Latest News

Monday, January 16, 2017

ပြည်သူလူထုအနေနဲ့ ယာဉ်လိုင်းစနစ်သစ်နဲ့ အကျွမ်းတဝင်ဖြစ်အောင် အချိန်ကာလတစ်ခုတော့ စောင့်ရမယ်

ပြည်သူလူထုအနေနဲ့ ယာဉ်လိုင်းစနစ်သစ်နဲ့ အကျွမ်းတဝင်ဖြစ်အောင် အချိန်ကာလတစ်ခုတော့ စောင့်ရမယ်


မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့မှာ လူဦးရေ ခုနစ်သန်းကျော်ရှိပြီး နေ့စဉ် ခရီးသည်ပို့ဆောင်ရေးယာဉ်တွေနဲ့ သွားလာနေတဲ့ လူဦးရေ နှစ်သန်းကျော် ရှိကာ မြို့ပတ်ရထားစီးခရီးသည် ရှစ်သောင်းခန့်ရှိတယ် လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) မှ ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ယနေ့နံနက်က စတင်ပြီး ယခင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် ဖွဲ့စည်းခဲ့တဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ(မထသ)ကို ဖျက်သိမ်းပြီး အများပိုင်ယာဉ်လိုင်းစနစ် (YBS)နဲ့ ယာဉ်လိုင်း ၇ဝ၊ ယာဉ်စီးရေ ၃၇ဝဝ ကျော်နဲ့ ယာဉ်လိုင်းစနစ်သစ်ကို စတင်ကျင့်သုံးပြီး ပြေးဆွဲခဲ့ပါတယ်။

ယာဉ်လိုင်းစနစ်သစ်နဲ့ ယာဉ်တွေကို စတင်ကျင့်သုံး ပြေးဆွဲတဲ့ ယနေ့ အစမှာတော့ ဘတ်စ်ကားစီးခရီးသည်တွေ အခက်အခဲရှိပေမယ့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၊ အရပ်ဘက် လူမှုရေးအဖွဲ့ အစည်းများ၊ ပြည်သူလူထုပါဝင်တဲ့ လုပ်အားပေးအဖွဲ့တွေရဲ့ ကူညီမှု၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ရဲ့ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုတွေနဲ့ ခရီးသည်တွေ လိုရာခရီးကို ရောက်ခဲ့ပါတယ်။

''ခရီးသည်တွေအဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့အတွက် ယာဉ်လိုင်းစနစ်သစ် စတင်ကျင့်သုံးတဲ့နေ့မှ စပြီး ငါးရက်အတွင်း တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ၊ အရပ်ဘက်အဖွဲ့ အစည်းတွေ၊ ပြည်သူလူထုပါဝင်တဲ့ လုပ်အားပေးအဖွဲ့တွေကို ထားရှိသွားမှာဖြစ်ကာ လိုအပ်ပါက ရက်ထပ်တိုး ကူညီပေးသွားမှာဖြစ်ပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောပါတယ်။

''ဒီနေ့က စနစ်သစ်စတာဆိုတော့ အဆင်မပြေတာ တွေ လည်း တွေ့ရတယ်။ ပြဿနာက ဘာလဲဆိုတော့ ခရီးသည်တွေက ယာဉ်လိုင်းတွေပဲ မှတ်ထားတယ်။ အဲဒီတော့ အဆင်မပြေဘူး။ မှတ်တိုင်တိုင်းမှာတော့ Information ပေးတဲ့ လုပ်အားပေးတွေရှိတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ပြောပါတယ်။

သာကေတမြို့နယ်မှ ဦးလှဝင်းက ''သာကေတကနေ ဆေးရုံကြီးကို သွားတာ နှစ်ဆင့်လောက်တော့ ကားပြောင်း စီးရတယ်။ ကားခကတော့ ၂ဝဝ ပဲ၊ ပထမရက်ဆိုတော့ အခက်အခဲကရှိတာပေါ့။ နောက်ပိုင်း အဆင်ပြေသွားမှာ ပါ''ဟု ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)သို့ ယာဉ်လိုင်းပေါင်း ၇ဝ ခန့်တွင် ကုမ္ပဏီအစုအဖွဲ့များက ပြေးဆွဲရန် ကတိပြု ထားတဲ့ ယာဉ်စီးရေ ၃၇ဝဝ ကျော် ရှိသော်လည်း ယနေ့ ပြေးဆွဲတဲ့ ယာဉ်စီးရေမှာ ပေးထားတဲ့ ယာဉ်စီးရေအတိုင်း ပြေးဆွဲနိုင်ခြင်းမရှိတဲ့အတွက် ခရီးသည်တွေ အခက်အခဲ ဖြစ်ရတယ်လို့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုပါတယ်။

