Latest News

Sunday, January 15, 2017

တွံတေးရှိ ရွာသုံးရွာတွင် လူငယ် ၄၆ ရာခိုင်နှုန်းကျော် အရက်ကိုစွဲလမ်းစွာသောက်နေကြောင်း စစ်တမ်းငယ်တစ်ခုဖော်ပြ

တွံတေးရှိ ရွာသုံးရွာတွင် လူငယ် ၄၆ ရာခိုင်နှုန်းကျော် အရက်ကိုစွဲလမ်းစွာသောက်နေကြောင်း စစ်တမ်းငယ်တစ်ခုဖော်ပြ


တွံတေးမြို့နယ် ကျေးရွာအုပ်စုသုံးခုရှိ လူငယ်အချို့ကို အရက်သောက် သုံးမှုနှင့်ပတ်သက်၍ စစ်တမ်းငယ်တစ်ခုပြုလုပ်ရာ ဖြေဆိုသူအားလုံး၏ ၄၆ ရာခိုင် နှုန်းသည် အရက်ကိုစွဲလမ်းစွာသောက်သုံးနေကြောင်း သုတေသနစာတမ်းတစ်ခုမှ သိရသည်။

အဆိုပါ သုတေသနသည် အရက်နှင့်ပတ်သက်သော ဗဟု သုတ၊ သဘောထားခံယူချက်နှင့် အမူအကျင့်များကို လေ့လာဆန်းစစ်ရန်နှင့်အရက်စွဲခြင်းကို ရှာဖွေဖော်ထုတ်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်း တွံတေးမြို့နယ်ရှိ အသက်(၁၈)နှစ်မှ(၂၅)နှစ်အတွင်း လူငယ် ၁၅၂ဦးကို မေးမြန်းလေ့လာရာ ၎င်းတို့ထဲမှ ၉၅ ဦးသည် အရက်သောက်သုံးသည်။ အရက်သောက်သုံးသော ၉၅ဦးအနက် ၇၀ဦး (၇၅ ရာခိုင်နှုန်း) သည် အရက်စွဲနေကြောင်း တွေ့ရှိရသည်ဟု အဆိုပါ စစ်တမ်းငယ်ပြုလုပ်သူများကပြောသည်။ ထို့ကြောင့် ဖြေဆိုသူအားလုံး၏ ၄၆  ရာခိုင်နှုန်းကျော်သည် အရက်ကို စွဲလမ်းနေသည်။

‘‘တစ်နိုင်ငံလုံးကို ကိုယ်စား ပြုတဲ့ဒေတာ (အချက်အလက်) တော့မဟုတ်ဘူး။ ဒါဟာ တွံတေး မြို့နယ်အတွင်းက ကျေးရွာသုံး အုပ်စုကိုပဲ ကိုယ်စားပြုတာပါ။ ဒါပေမဲ့ ပထမခြေလှမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ (၁၈)နှစ်ကနေ (၂၅)နှစ်အတွင်း လူငယ်တွေကို အရက်နဲ့ပတ်သက်ပြီး သုတေသန သီးသီးသန့်သန့်လုပ်ထားတာမရှိ ဘူး။ ဒါက လူငယ်တွေနဲ့ ပတ် သက်ပြီး ပထမဦးဆုံးသုတေသန  စာတမ်းလို့ပြောလို့ရတယ်။ အခု ဒီစာတမ်းကနေ နောက်ထပ်ရန် ကုန်တိုင်းတစ်တိုင်းလုံးကိုယ်စား ပြုသုတေသနတွေထွက်လာနိုင် တယ်’’ဟု ဆေးသုတေသနဦးစီး ဌာန၊ ကျန်းမာရေးစနစ် သုတေသနဌာနခွဲမှ သုတေသနအရာရှိ ဒေါက်တာ အောင်ပြည့်ဖြိုး (စာ တမ်းရှင်)ကပြောသည်။

