Latest News

Monday, January 16, 2017

ပြောင်းလဲမှုကို ပြည်သူတို့ကြိုဆိုသည်

ပြောင်းလဲမှုကို ပြည်သူတို့ကြိုဆိုသည်

ရန်ကုန် ဇန်နဝါရီ ၁၆

ရန်ကုန်မြို့တော်၏ အများပြည်သူ ခရီးသည်ပို့ဆောင်ရေးကဏ္ဍ ဘတ်စ်ကားပြေးဆွဲမှု စနစ်သစ်ကို ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စတင်ပြေးဆွဲနေပြီဖြစ်သည်။ ပြောင်းလဲလာသည့် ပြေးဆွဲမှုစနစ်သစ်နှင့်ပတ်သက်၍ ခရီးသွားပြည်သူများ၊ စေတနာ့ဝန်ထမ်းများ၊ အခမဲ့ပြေးဆွဲပေးသည့်ယာဉ်လိုင်းများနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။

ဆရာမ ဒေါ်ခိုင်သော်ထွန်း
(အမက-၂ ဒဂုံတောင်)

ပြောင်းလဲမှုကို သဘောကျပါတယ်။ ဒါပေမယ့် အစဦးဆုံးဆိုတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ အမှန်အတိုင်းပြောရရင် ဘယ်ကား စီးရမလဲမသိဘူး။ ဘယ်သူ့မေးရမှန်း လည်းမသိဘူး။ လက်ကမ်းစာစောင် လေးတွေရှိတော့ အဆင်ပြေတာပေါ့။ ပြီးတော့ စေတနာ့ဝန်ထမ်းတွေလည်း ရှိတော့ အဆင်ပြေမှာပါ။ အရင်ကဆို ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ပြဿနာတွေ အများကြီးရှိတယ်လေ။ ဒီပြောင်းလဲမှုကြောင့် ပြဿနာတွေ ပြေလည်သွားမယ်လို့မြင်တယ်။

မယုယ

ဒီနေ့တော့ လူတအားများတယ်။ ကားလည်းအကြာကြီးစောင့်ရတယ်။ ကျပ်ကျပ်သိပ်သိပ် စီးရတယ်။ ဒါပေမယ့် တစ်ခုက ကားလမ်းကြောင်းတွေ ချောင်သွားတယ်။ သွားရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် ကား အစီးရေကနည်းသေးတော့ နောက်မှ ထပ်တိုးမယ်လို့လည်း ကြားမိပါတယ်။ ဘာပဲပြောပြော အစိုးရဲ့ပြောင်းလဲမှုကို ကြိုဆိုပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။

ဆုသီရိငြိမ်း စေတနာ့ဝန်ထမ်း
(ငမိုးရိပ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်)

ခရီးသွားတွေအဆင်ပြေအောင်လို့ ကျွန်မတို့တွေက လမ်းညွှန်ပေးနေတာပါ။ ဒါပေမယ့် ကားတွေက အစုံမရောက် သေးတော့ပိုဆိုးတယ်။ ပြည်သူတွေ ဘက်ကကြည့်ရင် သနားဖို့ကောင်းတယ်။ ကားတွေကမစုံသေးတော့လေ။ စံပြဈေးကနေ ဆူးလေသွားတဲ့ကား ဆိုရင် နံပါတ် ၇ တစ်စီးပဲရှိတယ်။ ပြီးရင် နှစ်ဆင့်၊ သုံးဆင့်ပြောင်းစီးရတော့ တချို့ စိတ်မရှည်တဲ့သူတွေလည်း အများကြီးပဲ။ ဒါ့ကြောင့် ကျွန်မတို့ကို ရန်တွေ့သွားတဲ့သူတွေလည်းရှိတယ်။ ညီမတို့ကပြောတယ်။ ပိုက်ဆံတော့ ကုန်မယ်။ လမ်းကြောင်းတော့ ရှင်းသွားမယ်။ နှစ်ဆင့်တော့ပြောင်းစီး ပေးကြပါ။ အရင်လို ကားမပိတ်တော့ လိုတဲ့ခရီးကို မြန်မြန်ရောက်စေမယ် ပေါ့။ ဒါပေမယ့် အဆင်မပြေဘူး ပြောတဲ့သူက နည်းပါတယ်။ အခမဲ့ ယာဉ်တွေလည်း ပြေးဆွဲပေးနေတယ် ဆိုတော့ နောက်နေ့တော့ အဆင်ပြေ မှာပါ။