''ယာဉ်လိုင်းတွေမှာရှိတဲ့ ကားတွေက ပေးထားတဲ့ ယာဉ်စီးရေအတိုင်း ပြေးဆွဲတာ မရှိဘူး။ ဆက်သွယ် မေးမြန်းတဲ့အခါ စတစ်ကာကပ်လို့ မပြီးသေးဘူးဆိုတာ တွေရှိတယ်။ အဲဒီအတွက် နည်းနည်းကသီသွားတယ်။ တချို့နေရာတွေမှာ အဆင်မပြေ မှုလေးတွေ ဖြစ်သွားတယ်''ဟု ဒေါက်တာမောင်အောင်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့အနေနဲ့ ပြေးဆွဲတဲ့ ယာဉ်လိုင်းစနစ်သစ်တွင် ပြည်သူလူထုတောင်းဆိုလာပါ က ယာဉ်လိုင်းသစ်တိုးချဲ့ခြင်း၊ ယာဉ်စီးရေ တိုးချဲ့ခြင်းတွေ ကို ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ သိရပါတယ်။

ယနေ့ အများပိုင်ယာဉ်လိုင်းစနစ် (YBS) ပြေးဆွဲတဲ့ နေ့မှာ သခင်မြပန်းခြံနဲ့ မြို့ထဲပတ်ဝန်းကျင် ပြေးဆွဲတဲ့ ယာဉ်စီးရေ နည်းပါးခြင်း၊ ယာဉ်စီးခ ပိုတောင်းခြင်း၊ ယာဉ်စည်းကမ်းချိုးဖောက်ခြင်း၊ ယာဉ်ကြောပြောင်းပြန် မောင်းနှင်ခြင်းတွေကြောင့် ခရီးသွားပြည်သူတွေထံမှ တိုင်ကြားခြင်းတွေရှိလာကြောင်း အတွင်းရေးမှူး ဒေါက်တာမောင်အောင် ထံမှ သိရပါတယ်။

''စည်းကမ်းချိုးဖောက်တာတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်။ ယာဉ်စီးခနဲ့ပတ်သက်ပြီး ပိုမယူဖို့ ညွှန်ကြားထားတယ်။ ခံဝန်ကတိလည်း ထိုးခိုင်းထားတယ်။ နေရာတိုင်းမှာ ဘယ်လိုင်းတွေက အားနည်းလဲဆိုတာ မှတ်သားထားတယ်။ အတတ်နိုင်ဆုံးဖြေရှင်းသွားမယ် ဟု ဒေါက်တာမောင်အောင်က ပြောပါတယ်။

ယနေ့ စတင်ကျင့်သုံးလိုက်တဲ့ ယာဉ်လိုင်းစနစ်သစ် ကြောင့် ခရီးသည်တင် ဘတ်စ်ကားအချင်းချင်း ပြိုင်မောင်း ခြင်း၊ ခရီးသည်လုတင်ခြင်းတွေ ကင်းဝေးသွားမှာဖြစ်ကြောင်း အတွင်းရေးမှူး ဒေါက်တာမောင်အောင်က သုံးသပ်ထားပါတယ်။

ယာဉ်လိုင်းစနစ်သစ်ကြောင့် ခရီးသည်တွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းနိုင် ဖို့ YRTA အောက်ရှိ လက်ရှိပြေးဆွဲနေတဲ့ ကုမ္ပဏီ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ပြဿနာတွေ ချက်ချင်းဖြေရှင်းနိုင်ဖို့ Operator Team တစ်ခု ဖွဲ့စည်း ထားကြောင်း YRTA မှ သိရပါတယ်။

''ပြည်သူလူထုအနေနဲ့ ယာဉ်လိုင်းစနစ်သစ်နဲ့ အကျွမ်းတဝင်ဖြစ်အောင် အချိန်ကာလတစ်ခုတော့ စောင့်ရမယ်။ ကျွန်တော်တို့အပိုင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို လက်ငင်းဖြေရှင်းနိုင်တဲ့ နည်းလမ်း နဲ့ပဲသွားမယ်''ဟု ဒေါက်တာမောင်အောင်က ပြောပါတယ်။

