Latest News

Friday, January 20, 2017

ရန်လုံအိမ်

ရန်လုံအိမ်



ကျွန်တော် မိမိမွေးနေ့ပွဲဆို တာတွေ ဘာတွေကို ဝါသနာမပါ။ တစ်ခါတစ်ရံ ကိုယ့်မွေးနေ့ကို လွန်လာပြီး သုံးလေးရက်ရှိမှ မွေးနေ့ ကို ကျော်လာကြောင်း သတိရမိ တတ်သည်။ တစ်ခါတလေတော့ လည်း စိတ်လိုလက်ရ သတိရပြီး ကောင်းမှုလေးတွေကို လုပ်တတ် မိသည်။ ကျွန်တော် လုပ်ခဲ့ဖူးသည့် ကောင်းမှုအကြောင်းကို မှတ်မှတ် ရရ ပြောလိုက်ရပါဦးမည်။ ကျွန် တော်တို့ လမ်းထဲက ကလေးတွေ ကို ဘဲသားဆန်ပြုတ် စသည်အား ဖြင့် ကျွေးမွေးခြင်းဖြစ်သည်။ ကလေးတွေကိုပဲ ဖိတ်သည်။ လူ ကြီးတွေကို တစ်ယောက်မျှမဖိတ်။ လူကြီးတွေပါလာလျှင် ကလေး တွေရဲ့ လွတ်လပ်မှု ဆိတ်သုဉ်း သွားမည်ကို မလိုလားသော ကြောင့်ဖြစ်သည်။ ကလေးတွေ သူတို့ကြိုက်သလို စားနေသည်ကို ကျွန်တော် ကြည့်ချင်သည်။ ကျွန် တော့်အရသာက ဘဲသားဆန် ပြုတ်မဟုတ်။ နို့စိမ်းခေါက်ဆွဲ မဟုတ်။ ကလေးတွေ လွတ်လပ် စွာ အားရပါးရ ‘တွယ်’နေသည်ကို ကြည့်နေရခြင်းပင်ဖြစ်သည်။

ခက်နေသည်က လူကြီးတွေ ကို ဖိတ်ကြားပြီဆိုလျှင် စက္ကူလေး တိုတိုထွာထွာနှင့်ဖြစ်စေ၊ နှုတ် မြွက်စကားလေး တစ်လုံးတလေနှင့်ဖြစ်စေ ဖိတ်လိုက်လျှင် ပြီး သည်။ ကလေးတွေကျတော့ သည်လိုနှင့် လုပ်လို့မရ။ လိုက်ခေါ်ရ သည်။ သူတို့က ‘လူစာရင်း’ မပေါက်သေးတော့ ကြောက်တာ မဟုတ်သော်လည်း ကိုယ်နှင့် မဆိုင်သလို လုပ်နေတတ်ကြ သည်။ တကယ်တော့လည်း သူ တို့နှင့် ဘာမျှမဆိုင်ဟုလည်း ဆို တတ်ကြသည်။ ကျွန်တော့်သား ငယ်လိုဟာမျိုးနှင့်ဆိုလျှင်တော့ အဆင်ပြေနိုင်သည်။

တစ်ခါတွင် ကြုံရပုံကို ပြော လိုက်ရပါဦးမည်။

ကျွန်တော့်သား အငယ်ဆုံး ကလည်း ကလေးအရွယ်မဟုတ် တော့ပြီ။ တက္ကသိုလ်ပင်တက်နေ ပြီ။ ကျွန်တော်က မွေးနေ့ပွဲအ တွက် ဘဲသားဆန်ပြုတ်ကို ကျွေး သည်။ အိမ်နီးနားချင်းတွေကို ပြောရသည်။ ‘‘ဟဲ့နင်တို့ သားသမီးတွေကို မနက်ကျရင် လွှတ်လိုက် ကြစမ်း’’ပေါ့။ ရင်းနှီးနေသူများက တော့-

‘‘ဆရာကလည်း ကလေး တွေတင်ပဲလား။ ကျွန်မတို့လည်း လာစားကြမှာပဲ’’

