Latest News

Saturday, January 14, 2017

ဒစ်ဂျစ်ထယ်(လ်)စိတ်ကြွဆေးအန္တရာယ် (ကနေ့ကြေးမုံ)

ဒစ်ဂျစ်ထယ်(လ်)စိတ်ကြွဆေးအန္တရာယ် (ကနေ့ကြေးမုံ)

ဆူဒိုနင်

နိဒါန်း
-------
“ကိုယ့်ကလေး ကွန်ပြူတာ ၊ အိုင်ပက်၊ ဖုန်းစတာတွေကို ငယ်ငယ်နဲ့ ကိုင်တတ်တာ ဂုဏ်ယူစရာမဟုတ်ဘူး။ ရှက်စရာပါ။ ကိုယ်စနစ်တကျ မပျိုးထောင်ခဲ့လို့။ ကိုယ်တိုင်လည်း ကလေးကို ပျိုးထောင်နည်းတွေ မဖတ် မမှတ်ခဲ့တဲ့ ခပ်ပေါ့ပေါ့ မိဘမို့ပါ”

သြစတျေးလျနိုင်ငံမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် မြန်မာလူမျိုး သားသည်မအေ ဆရာဝန်မလေးတယောက် စာအုပ်မျက်နှာစာမှာ ရေးထားတဲ့ စာထဲက ကောက်နုတ်ချက်ကလေးပါ။ သူရေးထားတာလေးက စိတ်ဝင်စားစရာ ကောင်းနေတာမို့ ကျွန်တော်လည်း သူ့စာကို စာအုပ်မျက်နှာစာပေါ်မှာ ပြန်လည် လက်ဆင့်ကမ်းပေးရင်း သည်အကြောင်းနဲ့ ပတ်သက်လို့ စာတပုဒ်လောက် ရေးဖို့ စိတ်ကူးလိုက်မိပါတယ်။

ရေးမယ်လို့ ကြံနေတုန်းမှာ နောက်ထပ် မိတ်ဆွေတယောက်က နျူးယော့(ခ်)ပို့(စ်)(ထ်)သတင်းစာပါ ဆောင်းပါးတပုဒ်ကို စာအုပ်မျက်နှာစာပေါ်မှာပဲ လက်ဆင့်ကမ်းလာပါတယ်။ ဆောင်းပါးကို ရေးသူက အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ပြန်လည် ထူထောင်ရေး ဆေးရုံရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဒေါက်တာ နစ်ခလာ့(စ်) ခယ်(န်)ဒါရာ(စ်)ဖြစ်ပါတယ်။ သူက ကုခန်း စိတ်ပညာ ပါမောက္ခဟောင်းတဦးလည်းဖြစ်ပါတယ်။ သူ့ဆောင်းပါးလေးက ပြည့်စုံနေတာမို့ အဲဒီ့ဆောင်းပါးကိုပဲ ဆီလျော်အောင် ပြန်ဆိုပေးဖို့ ရည်ရွယ်လိုက်ရပါတော့တယ်။

နည်းပညာနဲ့ ပညာရေးအကျိုးကျေးဇူး
-------------------------------------------
အမေရိကန်နိုင်ငံရဲ့ ပညာရေးစနစ်က ခေတ်နဲ့တပြေးညီမို့ ကျောင်းတွေမှာက နည်းပညာဆရာဆိုတာလည်း ရှိပါတယ်။ အဲဒီ့ နည်းပညာဆရာတွေရဲ့ အလိုအရ ပါးနပ်ချက်ချာတဲ့ ဖုန်းတွေ၊ သင်ပုန်းကွန်ပျူတာတွေ၊ ကွန်ပျူတွေဟာ ပညာရေး အတွက် အကျိုးများလှကြောင်း ရေပက်မဝင် ပြောတတ်ကြပါတယ်။ ဒါနဲ့ပဲ ကျောင်းတွေမှာ အဲဒါတွေကို အတန်းငယ်ငယ်၊ အသက်ငယ်ငယ်မှာ သုံးကြရင်း ပထမဆင့် (သူငယ်တန်း) ကျောင်းသားလေးကို အိုင်ပက်(ဒ်) ဝယ်ပေးတဲ့ မိဘတွေ ပေါ်လာပါတော့တယ်။ အဲဒီ့ မိဘတွေထဲက တယောက်ရဲ့ အတွေ့အကြုံနဲ့ မူရင်းဆောင်းပါးကို စဖွင့်ထားပါတယ်။