ဦးရွှေနိုင်မင်း
(ယာဉ်မောင်း ရွှေအောင်သူယာဉ်လိုင်း အခမဲ့ခရီးသည်ပို့ဆောင်ရေးယာဉ်)

အခု ယာဉ်လိုင်းတွေ အခက်အခဲ ဖြစ်နေချိန် ကားဂိတ်မှာ လူတွေပုံနေတော့ ကျွန်တော်တို့က ခရီးသည်တွေ ဒုက္ခရောက်မှာစိုးလို့ အခမဲ့သက်သက် ကူညီတာပါ။ လောလောဆယ်တော့ ဒီနေ့တစ်နေကုန်ပြေးဆွဲမယ်။မြို့ထဲက နေ ဘေလီထိပ်ထိ၊ ခရီးသည်ပုံနေတဲ့ လမ်းကြောင်းတွေကို လိုက်ပြီးပြေးဆွဲ မယ်။ နောက်နေ့ကတော့ မသိသေး ဘူး။ ပိုင်ရှင်ကို မေးရမှာပါ။ ကျွန်တော် တို့လိုင်းက တစ်စီးပဲ။ နောက်ပြီး မန္တလာမင်းတို့ကလည်း လာတယ်။ တခြားခရီးသွားကားတွေကလည်း အခမဲ့ပြေးဆွဲပေးပါတယ်။ အခုလို ပြေးဆွဲပေးတော့ အခက်အခဲဖြစ်နေ ချိန် ပြည်သူအတွက်ကော အစိုးရ ဘက်ကိုပါ ကူညီပေးရာ ရောက်စေ ပါတယ်။

မကေစီ

ဒီနေ့ပထမဆုံးဆိုတော့ စီးရတာ ဒုက္ခရောက်တာပေါ့။ နောက်ပိုင်းတော့ အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ အစ်မဆို ဒဂုံမြောက်ပိုင်းမှာနေတာပါ။ မြို့ထဲကိုရောက်ဖို့ သုံးဆင့်စီးလာရ တယ်။ အရင်တုန်းက ၂၁၃ စီးတယ်ဆို မြို့ထဲကို တန်းရောက်လာတယ်လေ။ အခုတော့ စံပြဈေးလာရတာကို တံတားဖြူမှာ တစ်ခါဆင်း၊ တံတား ဖြူကနေမှ စံပြဈေး၊ စံပြဈေးကနေမှ မြို့ထဲပေါ့။ မြို့ထဲရောက်မယ်ဆိုတော့ ကားကို ကြည့်လိုက်သေးတယ်။ နေပြည်တော်သွားတဲ့ ကားကြီးတွေက ဘာလို့ ဒီရောက်နေတာလဲပေါ့။ ပိုက်ဆံ ဘယ်လောက်ပေးရမလဲဆိုတော့ အခမဲ့ လို့လည်းပြောတယ်။ ဘာပဲပြောပြော Express နဲ့ မြို့ထဲသွားရတာဆိုတော့ ဒီနေ့တော့ကောင်းပါတယ်။ နောက်နေ့ တော့ ကိုယ်စီးမယ့်မှတ်တိုင်မှာ ဘယ်ကားရပ်လဲ ကြည့်ထားရမှာပေါ့။ ကိုယ်သွားချင်တဲ့ ခရီးမြန်မြန်ရောက် ချင်တယ်ဆို မြန်မြန်ရောက်အောင်တော့ အဆင့်ဆင့်ပြောင်းစီးရမှာပါ။ အဲလိုမျိုးပဲ စိတ်ကူးထားပါတယ်။

တွေ့ဆုံမေးမြန်း- ခင်ဇာလီ
ဓာတ်ပုံ- ခင်မောင်ဝင်း(ကြေးမုံ)

No comments:

Post a Comment