‘‘အေး မရှက်တတ်ရင် က လေးတွေနဲ့အတူ လာစားကြပေါ့ ဟာ’’ဟု ရယ်ကာမောကာ ပြော လိုက်ရသည်။ တကယ်လည်း လာစားကြသည်။ ပျော်စရာအလွန် ကောင်းပါသည်။

ဤကဲ့သို့ လူကြီးတွေကိုပါ ကိုယ်ကသိနေလျှင်တော့ အ ကြောင်းမဟုတ်။ အချို့အိမ်တွေ ကိုကျတော့ လူကြီးတွေက မနက် လင်းလျှင် အိမ်ကထွက်၊ ညမှောင်မှ အိမ်ပြန်ရောက်လာတတ်ကြ လေတော့ လူကြီးမိဘတွေနှင့် မျက်မှန်းတန်းမိရုံလောက်သာရှိ သည်။ ကျန်ရစ်ခဲ့သည့် ကလေး တွေက သူတို့ဘာသာသူတို့ လာဝံ့ ကြတော့မည်မဟုတ်။ ထို့ကြောင့် ကျွန်တော်က ကိုယ်တိုင်လိုက်ခေါ် ရသည်။

သို့နှင့် ကျွန်တော့်နေအိမ်နှင့် လေးငါးအိမ်လောက်ခြားသော အိမ်ကလေး တစ်အိမ်ဆီသို့ ရောက်သွားခဲ့သည်။ ညီအစ်ကို နှစ်ယောက်ဖြစ်သည်။ အစ်ကိုက အသက် (၇)နှစ်ခန့်၊ ညီက (၅)နှစ် ခန့်။ သူတို့အိပ်နေကြဆဲဖြစ်၍ အိမ်နီးချင်းတစ်ယောက်က သူတို့ ကို နှိုးပေးသည်။ နိုးလာသောအစ် ကိုဖြစ်သူအား ညီအစ်ကိုနှစ် ယောက်စလုံး ဘဲသားဆန်ပြုတ် လာသောက်ရန် သေချာမှာကြား ခဲ့သည်။ သူတို့ညီအစ်ကိုနှစ် ယောက် တော်တော်နှင့် ပေါ်မလာသောကြောင့် တစ်ခါထပ်သွား လိုက်မိပြန်ပါသည်။

အစ်ကိုဖြစ်သူက မျက်နှာ သစ်နေရင်း ‘‘ထတော့ကွ၊ ဒီမှာ ဦးလေးစောင့်နေတယ်’’

သူက မျက်နှာသုတ်၊ ညီက မထသေး။ သည်တော့ အစ်ကိုက စိတ်မရှည်နိုင်တော့။

‘‘ကဲကွာ။ ငါတော့ ဦးလေးနဲ့ လိုက်သွားတော့မယ်။ မင်းဘာ သာမင်း လာခဲ့ပေတော့’’

‘‘အေး.. ငါ့ဘာသာငါ လိုက် ခဲ့မယ်’’

‘‘ဘယ်အိမ်လည်း ပြောခဲ့’’

‘‘ရန်လုံ့အိမ်ကွာ’’

ကျွန်တော့်မှာ အသံထွက်ပြီး မရယ်မိအောင် မနည်းထိန်းထား လိုက်ရသည်။ ‘ရန်လုံ’ဆိုသည်က ကျွန်တော့်အိမ်က ခွေးဖြစ်သည်။ သူတို့သည် နိုင်ငံကျော်စာရေး ဆရာ ‘ဦးအောင်သင်း’ဆိုတာကို မြင်ဖူးသည်။ ဘယ်အိမ်မှာနေ သည်ကို သိကြသည်။ သို့သော် ဦးအောင်သင်း သူ့ဘာသာ ဘာပဲ လုပ်နေနေ သူတို့စိတ်မဝင်စား။ သူတို့အဖို့ ရန်လုံက ဦးအောင် သင်းနေသော အိမ်တွင်နေသည် မဟုတ်။ ဦးအောင်သင်းက ရန်လုံ နေသောအိမ်တွင် နေခြင်းသာဖြစ် သည်။

