက်တတ်တာကြောင့် အချိန်မီသိရှိပြီး အမြန်ဆုံးကုသမှုခံယူဖို့လိုအပ်ပါတယ်။

ရောဂါလက္ခဏာများ

          မျက်စိနှစ်ဖက်စလုံးမှာဖြစ်နိုင်ပါတယ်။ တွေ့ရတဲ့လက္ခဏာတွေကတော့ -

- မျက်လုံးနီမြန်ခြင်း

- ယားယံခြင်း၊ ခိုးလိုခုလုဖြစ်နေခြင်း

- မျက်ဝတ်ထွက်ခြင်း

- မျက်ရည်ကျခြင်း

          မျက်စိမြေးရောင်နာခြင်းက လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်တာကြောင့် မျက်စိနာခြင်းရဲ့လက္ခဏာတွေကို သတိပြုမိချိန်မှာ ဆရာဝန်နှင့်ချက်ချင်းပြသသင့်ပါတယ်။

          ဒါ့အပြင် မျက်လုံးနီမြန်းခြင်းက အခြားသော မျက်စိရောဂါတွေရဲ့လက္ခဏာတစ်ရပ်ဖြစ်တာကြောင့် မျက်လုံးတဝိုက်နာကျင်ခြင်း၊ ဝါးခြင်း စတာတွေခံစားရပါက ဆရာဝန်နှင့်အမြန်ဆုံးပြသဖို့လိုအပ်ပါတယ်။

ဖြစ်ပွားရတဲ့အကြောင်းရင်း

(1) ဗိုင်းရပ်စ်နှင့် ဘက်တီးရီးယားပိုးကူးစက်ခံရခြင်း

        အအေးမိခြင်း (သို့) အခြားသောအသက်ရှူလမ်းကြောင်းရောဂါပိုးကူးစက်ခံရခြင်းရဲ့ လက္ခဏာတွေနဲ့တွဲလေ့ရှိပြီး များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရချိန်တွင် မျက်လုံးမှအရည်ကြည်တွေကျလေ့ရှိပြီး ဘက်တီးရီးယားပိုးကြောင့် ဖြစ်တယ်ဆိုရင်တော့ ခပ်ပျစ်ပျစ်အဝါရောင်အရည်တွေ ထွက်လာလေ့ရှိပါတယ်။

          လူတစ်ဦးမှ တစ်ဦးသို့ကူးစက်လွယ်ပြီး ရောဂါပိုးရှိသူရဲ့မျက်လုံးမှထွက်သော အရည်နှင့်တိုက်ရိုက်ဖြစ်စေ ၎င်းအရည်ထိတွေ့ထားတဲ့ အသုံးအဆောင်ပစ္စည်းများကိုကိုင်တွယ်ခြင်းကြောင့်ဖြစ်စေ ကူးစက်နိုင်ပါတယ်။

          အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်စိနာခြင်းက ကလေးငယ်တွေမှာပိုပြီး အဖြစ်များတာကို တွေ့ရပါတယ်။

(2) ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ မျက်စိမြှေးရောင်ရမ်းခြင်း

        မျက်စိနှစ်ဘက်လုံးဖြစ်လေ့ရှိပြီး ပန်းဝတ်မှုန်ကဲ့သို့သော အရာဝတ္ထုတွေနှင့် ထိတွေ့မှုကြောင့် ဖြစ်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေဖြစ်လာတဲ့အခါမှာ ခန္ဓာကိုယ်မှ Ig E လို့ခေါ်တဲ့ ပဋိဇီဝပစ္စည်းတွေ ထုတ်လုပ်ပြီး ၎င်းပဋိဇီဝပစ္စည်းတွေက မျက်စိနှင့် အသက်ရှူလမ်းကြောင်းအမြှေးပါးနံရံများတွင် mast cell လို့ခေါ်တဲ့ ဆဲလ်တွေကိုဖြစ်ပေါ်စေကာ ရောင်ရမ်းမှုတွေကို ဖြစ်စေတဲ့ ဟစ်တမင်း (histamine) ကို ထွက်ရှိစေပါတယ်။ ဟစ်တမင်းထွက်လာတဲ့အခါမှာ မျက်စိနီမြန်းခြင်းအပါအဝင် အခြားသောဓာတ်မတည့်ခြင်းရဲ့ ရောဂါလက္ခဏာတွေဖြစ်ပေါ်လာပါတယ်။

          ဓာတ်မတည့်ခြင်းကြောင့် မျက်စိမြှေးရောင်ရမ်းနာဖြစ်ပါတယ်။ မျက်စိရောင်ရမ်းခြင်း၊ ယားယံခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း စတဲ့လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

