Latest News

Saturday, January 7, 2017

ထိုင်ဝမ်သမ္မတ၏ အမေရိက ခရီးစဉ်တွင် ထရမ့်နှင့် တွေ့ဆုံမည်ကို တရုတ် စိုးရိမ်နေ

ထိုင်ဝမ်သမ္မတ၏ အမေရိက ခရီးစဉ်တွင် ထရမ့်နှင့် တွေ့ဆုံမည်ကို တရုတ် စိုးရိမ်နေ

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်၏ ဗဟို အမေရိက ခရီးစဉ်ကို တရုတ်က သတိကြီးစွာဖြင့် မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း သိရသည်။

ဆိုင်သည် ဇန်နဝါရီ ၇ ရက်တွင် ထိုင်ဝမ်မှ အမေရိကန်သို့ ထွက်ခွာသွားပြီး ထိုမှတဆင့် ဗဟိုအမေရိကသို့ ခရီးဆက်မည် ဖြစ်သည်။ သူမသည် ထိုင်ဝမ်၏ မဟာမိတ် ဗဟိုအမေရိက နိုင်ငံအချို့တွင် ၉ ရက်ကြာ နေထိုင်ရန် စီစဉ်ထားသည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်းတို့၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ယူဆထားပြီး အမေရိကန်မြေသို့ ဆိုင်ခြေချလာမည့် အခြေအနေကို စောင့်ကြည့်နေခြင်း ဖြစ်သည်။ အမေရိကန် သမ္မတသစ် ဖြစ်လာမည့် ဒေါ်နယ်လ်ထရမ့်သည် သံတမန်ရေးရာ စံနှုန်းများကို ချိုးဖောက်ကာ ဆိုင်၏ထံသို့ တိုက်ရိုက် ဖုန်းဆက် စကားပြောခဲ့ခြင်းကြောင့် တရုတ်က ဆိုင်နှင့် ထရမ့်၏ ဆက်ဆံရေးအပေါ် စိုးရိမ်လျက် ရှိသည်။

ယခုခရီးစဉ်တွင်လည်း ဆိုင်သည် အမေရိကန်ရှိ ဟူစတန်မြို့တွင် ခရီးတထောက်နားပြီး အပြန်တွင်လည်း ဆန်ဖရန်ဆစ္စကိုသို့ ခေတ္တ ဝင်ရောက်မည်ဖြစ်ရာ ထရမ့်နှင့် ဆက်သွယ်မှုများ ထပ်မံ ဖြစ်လာမည်ကို တရုတ်က စိုးရိမ်နေသည်။

အမေရိကန် သမ္မတ အဆက်ဆက်သည် ထိုင်ဝမ်ကို တရုတ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် သတ်မှတ်သော ဝမ်းချိုင်းနား ပေါ်လစီကို မူအားဖြင့် အသိအမှတ်ပြုပြီး ထိုင်ဝမ်ခေါင်းဆောင်များကို တိုက်ရိုက် ဆက်သွယ်ခြင်းမျိုးမှ ရှောင်ရှားခဲ့ကြသည်။ သို့သော် ထရမ့်ကမူ ရွေးကောက်ပွဲတွင် အနိုင်ရပြီး ရက်ပိုင်းအတွင်း ထိုင်ဝမ်၏ လက်ရှိ အာဏာရ သမ္မတထံ ဖုန်းဖြင့် တိုက်ရိုက် ဆက်သွယ်ကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ဒီခရီးစဉ်မှာ တရုတ် အစိုးရိမ်ဆုံးက ဆိုင်နဲ့ ထရမ့်တို့ လူချင်းတွေ့ဖြစ်သွားမလား ဆိုတာပဲ”ဟု တရုတ်နိုင်ငံ၊ ဆွန်ယက်ဆင် အမျိုးသား တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ လျောင်ဒါချီက သုံးသပ်ခဲ့သည်။ “ဒီစိုးရိမ်မှုနဲ့ ပတ်သက်ပြီး တရုတ်ဘက်ကလည်း သိသာတဲ့ သတိပေးမှု အရိပ်အယောင်တွေ ပြထားပြီးပြီ။ ထိုင်ဝမ်က ဘယ်လို တုံ့ပြန်မလဲ စောင့်ကြည့်ရမယ်”ဟုလည်း ၎င်းက ဆိုသည်။

တရုတ်အစိုးရက အစောပိုင်းတွင် ဆိုင်ကို အမေရိကန် လေပိုင်နက်ထဲမှ ဖြတ်ကျော် ခရီးသွားခွင့် မပေးဘဲ ပိတ်ပင်ရန် တောင်းဆိုခဲ့သေးသည်။ ထရမ့်ကိုယ်တိုင်ကမူ ယခုခရီးစဉ်တွင် ဆိုင်နှင့် တွေ့ဆုံရန် ဖြစ်နိုင်ခြေကို ငြင်းဆန်ထားပြီး မိမိ သမ္မတတာဝန် လက်တွေ့ မထမ်းဆောင်မီ ယခုကိစ္စမျိုး ဖြစ်လာမည် ဆိုပါက နည်းလမ်းမကျဟု ခံစားမိကြောင်း မှတ်ချက်ပေးထားခဲ့သည်။

Sources; Guardian / 7 Day News Journal

No comments:

Post a Comment