ဦးအောင်သင်းဆိုသော လူ ကြီးထက် ရန်လုံက တစ်ပန်းသာ နေတာရှိသေးသည်။ ရန်လုံက မကိုက်တတ်။ ကလေးတွေက ခွ စီး၊ အမြီးဆွဲကစားနေလျှင် ရန်လုံ ကိုယ်တိုင်က ပျော်သည်။ သူတို့၏ အပေါင်းအသင်းဖြစ်သည်။ ကျွန် တော်နေသောလမ်းမှာ တစ်ဖက် ပိတ်လမ်းတိုကလေး ဖြစ်သည်။ ထို့ကြောင့် တစ်လမ်းလုံးရှိ ကလေးတွေအားလုံး သိကြသည်။

တကယ်ဆိုတော့ ကျွန်တော် တို့ တစ်လမ်းလုံးထဲရှိ ကလေးတွေသာမက ရပ်ကွက်တွင်း အခြား လမ်းတွေက ကလေးတွေက လည်း ရန်လုံကို သိကြသည်။ ကျွန်တော်တို့ လမ်းထဲတွင် မူလတန်း ကျောင်းကလေးတစ်ခုရှိလေ တော့ မုန့်စားကျောင်းဆင်းပြီဆို လျှင် ကလေးတွေက ပြေးကြလွှား ကြ ကစားကြသည်။ ကလေးတွေ ပြေးကြလွှားကြလုပ်လျှင် ရန်လုံ ကလည်း သူတို့နှင့်ရောပြီး ပြေး ပြေးလွှားလွှားလုပ်တတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ရပ်ကွက် ကလေးထဲရှိ ကလေးတွေ လောကမှာတော့ဖြင့် ဦးအောင်သင်းထက် ရန်လုံက ပိုပြီး နာမည်ကြီးသည် မှာ အမှန်ဖြစ်သည်။ ထိုမူလတန်း ကျောင်းက ကလေးတွေကို တစ် ယောက်ယောက်က ‘‘ဦးအောင် သင်းအိမ် ဘယ်အိမ်လဲ’’ဟုမေး လျှင် ဘယ်ကလေးမျှ သိမည် မဟုတ်။ ရန်လုံ့အိမ်ဟု မေးလိုက် လျှင် ကလေးတိုင်းသိမည်မှာ သေချာသည်။

ကျွန်တော်ကိုယ်တိုင် ငယ် ငယ်က အဖြစ်ကလေးတစ်ခုကို မကြာခဏ သတိရမိသည်။ ကျွန် တော် ကျောင်းသွားကျောင်းပြန် လမ်းတွင် အလွန်သတိထားမိ သော အိမ်နှစ်အိမ်ရှိသည်။ ထို အိမ်ရှင်တွေ ဘယ်သူဘယ်ဝါဖြစ် ကြောင်း ကျွန်တော် ယခုထက် တိုင် မသိခဲ့။ တစ်အိမ်ကို သိတာ ကတော့ ထိုအိမ်တံစက်မြိတ်တွင် ချိတ်ထားသော ကြက်တူရွေးအိမ် ကလေးကြောင့်ဖြစ်သည်။ ထို ကြက်တူရွေးအိမ်ကလေးကို (အ ချိန်ရလျှင်) တမက်မောမောကြည့် နေမိတတ်သည်။ နောက်တစ်အိမ် ကို သတိထားမိတာကတော့ ထို အိမ်ကခွေးက ကိုက်တတ်သော ကြောင့်ဖြစ်သည်။ ထို့ကြောင့် သတိကြီးစွာထားပြီး မှတ်မိနေ တော့သည်။

ကလေးငယ်တို့၏ စိတ်ဝင် စားမှုသည် သူ့အရွယ်နှင့် သူ့နယ် သာဖြစ်ချေသည်။

လူကြီးတွေမှာကော.. ။

ကျွန်တော်က ဝတ္ထုရေးတတ် သူမဟုတ်။ ကဗျာရေးတတ်သူ မဟုတ်။ စာပေဆောင်းပါးများနှင့် စာပေလောကထဲသို့ ဝင်လာသူ သာဖြစ်သည်။ နောက်ပိုင်း ရောက်လာမှသာ လူငယ်တိုးတက်မှုစာ ပေတွေကို ရေးသားလာခဲ့ခြင်းဖြစ် သည်။ ကျွန်တော့်ကို အဟောအ ပြောကောင်းသူစာရင်း သွင်းကြ ပါသည်။ ထိုက်သင့်သလောက် လည်း ဖိတ်ကြားမှု၊ ကြိုဆိုမှုတို့ကို ရခဲ့ပါသည်။