ရန်ကုန်မြို့စွန်ပိုင်းရှိ လူငယ်များအရက်သောက်သုံးမှုကို သိရှိလို၍ ယင်းသုတေသနပြုလုပ်ရခြင်းဖြစ်ကာ  နိုင်ငံတကာသတ်မှတ်ချက်မေးခွန်းများအတိုင်း နံနက်အိပ်ရာနိုးနိုးချင်း အရက်သောက်သုံးမှုရှိ၊မရှိ၊ ပတ်ဝန်းကျင်မှအရက်သမားအဖြစ်ထင်မှတ်လျှင် စိတ်ဆိုးခြင်းရှိ၊မရှိ၊ အရက်သောက်သုံးစဉ် မိမိကိုယ်ကိုယ်အပြစ်ရှိသည်ဟု ခံစားရခြင်းရှိ၊မရှိနှင့် အရက်ဖြတ်သင့်၊ မသင့်အစရှိသည်တို့ကို မေးမြန်းထားခြင်းဖြစ်သည်။

အရက်အဓိကသောက်သုံးရ သည့်အကြောင်းရင်းများမှာ လူမှု ရေးကိစ္စ၊ မိတ်ဆွေသူငယ်ချင်း များ၏ တိုက်တွန်းမှုနှင့် အရက်အ လွယ်တကူရရှိနိုင်မှုတို့အပြင် မိဘများထံမှ အတုယူခြင်းတို့ကြောင့်ဖြစ်သည်ဟု ယင်းသုတေသနစာ တမ်းတွင် ဖော်ပြထားသည်။

ပျမ်းမျှအားဖြင့် အရက်စ တင်သောက်သုံးနေသည့်အရွယ် သည် (၁၇)နှစ်ဖြစ်ကာ အချို့က အသက်အငယ်ဆုံး (၁၁)နှစ်အ ရွယ်မှ စတင် သောက်သုံးနေ သည်။ ယင်းတွေ့ရှိမှုများအပေါ် ကလေးသူငယ်များနှင့်  ဆယ် ကျော်သက်များကို အရက်ရောင်းချမှုနှင့် အရက်အလွယ်တကူရရှိစေမှုတို့ကို ဥပဒေပိုင်းဆိုင်ရာအရေးယူအပြစ်ပေးမှုများ ပိုမိုမြှင့် တင်လုပ်ဆောင်ရန်လိုအပ်သည်ဟု သုတေသနစာတမ်းရှင်များက အကြံပြုထားသည်။

 အရက်သောက်သုံးခြင်း ကြောင့် နောက်ဆက်တွဲကျန်းမာ ရေးပြဿနာဖြစ်သော အသည်း ရောင်ခြင်း၊အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း၊ သွေး အန်ခြင်း၊ အစာအိမ်ရောဂါဖြစ် ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ ဦး နှောက်နှင့် အာရုံကြောရောဂါဖြစ် ခြင်း၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ သားသမီးမရခြင်းနှင့် စိတ်ရောဂါ ရှိခြင်းများဖြစ်ပေါ်နိုင်ပြီး ရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကြီးရှိ အ ရက်စွဲကုသရေးနှင့် သုတေသန ဌာန၏ ၂၀၁၅ စာရင်းများအရ အရက်စွဲလူနာဦးရေ ခုနစ်ထောင်ကျော်ရှိကြောင်း သိရသည်။

‘‘အရက်လိုင်စင်တွေကို ဗုံး ပေါလအော ချပေးထားခဲ့တယ်။ တချို့နေရာတွေမှာ လိုင်စင်တစ်ခု ရဖို့ ကျပ်သိန်းနှစ်ဆယ်ထိပေါက် တယ်။ တကယ်ကျတော့ လိုင်စင် ချပေးတဲ့အခါမှာ စည်းကမ်းသတ် မှတ်မှုတွေရှိသင့်တယ်။ စာသင် ကျောင်း၊ ဘုန်းကြီးကျောင်းတွေ အနီးမှာမပေးရဘူး။ ရောင်းချတဲ့ နေရာမှာလည်း အသက်အရွယ် ကန့်သတ်မှုတွေရှိရမယ်’’ဟု ပြည် သူ့လွှတ်တော် ကိုယ်စားလှယ်ဦး မြင့်ဦးကပြောသည်။


Sources; 7Day News Journal


No comments:

Post a Comment