အဲဒီ့ကလေးက အစတုန်းက စာဖတ်တာ၊ ဘောလုံးကစားတာတွေကို သဘောကျခဲ့ပါတယ်။ အိုင်ပက်(ဒ်)နဲ့ကျတော့ ပညာရေးနဲ့ သက်ဆိုင်တဲ့ ကစားနည်း အမျိုးမျိုးကစားတာကို မအေကလည်း ခွင့်ပြုထားခဲ့တယ်။ အဲသလိုနဲ့ မိုင်း(န်) ခရာ့(ဖှ်)(ထ်) ဆိုတဲ့ ကစားနည်းကို ကလေးက တွေ့သွားတယ်။ နည်းပညာဆရာကလည်း ပြောတယ်။ အဲဒီ့ ကစားနည်းက တခုနဲ့တခု ချိတ်ဆက်လို့ရသော ရောင်စုံ ပလတ်စတစ်တုံးကလေးတွေနဲ့ လိုရာကို ဆောက်ယူတဲ့ “လီဂို”ကစားနည်းနဲ့ သိပ်မကွာပါဘူးတဲ့။ ဒါနဲ့ မအေလုပ်တဲ့သူကလည်း ၆ နှစ်အရွယ် သူ့သားကလေး နေ့ခင်းပိုင်းမှာ အိုင်ပက်(ဒ်)နဲ့ အဲဒါ ကစားနေတာကို ခွင့်ပြုထားခဲ့ပါတယ်။

အကျင့်ပြောင်းလာခြင်းအစ
-------------------------------
သားလုပ်တဲ့သူကလည်း အဲဒီ့ကစားနည်းကို သဘောကျပုံရနေသလို သူတို့ကျောင်းမှာ အဲဒီ့ကစားနည်းအတွက် ကလပ် အသင်းတောင်ရှိတာဆိုတော့ မအေလည်း သိပ်မပူမိဘူးပေါ့။ သည်ကြားထဲကပဲ သားလုပ်တဲ့သူ ပြောင်းလာတာကိုတော့ သတိထားမိနေတယ်။ သားဟာ ကစားနည်းအပေါ်မှာ ပိုပိုအာရုံများလာသလို ဘောလုံးလည်း မကစားတော့၊ စာလည်း မဖတ်တော့တဲ့အပြင် အိမ်ဗာဟီရတွေကိုလည်း အရင်လို မလုပ်တော့ဘူး။ အိပ်မက်ထဲမှာတောင် ကစားနည်းထဲက လေးထောင့်တုံးလေးတွေကို ထည့်မက်တယ်လို့ ပြောတဲ့အခါလည်း ပြောလာရဲ့။

သည်လိုနဲ့ သားရဲ့ အမူအရာလေးတွေ ပြောင်းသထက် ပြောင်းပြောင်းလာတော့ မအေကလည်း အိုင်ပက်(ဒ်)ကို ပြန်သိမ်းဖို့ ကြိုးစားပါရော။ ဟား… ဘယ်ပြောကောင်းမလဲ။ သားလုပ်တဲ့သူ ဝုန်းဒိုင်းကြဲပါလေရောလား။ သားပေါက်ကွဲနေတာက တအားကို ပြင်းထန်လွန်းတာနဲ့ နောက်ဆုံးမှာ အမေကပဲ အလျှော့ပေးလိုက်ပါတယ်။ ပညာရေးအတွက် အကျိုးရှိတဲ့ ကစား နည်းတွေပါလေလို့ သူ့ကိုယ်သူ ဖြေတွေးနေရတာပေါ့။