သို့သော် ကျွန်တော့်ဟော ပြောပွဲအစကို ပြောလိုက်ချင်ပါ သေးသည်။ ကျွန်တော်နှင့် တွဲခဲ့ရ သူတွေက မြသန်းတင့်တို့၊ ချစ်ဦး ညိုတို့ စတဲ့ ဒီထိတ်ထိတ်ကြဲတွေ ချည်းဖြစ်သည်။ သူတို့ကို လူတိုင်း က သိနေကြသည်။ ချစ်နေကြ သည်။ ရောက်လာလိုက်ပလားဆို လျှင် လာတဲ့လာတဲ့ပြီး မိတ်ဆက် ကြတာတွေ၊ အော်တိုအရေးခိုင်း ကြတာတွေ ဝိုင်းဝိုင်းလည်နေ တတ်သည်။ အောင်သင်းကို ဘယ်သူကမျှ သတိမထားမိကြ။ အရေး မလုပ်ကြ။ ဟောပြောပွဲလုပ်လိုက် ပြီလားဆိုလျှင် ကျွန်တော်က နောက်ဆုံးနေရလေ့ရှိသည်။ အ ချိန်က သန်းခေါင်နားကပ်နေလေ ပြီ။ ပရိသတ်အချို့ကလည်း ပြန် သွားကြပြီ။ သို့သော် ကျွန်တော့် ဘက်ကတော့ စိတ်ဓာတ်မကျ။ ကျန်သမျှကို ဟောပြောရတော့ သည်သာ။

ချစ်ဦးညိုက အလွန်အကင်း ပါးသည်။ ကျွန်တော့်အဖြစ်ကို လည်း နားလည်သည်။ ထို့ကြောင့် သူဟောပြောလို့ နိဂုံးချုပ်ခါနီး လျှင် ‘‘ကျွန်တော်တို့နောက်မှာ ဆရာဦးအောင်သင်းပြောပါလိမ့် မယ်။ အလွန်ကို သိမ်မွေ့နက်နဲတဲ့ ရသအလင်္ကာဆိုတာတွေကို နား ထဲဆုပ်သွင်းလိုက်သလို ရှင်းရှင်း လင်းလင်းပြောတတ်တာမို့ စောင့် ပြီးနားထောင်စေချင်ပါတယ်’’ဆို တာမျိုး ပံ့ပံ့ပိုးပိုးပြောသွားလေ့ရှိ သည်။ ကြည်နူးစရာကောင်းလှပါ သည်။

သည်လိုဆိုလိုက်တော့ ကျွန် တော်ချစ်ခင်လေးစားသော မြ သန်းတင့်၊ ချစ်ဦးညို စသည့်စာ ရေးဆရာများကို ကျွန်တော်ချစ် သော ရန်လုံနှင့် နှိုင်းရကောင်း လားဟု စာဖတ်သူက ငြိုငြင်မည် ကို စိုးရိမ်မိပါသည်။ ကျွန်တော်ဆို လိုသည်က လူတိုင်းတွင် သူ့နယ် နှင့်သူ အောင်မြင်မှုရှိနေကြသည် ပင် ဖြစ်ပါသည်။ ကိုယ့်အတွက် လည်း ကိုယ့်နယ်လေးရှိနေသည် ပင် ဖြစ်ပါသည်။ သူ့နယ်အတွက် ဝန်မတိုတတ်လျှင် ဘဝမှာ နေ ပျော်စရာဖြစ်ပါသည်။

ထို့အပြင် ရန်လည်း လုံပါ သည်။


Sources: 7Day News Journal


No comments:

Post a Comment