(3) မျက်စိအတွင်းသို့ ဓာတုပစ္စည်းများ၊ ပြင်ပပစ္စည်းများဝင်ရောက်ခြင်းကြောင့် မျက်စိမြှေးရောင်ရမ်းခြင်း

        မျက်စိအတွင်းသို့ ဓာတုပစ္စည်းများဝင်ရောက်တဲ့အခါမှာ မျက်စိနာခြင်းကိုခံစားရနိုင်ပါတယ်။ တခါတရံမှာ မျက်လုံးထဲဝင်ရောက်လာတဲ့ ဖုန်မှုန့်၊ ပြင်ပပစ္စည်းတွေကိုဖယ်ရှားရာမှာလည်း မျက်စိရောင်ရမ်းနိုင်ပါတယ်။ များသောအားဖြင့် တစ်ရက်နှစ်ရက်အကြာမှာ ရောဂါလက္ခဏာတွေသက်သာသွားလေ့ရှိပါတယ်။

          မျက်ကပ်မှန်တပ်သူတွေမှာလည်း မျက်စိမြှေးရောင်ရမ်းဖို့ အလားအလာပိုများပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ

        မျက်စိမြှေးရောင်ရမ်းခြင်းမှတဆင့် မျက်ကြည်လွှာရောင်ရမ်းမှုဖြစ်နိုင်တာကြောင့် အမြင်အာရုံကိုထိခိုက်စေပါတယ်။ အချိန်မီသိရှိပြီး ကုသမှုအမြန်ဆုံးခံယူခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးတွေမဖြစ်အောင် လျော့ချပေးနိုင်ပါတယ်။

စစ်ဆေးခြင်း

        မျက်စိမြှေးရောင်ရမ်းခြင်းဟုတ်မဟုတ်သေချာစေရန် ဆရာဝန်က ရောဂါရာဇဝင်မေးမြန်းခြင်း၊ မျက်စိကိုစစ်ဆေးခြင်းတို့ ပြုလုပ်ပါလိမ့်မယ်။ မျက်စိမြှေးရောင်ရမ်းခြင်း ပြင်းထန်ခြင်း၊ မျက်ကြည်လွှာထိခိုက်ခြင်း၊ ကုသမှုခံယူသော်လည်း ခဏခဏမျက်စိမြှေးရောင်ရမ်းခြင်း စတဲ့အခြေအနေတွေမှာ မျက်စိမှထွက်တဲ့အရည်ကိုယူပြီး ဓာတ်ခွဲစစ်ဆေးတာတွေပြုလုပ်နိုင်ပါတယ်။

ကုသခြင်း

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်စိရောင်ရမ်းနာအများစုဟာ တစ်ပတ်-နှစ်ပတ်အတွင်းမှာ သူ့အလိုလို သက်သာသွားလေ့ရှိပါတယ်။ ပဋိဇီဝဆေးဝါးသောက်သုံးခြင်းက အနာကျက်မြန်စေပြီး ဆရာဝန်က မျက်စဉ်ဆေးရည်ခပ်ဖို့ ဒါမှမဟုတ် လိမ်းဆေးလိမ်းဖို့ ညွှန်ကြားပါလိမ့်မည်။ မျက်စိလိမ်းဆေးလိမ်းပြီးချိန်မှာ မိနစ် 20 ခန့် အမြင်မှုန်ဝါးနိုင်ပါတယ်။ ထပ်ခါထပ်ခါပြန်ဖြစ်ခြင်းမှ ကာကွယ်နိုင်ရန် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပဋိဇီဝဆေးဝါးကို သတ်မှတ်ရက်ပြည့်အောင် အသုံးပြုရမှာဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်စိမြှေးရောင်ရမ်းခြင်း

        များသောအားဖြင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်စိမြှေးရောင်ရမ်းနာအတွက် ကုသမှုမရှိပါဘူး။ Herpes Simplex ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဆိုရင်တော့ ဆရာဝန်ကဗိုင်းရပ်စ်သတ်တဲ့ ဆေးဝါးညွှန်ကြားပါလိမ့်မယ်။