ယာဉ်လိုင်းအမှတ်(၇)မှ ကြီးကြပ်ရေးမှူး ဦးသိန်းဇော် က ''ကားစီးတဲ့ခရီးသည်တွေက ဘယ်ကားနံပါတ်က ဘယ်သွားတယ်ဆိုတာ မသိကြသေးဘူး၊ ကားစီးရင် ဘယ်ရောက်မယ်ဆိုတာ မသိသေးဘူး။ ဒီအခက်အခဲတော့ အများကြီးဖြစ်နေတယ်။ အဲဒီအတွက် ဖြေပေးနေရ တယ်''လို့ ခရီးသည်တွေရဲ့ အခက်အခဲကို ပြောပါတယ်။

ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့ရှိ ကားမှတ်တိုင် မှာ ခရီးသည်တွေ အခက်အခဲမရှိစေဖို့ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းတွေနဲ့အတူ ကူညီဆောင်ရွက်ပေးနေတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ''ခရီးသည်တွေက ဘယ်ကားစီးရမှန်း မသိဘူး။ အဲဒီအတွက် ကူညီပေးနေရတယ်။ တချို့လိုင်း တွေမှာလည်း ကားသမားတွေကညစ်ပြီး လိုင်းမဆွဲတာ ရှိတယ်။ စံပြဈေးလိုနေရာ၊ လှိုင်သာယာလိုနေရာမှာ ခရီးသည်တွေပုံသွား တာ တွေ့ရ တယ်။ ပြဿနာက စီးစရာကားမရှိတဲ့ပြဿနာ၊ ခရီးသည်က မှတ်တိုင်မှာ ပုံနေတယ်''ဟု ယနေ့ ကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပါတယ်။

''ယာဉ်တွေကို ဘယ်လိုထပ်ဖြည့်မလဲ၊ လိုင်းတွေ ဘယ်လိုတိုးချဲ့မလဲ၊ ဒီအတိုင်း အသားမကျဘူး၊ ဒီထက် ဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာ ဝိုင်းဝန်းဆွေးနွေးရမယ်''ဟု ဦးနေဘုန်းလတ်က ဆိုပါတယ်။

ယာဉ်လိုင်း (၄) မှ ယာဉ်မောင်း ဦးရွှေကိုဆင့်က ''ယာဉ်မောင်းတွေ အတွက်က အခက်အခဲမရှိပါဘူး။ ခရီးသည်တွေကတော့ ဘယ်လိုစီးရမလဲဆိုတာ မသိကြသေးဘူး။ ကျွန်တော်တို့ယာဉ်လိုင်းမှာတော့ တစ်ခေါက် တစ်ခေါက် ကိုယ့်အလှည့်ရောက်ဖို့ နှစ်နာရီခွဲလောက် ကြာအောင် စောင့်ရတယ်။ အရင်က ၄၅ မိနစ်၊ တစ်နာရီ လောက်ပဲကြာတယ်''ဟု တစ်နေ့တာ ကြုံတွေ့ရတဲ့ အခက်အခဲကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ''စနစ်တစ်ခု ပြောင်းတယ်ဆိုတာ အင်မတန်ခက်ပါတယ်။ စိန်ခေါ်မှုတွေလည်း အများကြီးရှိတယ်။ လိုအပ်ချက်တွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ပြည်သူလူထုအတွက် ဝန်ဆောင်မှုကောင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ပေါ်ပေါက်ဖို့ ကြိုးစားသွားမှာ ပါ''ဟု ဆိုပါတယ်။

ဘတ်စ်ကားစီး ခရီးသည်တစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် အရှေ့ပိုင်း(၇)ရပ်ကွက်တွင် နေထိုင်တဲ့ ကိုတင်ဝင်းလှိုင်က ''နေ့စဉ် သိန်းနဲ့ချီတဲ့ ခရီးသွားပြည်သူတွေကို ဝန်ဆောင်မှုအသစ်တွေပေးမယ့် ဘတ်စ်ကားစနစ်ဖြစ်လို့ ကြိုဆိုပါတယ်။ ဒီကနေ့အစမှာ အခက်အခဲတွေ ရင်ဆိုင်ကြရမှာပါ။ ဒါပေမယ့် ရေရှည်မှာ ကောင်းမွန်တဲ့ဝန်ဆောင်မှုဖြစ်လာဖို့ ဝိုင်းဝန်းဆောင်ရွက် ကြရမှာပါ''ဟု ပြောပါတယ်။

Sources; သတင်းဆောင်းပါး-မင်းသစ်(သတင်းစဉ်)
ဓာတ်ပုံ-ရဲထွဋ်

No comments:

Post a Comment