Latest News

Monday, January 16, 2017

ဘတ်စ်ကားလိုင်းစနစ်သစ်နှင့် ယနေ့ရန်ကုန်

ဘတ်စ်ကားလိုင်းစနစ်သစ်နှင့် ယနေ့ရန်ကုန်

ရန်ကုန် ဇန်နဝါရီ ၁၆

ရန်ကုန်တစ်ဖက်ကမ်း ဒလဘက်မှ ရန်ကုန်မြို့ရှိ မိမိရုံးဆီသို့ ယနေ့နံနက် ၇ နာရီခွဲတွင် စာရေးသူ စက်တပ်သမ္ဗန်စီးကာ ထွက်ခွာခဲ့သည်။ ယနေ့သည် ရန်ကုန်ဘတ်စ်ကားလိုင်းစနစ်ပြောင်းလဲမှုကို သမိုင်းဝင်စတင် လိုက်သောနေ့ ဖြစ်၍ သတင်းသမားပီပီ ခရီးသွားပြည်သူများ အဆင်ပြေမှုရှိ၊ မရှိ သိရှိလို၍ စာရေးသူ စောစောစီးစီးထွက်ခဲ့ခြင်းဖြစ်သည်။

ပန်းဆိုးတန်းခုံးကျော်တံတားပေါ်ရောက်လျှင် ပန်းဆိုးတန်းကားမှတ်တိုင် ဘက်သို့လှည့်ကြည့်လိုက်ရာခရီးသွားပြည်သူများစုပြုံနေသည်။

ခရီးသွားပြည်သူများထဲမှ မိခင် တစ်ဦးက ကလေးနှစ်ဦးကို ''ငိုမနေနဲ့၊ ဘတ်စ်ကားက ခုထိမလာသေးဘူး။လာရင်လည်း ဒီလူအုပ်နဲ့ နင်တို့ ဘယ်လိုတက်ကြမလဲ''ဟု ပြောဆိုသံကို ကြားလိုက်ရသည်။ ခရီးသွား ပြည်သူများကလည်း တစ်ယောက်နှင့် တစ်ယောက် တီးတိုးတီးတိုးပြောနေကြရာမှ အသံကျယ်လာကြသည်။

မစောင့်နိုင်သောအချို့ခရီးသည် များကမူ တက္ကစီငှားစီးကြသောကြောင့် တက္ကစီကားဆရာများ ပြုံးပျော်နေကြသည်။ တက္ကစီကားဆရာများကလည်း ပြုံးပျော်ရွှင်သောမျက်နှာဖြင့် ခရီးသွား ပြည်သူများအနားရပ်ကာ ''ဘယ်သွား မလဲ၊ အမြန်ရောက်မယ်''ဟူ၍ တစ်စီး ပြီးတစ်ပြီး အလျဉ်မပြတ် ထိုးရပ်လာကြသည်။ တက္ကစီကားမစီးနိုင်သောခရီးသွားပြည်သူများ ကမူ ပြောင်းလဲလိုက်သော ရန်ကုန်ဘတ်စ်ကားကြီးအလာကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြဆဲပင်။

ထိုမှ ရန်ကုန်မြို့တော်ခန်းမရှေ့ ကားမှတ်တိုင်သို့ စာရေးသူထွက်ခွာခဲ့သည်။ ယင်းကားမှတ်တိုင်တွင်လည်း ခရီးသွားပြည်သူများ စုပြုံနေကြသည်။ ဆူးလေကားမှတ်တိုင်သို့ရောက်သော် လည်းထူးမခြားနားပင်။ ပြည့်ကျပ်နေ သည်ကို တွေ့ရပြန်သည်။ ဘတ်စ်ကား တစ်စီးရောက်ရှိလာသည်။ ကားတံခါး ပေါက်ရှိရာသို့ ခရီးသွားပြည်သူများ စုပြုံ တိုးဝှေ့ကာ တက်ရောက်နေကြသည်။

ရုံးဝန်ထမ်းများနှင့် မိန်းမပျိုလေးများ အပါအဝင် ခရီးသွားပြည်သူများသည် ဘတ်စ်ကားပေါ် တိုးဝှေ့လိုက်ပါ သွားကြသည်။ ဘတ်စ်ကားပေါ်တွင် ခရီးသွားပြည်သူများ၏ ပိုက်ဆံအိတ်၊ တန်ဖိုးရှိသောပစ္စည်းများ မသမာသူ များကြောင့် ပျောက်ရှသွားမှာကိုလည်း စိုးရိမ်သောကဖြစ်မိသည်။

၎င်းမှတ်တိုင်သို့ ဆင်းလာကြသည့် ဦးလေး၊ အဒေါ်၊ အစ်မအရွယ် ခရီးသွားပြည်သူအချို့၏ ပြောဆိုသံကိုလည်း ကြားရပြန်သည်။ ''ဒီကား မှတ်တိုင်မှ လူပြည့်တာမဟုတ်ဘူး၊ အခြားကားမှတ်တိုင်တွေမှာလည်း လူအပြည့်ပဲ''ဟု ခရီးသွားပြည်သူ တစ်ဦးကဆိုသည်။ ကားလမ်းမများ ပေါ်တွင်လည်း ခရီးသွားပြည်သူများ အားထားရာ ဘတ်စ်ကားများထက် အိမ်စီးကား၊ ကုမ္ပဏီကားနှင့် တက္ကစီ ကားများသာ ပြည့်ကျပ်စွာသွားလာနေသည်ကို တွေ့မြင်ရပြန်ပါသည်။ ရန်ကုန်ဘတ်စ်ကားလိုင်းကို အဓိက အားကိုးအားထားပြုနေရသည့် ခရီးသွား ပြည်သူများသွားလမ်းသာ၍ လာလမ်း ဖြောင့်ကြပါစေ၊ အဆင်ပြေချောမွေ့ ပါစေဟု ဆုတောင်းရင်း စာရေးသူ ရုံးရှိရာသို့ ခြေလှမ်းသွက်သွက်ဖြင့် ချီတက်လိုက်ပါသည်။

Sources; သတင်း -
ကိုကိုဇော်

No comments:

Post a Comment