Latest News

Friday, January 20, 2017

စိန်ခေါ်မှုများကြား မြန်မာ့ဒီမိုကရေစီအောင်မြင်အောင် ကူညီသွားမည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဆို

စိန်ခေါ်မှုများကြား မြန်မာ့ဒီမိုကရေစီအောင်မြင်အောင် ကူညီသွားမည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဆို

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင် သည် သောကြာနေ့ ညနေပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိ လာပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံကာ လူနည်းစု အသိုင်းအ၀ိုင်းအပေါ် ဖိနှိပ်ခံနေရမှုများ အဆုံးသတ်ရန် နှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ အကူအညီပေးသည့် အဖွဲ့များ သွားရောက်ခွင့်ရရေး ပြောဆိုသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဗြိတိန်ဝန်ကြီး၏ နှစ်ရက်တာခရီးစဉ်သည် ၂၀၁၂ ခုနှစ်က ဗြိတိန်နိုင်ငံမှ ဒေးဗစ်ကင်မရွန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ပြီးနောက် အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး လာရောက်ခြင်းဖြစ်ပြီး အဆိုပါ ခရီးစဉ်အပေါ် ဗြိတိန်ပါလီမန် အမတ်များက အထူးစိတ်ဝင်စားလျက်ရှိသည်။

အဘယ်ကြောင့်ဆိုသော် ဗြိတိန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံ ခေါင်းဆောင်အပေါ် ပြစ်တင်ရန် တုံဆိုင်းခြင်းများ ရှိနေသည်ဟု ပါလီမန်အမတ်များက ဝေဖန်လျက်ရှိသည်။ ဗြိတိန် နိုင်ငံခြားရေးရုံး အဆိုအရ မစ္စတာ ဂျွန်ဆင်သည် နေပြည်တော်တွင် ရောက်ရှိနေစဉ် ပြည်ထဲရေးဝန်ကြီး ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ နှင့်တွေ့ဆုံသွားရန် ရှိသည်။

ဗြိတိန်ဝန်ကြီးသည် ရန်ကုန်သို့ ရောက်ရှိစဉ် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ် ကော်မရှင် အဖွဲ့ဝင်များ၊ နှစ်ဖက် အသိုင်းအ၀ိုင်းမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ငြိမ်းချမ်းလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဟု ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးက “မြန်မာနိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းက မပြည့်စုံသေးပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ယူပြီးနောက် ပြောင်းလဲလာမှုတွေ တိုးတက်မှုတွေကို ကျနော်တို့ အားလုံး စောင့်ကြည့် အသိအမှတ်ပြုရမှာပါ။ အဓိက အရေးကြီးသည့် ငြိမ်းချမ်းလုပ်ငန်းစဉ် စတင်လုပ်ဆောင်ခြင်း၊ ကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်က တင်းမာကို ဖြေရှင်းဖို့ ဆောင်ရွက်တာတွေနဲ့နိုင်ငံရေး အကျဉ်းသားတွေဟာ ပြန်လွှတ်တာတွေက ကောင်းမွန်တဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်”ဟု ပြောသည်။

“သေချာတာတော့ စိန်ခေါ်မှုတွေ အများကြီးရှိနေဦးမှာပဲ။ အပြည်အ၀ ပြောင်းလဲဖို့အတွက် အချိန်ယူရဖို့လိုတယ်” ဟု ၀န်ကြီး ဂျွန်ဆင်က ဆိုသည်။

“UK အနေနဲ့ မြန်မာနိုငံအတွက် မိတ်ဆွေတစ်ဦးတစ်ယောက် အဖြစ် အချိန်အကြာကြီး ရပ်တည်ပြီး ထောက်ခံမှု အပြည့်အ၀ ဆက်ပေးနေဦးမှာ ဖြစ်တယ်။ ဗမာနိုင်ငံရဲ့အနာဂတ်ကို ကျွန်ုပ်မျှော်ကြည့်တဲ့အခါ ငြိမ်းချမ်းပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖွံဖြိုးရေး လုပ်ငန်းတွေ ဆက်လက်လုပ်နေရမှာ ဖြစ်တယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ အခြေခံဥပဒေအရ နိုင်ငံ၏ အာဏာအရှိဆုံး အစိုးရ ၀န်ကြီးဌာန ဖြစ်သည့် ပြည်ထဲရေး ၀န်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာနနှင့် နယ်ခြားစောင့် ၀န်ကြီးသုံးခုအား တပ်မတော် ထိန်းချုပ်မှုအောက်တွင် ရှိနေသဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး မစ္စတာဂျွန်ဆင်အနေဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံသွားရန် ရှိသည်ဟု ဆိုသည်။

UK နိုင်ငံခြားရေးရုံး အာရှနှင့် ပစိဖိတ်ရေးရာ ၀န်ကြီး အေလောခ်ရှားမား (Alok Sharma) က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ပတ်သက်ပြီး တပ်မတော် အနေဖြင့် တာဝန်ရှိကြောင်း အင်္ဂါနေ့က ဗြိတိန်မီဒီယာများသို့ ပြောကြားခဲ့သည်။

“အဲ့ဒီဒေသ လုံခြုံရေးနဲ့ အကြမ်းဖက်သူများကို နှိမ်နင်းရာမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်အနေနဲ့ ရှင်းရှင်းလင်းလင်း လုပ်ဆောင်ဖို့လိုတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Sources: စိုင်းဟန် ( The Ladies News )

No comments:

Post a Comment