အဲသလိုနဲ့ တညကျတော့ သားလုပ်တဲ့သူဟာ အိပ်ချိန်မှာ မအိပ်ဘဲ အိပ်ရာပေါ်မှာ မျက်လုံးအကြောင်သားနဲ့ ငုတ်တုတ်ကြီး ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ သူ့အိုင်ပက်(ဒ်)ကတော့ အိပ်ရာပေါ်မှာ ပွင့်လျက်သား။ သားကတော့ အဝေးတနေရာ ကို ကယောင်ကတမ်းကြည့်နေတယ်။ မအေလည်း သားကို မနည်းလှုပ်ပြီး သတိပြန်ဝင်လာအောင် လုပ်ယူရပါတော့တယ်။ ဘယ်လိုဖြစ်တာလဲ၊ အရင်တုန်းက ကျန်းကျန်းမာမာနဲ့ စိတ်လက်ပေါ့ပေါ့ပါးပါးရှိနေတတ်မြဲ ကလေးဟာ သတိလစ် မိန်းမောနေတဲ့အထိ ကစားနည်းကို တအားစွဲနေတော့တာကို နားမလည်နိုင်လောက်အောင် ဖြစ်သွားရပါတော့တယ်။

ဘေးထွက်ဆိုးကျိုးတွေ
--------------------------
နည်းပညာ ရေးဆွဲသူတွေ၊ နည်းပညာအင်ဂျင်နီယာတွေဟာ နည်းပညာကို သတိအထားဆုံး မိဘတွေ ဖြစ်နေတာ အကြောင်းရှိပါတယ်။ နာမည်ကျော် ပန်းသီးကွန်ပျူတာတွေ၊ ဖုန်းတွေကို ထုတ်ခဲ့တဲ့ စထိ(ဗှ်)ဂျော့(ဘ်)(စ်)ဆိုရင် နည်းပညာ အဆန့်ကျင်ဆုံး မိဘအဖြစ် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ ဆစ်လစ်ခန် တောင်ကြားလို့ ခေါ်တဲ့ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးများ တည်ရှိရာက နည်းပညာဆိုင်ရာ အမှုဆောင်တွေ၊ အင်ဂျင်နီယာတွေဟာဆိုလည်းပဲ သူတို့ရဲ့ သားသမီးတွေကို နည်းပညာမသုံးတဲ့ ကျောင်းတွေမှာ အပ်ကြတယ်။ ဂူဂဲ(လ်)တည်ထောင်သူ၊ အမေဇန် ဖန်တီးသူ၊ ဝစ်ခီဖီးဒီးယားတည်ထောင်သူတွေလည်း အလားတူပါပဲ။

မိဘအတော်များများဟာ နေရာတကာမှာတွေ့နေရသော တောက်ပတဲ့ ရောင်စုံဖန်သားပြင်တွေဟာ ကလေးတွေအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိနေမှန်း စိတ်ထဲက အလိုလိုသိနေကြပါတယ်။ အဲဒါတွေ သုံးနေကျ ကလေးတွေကို မသုံးအောင် တားလိုက်တာနဲ့ ရန်လိုပြီး ဝုန်းဒိုင်းကြဲကုန်တတ်ကြတာလည်း မြင်နေရပါတယ်။ သုံးနေကျ ကလေးတွေမှာ မသုံးရတော့ဘူးဆိုတာနဲ့ ညည်းငွေ့လွယ်ကုန်တာ၊ ဘာကိုမှ စိတ်မဝင်စားတော့တာတွေလည်း တွေ့ကြရပါတယ်။ အလွန်ကို နှိုးဆွနိုင်စွမ်းများလှတဲ့ အဲဒီ့ ကိရိယာတွေက နှိုးဆွမထားဘူးဆိုတာနဲ့ အာရုံစိုက်လို့ မရဖြစ်ကုန်ကြတာလည်း အသေအချာပါ။