          တစ်ခါတရံမှာ မျက်စိတစ်ဖက်တည်းမှာဖြစ်ပြီး ရက်အနည်းငယ်အကြာမှာ အခြားတစ်ဖက်သို့ကူးစက်သွားပါတယ်။ တစ်ပတ်နှစ်ပတ်အကြာမှာ ရောဂါလက္ခဏာတွေ သက်သာသွားလေ့ရှိပါတယ်။ ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ မျက်စိမြှေးရောင်းရမ်းခြင်းအတွက် ဆရာဝန်က ဟစ်တမင်းကို ဆန့်ကျင်တဲ့ပစ္စည်းနှင့် mast cell ကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးနှင့် ရောင်ရမ်းမှုကို လျော့ချပေးနိုင်တဲ့ စတီးရွိုက်ပါဝင်တဲ့ ဆေးတွေညွှန်ကြားပါလိမ့်မယ်။

အိမ်တွင်းကုထုံးများ

        မျက်မြှေးရောင်ရမ်းနာကိုသက်သာစေရန် -

1. ရေအေးဝတ်ကပ်ပါ။မျက်စိပေါ်ကို ရေအေးဝတ်အုပ်ပြီး မိနစ်အနည်းငယ်ထားပါ။ တစ်နေ့မှာ အကြိမ်ပေါင်းများစွာလုပ်ပေးပါ။ ရေရဲ့အအေးဓာတ်က မျက်စိမြှေးရောင်ရမ်းနာကို သက်သာစေပါတယ်။

2. အကယ်၍မျက်စိမြှေးရောင်ရမ်းနာက တဖက်တည်းမှာဖြစ်နေပါက ရောင်ရမ်းနာဖြစ်နေတဲ့မျက်စိကို ထိတွေ့ထားတဲ့အဝတ်နှင့် အခြားတဖက်ထိတွေ့ခြင်းမရှိအောင် ဂရုစိုက်ပါ။

3. မျက်စဉ်းဆေးအသုံးပြုပါ။ အချို့သောမျက်စဉ်းဆေးမှာ ဟစ်တမင်းဆန့်ကျင်တဲ့ပစ္စည်းတွေပါဝင်တာကြောင့် ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ မျက်စိရောင်ရမ်းနာကို သက်သာစေပါတယ်။

4. မျက်စိမြှေးရောင်ရမ်းခြင်းသက်သာတဲ့အထိ မျက်ကပ်မှန်တပ်ခြင်းကို ရှောင်ကြဉ်ပါ။ မျက်ကပ်မှန်ပြန်တပ်လို့ရမယ့်အချိန်က မျက်မြှေးနာဖြစ်စေတဲ့ အကြောင်းအရင်းပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။

5. မိမိအားဓာတ်မတည့်မှုကို ဖြစ်စေတဲ့ အရာမှန်သမျှကို ရှောင်ကြဉ်ပါ။

6. အဝတ်အထည်တွေကို သေချာလျှော်ဖွတ်ပြီးမှဝတ်ဆင်ပါ။ တကိုယ်ရေသန့်ရှင်းမှု အိပ်ရာမဝင်ခင်အချိန်မှာ ရေချိုးပေးခြင်းက ဓာတ်မတည့်ခြင်းကြောင့်ဖြစ်တဲ့ မျက်မြှေးရောင်ရမ်းနာကို သက်သာစေပါတယ်။

ကာကွယ်ခြင်း

        တကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ခြင်းဖြင့် မျက်စိမြှေးနာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ မျက်စိကိုလက်ဖြင့် ပွတ်သပ်ခြင်းကို ရှောင်ကြဉ်ပါ။ လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောပါ။ မျက်နှာသုတ်ပုဝါ၊ တဘက်၊ စောင်၊ ခေါင်းအုံးစွပ် စတာတွေကို ခကြာခဏလဲလှယ်ပေးပါ။ အခြားသူများနှင့် မျှဝေသုံးစွဲခြင်းမပြုပါနှင့်။

          ရက်လွန်နေတဲ့ မျက်တောင်ကော့ပစ္စည်းတွေကို နှာမြောတသဖြစ်မနေဘဲ လွှတ်ပစ်လိုက်ပါ။ မျက်စိမြှေးရောင်ရမ်းခြင်းဟာ တစ်ဦးမှတစ်ဦးသို့ ကူးစက်တတ်တာကြောင့် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်စိမြှေးရောင်ရမ်းနာဖြစ်နေတဲ့ ကလေးကို ရောင်ရမ်းခြင်းနဲ့ မျက်ဝတ်ထွက်ခြင်း သက်သာသွားမှသာ ကျောင်းသို့လွှတ်ပါ။

          ဘက်တီးရီးယားကြောင့်ဖြစ်တယ်ဆိုရင်တော့ ပဋိဇီဝဆေးဝါးကုသမှုခံယူပြီးမှ ကျောင်းသို့လွှတ်ပါ။

Sources; Dr. Htet Htet Aung/DrMyanmar

No comments:

Post a Comment