စိတ်ကြွဆေး
---------------
ပိုဆိုးတာကတော့ အဲဒီ့ သင်ပုန်းကွန်ပျူတာတွေ၊ ချက်ချာတဲ့ဖုန်းတွေဟာ ဒစ်ဂျစ်ထယ်(လ်) မူးယစ်ဆေးတမျိုးဆိုတာ သိလာကြရပါပြီ။ ဦးနှောက်ကို ပုံရိပ်ရိုက်ကူးတဲ့နည်းနဲ့ ပြုလုပ်တဲ့ သုတေသနအရ သိလာရတာကတော့ အဲဒီ့ကိရိယာတွေ ဟာ ဦးနှောက်ရဲ့ ရှေ့ပိုင်း အပြင်လွှာကို ကုတ်ကင်းဆိုတဲ့ မူးယစ်ဆေးဝါးနည်းတူ ရိုက်ခတ်ပါတယ်။ အဲဒီ့အလွှာက စေ့ဆော်မှု (ဆန္ဒ)ကို ထိန်းချုပ်တာ အပါအဝင် အဓိကကျလှတဲ့ လုပ်ငန်းရပ်များကို ထိန်းချုပ်နေပါတယ်။ နည်းပညာက နှိုးဆွနိုင်စွမ်း သိပ်ကိုကြီးမားလွန်းလေတော့ကာ ဒိုပါမီး(န်)လို့ခေါ်တဲ့ ဦးနှောက်ထဲက အာရုံကြောဆီပို့လွှတ်တဲ့ ဓာတ်တွေကို တိုးပွားလာစေပါတယ်။ လှုပ်လှုပ်ရှားရှားရှိနေရင်ကို အလကားနေရင်း နေလို့ကောင်းစေတဲ့ ဓာတ်ပေါ့။

ယူဆီအယ်(လ်)အေဆိုတဲ့ လော့ဆဲ(န်)ဂျလိ(စ်) ခယ်လစ်ဖှိုးနစ်ယားတက္ကသိုလ်  အာရုံကြောသိပ္ပံ ညွန်ကြားရေးမှုးကတော့ အဲဒီ့ ဖန်သားမျက်နှာပြင်တွေကို “အလက်ထရောနစ်(ခ်) ကုတ်ကင်း”လို့ ခေါ်ဆိုပြီး တရုတ်သုတေသီတွေကတော့ “ဒစ်ဂျစ် ထယ်(လ်)ဘိန်းဖြူ”လို့ ခေါ်ပါတယ်။ ကွန်ပျူတာကစားနည်းတွေ၊ ဗှီဒီယို ကစားနည်းတွေဟာ ကလေးတွေရဲ့ ဦးနှောက်ကို မူးယစ်ဆေးများ၊ စိတ်ကြွဆေးများနည်းတူ ဒုက္ခပေးပါတယ်။ ရာနဲ့ထောင်နဲ့ချီနေတဲ့ ကုခန်းလေ့လာချက်တွေအရလည်း အဲဒီ့ဖန်သားပြင်တွေဟာ စိတ်ဓာတ်ကျတာ၊ သောကရောက်တာ၊ ရန်လိုတာများဖြစ်စေတဲ့အပြင် စိတ်ဝေဒနာတွေကိုပါ ဖြစ်စေနိုင်တယ်ဆိုတာ ပြဆိုနေပါတယ်။

ကြိုတင်ကာကွယ်တားဆီးရေး
-----------------------------------
ကြိုတင်ကာကွယ်တာဟာ ဖြစ်မှ ကုတာထက် ပိုကောင်းပါတယ်။ နည်းပညာကို ဘိန်းစွဲသလို စွဲသွားတဲ့အခါ ကုယူဖို့ အင်မတန်ခက်ခဲသွားတတ်ပါတယ်။ အဲဒီ့ဆောင်းပါးရေးသူရဲ့ အတွေ့အကြုံ အရဆိုရင် ဗီဒီယိုဂိမ်း(မ်) စွဲနေသူတွေ၊ စာအုပ်မျက်နှာစာစွဲနေသူတွေထက် ဘိန်းဖြူ၊ စိတ်ကြွဆေး (မက်သယ်[မ်]ဖှက် ထမီး[န်])စွဲနေသူတွေကို ကုရတာ ပိုလွယ်ပါသေးတယ်တဲ့။

အမေရိကန်နိုင်ငံ ကလေးအထူးကုဆရာဝန်များ တက္ကသိုလ်ရဲ့ ၂၀၁၃ ခုနှစ် မူဝါဒ စာတမ်းအရဆိုရင် အသက် ၈ နှစ်မှ ၁၀ နှစ်အရွယ်တွေဟာ ဒစ်ဂျစ်ထယ်(လ်)မီဒီယာအမျိုးမျိုးကို တနေ့ ၈ နာရီ သုံးနေကြပြီး ဆယ်ကျော်သက်တွေဆိုလည်း အဲဒီ့ ဖန်သားပြင်တွေနဲ့ တနေ့ကို ၁၁ နာရီလောက်နေကြပါတယ်တဲ့။ ကလေးသုံးယောက်မှာ တယောက်နှုန်းလောက်ဟာ စကား မတတ်ခင်ကတည်းက သင်ပုန်းကွန်ပျူတာကိုဖြစ်စေ၊ ချက်ချာတဲ့ ဖုန်းကိုဖြစ်စေ သုံးနေကြပါပြီတဲ့။ အင်ထနက် သုံးနေတဲ့ တက္ကသိုလ်တက်စ အရွယ်တွေရဲ့ ၁၈ ရာခိုင်နှုန်းကလည်း အင်ထနက်စွဲနေကြပါတယ်တဲ့။

ဘိန်းပဲဖြစ်ဖြစ်၊ စိတ်ကြွဆေးပဲဖြစ်ဖြစ်၊ ဒစ်ဂျစ်ထယ်(လ်)နည်းပညာကိုပဲဖြစ်ဖြစ်၊ တခြားဘာပဲဖြစ်ဖြစ်၊ တခုခုကို အကြီး အကျယ်စွဲပြီဆိုတာနဲ့ ဘာနည်းနဲ့မှ မကုခင် အရင်ဆုံးလုပ်ရတာက အဆိပ်ပြယ်အောင် လုပ်ရတာပါ။ နည်းပညာနဲ့ကျတော့ ကွန်ပျူတာ၊ ချက်ချာတဲ့ဖုန်း၊ သင်ပုန်းကွန်ပျူတာစတာတွေကို လုံးဝ မသုံးဘဲ နေရပါတော့မယ်။ လိုအပ်ရင် ရုပ်မြင်သံကြား တောင် ပေးမကြည့်သင့်တော့ပါဘူး။ ပညာရှင်တွေ ညွှန်ကြားထားတဲ့ ကာလကတော့ ရက်သတ္တ လေးပတ်ကနေ ခြောက်ပတ်အထိ ပါ။ အဲသလို လုပ်လိုက်တော့မှ လိုသည်ထက်ပိုပြီး နှိုးဆွခံထားရတဲ့ အာရုံကြောစနစ်က ပုံမှန်ကို ပြန်ရောက်မှာပါ။

ပြောရတာကတော့ လွယ်ပါတယ်။ လူတယောက်ဟာ မူးယစ်ဆေးနဲ့ဖြစ်ဖြစ်၊ အရက်နဲ့ဖြစ်ဖြစ် ဝေးအောင် နေမယ်ဆို လွယ်နိုင်ပါသေးတယ်။ ခုလိုခါမှာ ဒစ်ဂျစ်ထယ်(လ်)နည်းပညာနဲ့ ဝေးအောင်ရှောင်ဖို့က အလွန်ခက်နေတာလည်း အမှန်ပါပဲ။ နေရာတကာမှာ တွေ့နေရတာမျိုးဖြစ်နေပြီကိုး။

မိဘတွေ ဘာလုပ်ကြမလဲ
------------------------------
ဒါဖြင့်ရင် ကိုယ့်ကလေးကို မူးယစ်ဆေးနဲ့ အလားတူလှတဲ့ ဒစ်ဂျစ်ထယ်(လ်)ဘိန်း မစွဲအောင် ဘယ်လိုလုပ်ကြမလဲ။

အဓိကကတော့ ၄ နှစ်ကနေ ၈ နှစ်အရွယ်အထိ ကလေးတွေ အဲဒီ့ဖန်သားပြင်တွေကို စွဲမနေအောင် အရင်ဆုံး လုပ်ကြရမှာ ပါ။ ဆိုလိုတာက ဗှီဒီယိုကစားနည်းတွေအစား တုံးကလေးတွေ၊ တခြား ကစားစရာတွေနဲ့ ကစားဖြစ်အောင်၊ သင်ပုန်း ကွန်ပျူတာတွေအစား စာအုပ်တွေ ကြည့်ဖြစ်အောင်၊ ရုပ်မြင်သံကြားအစား သဘာဝလောကပတ်ဝန်းကျင်နဲ့ အားကစား တွေ ကြည့်ဖြစ်လုပ်ဖြစ်အောင် လုပ်ရမှာပဲဖြစ်ပါတယ်။ သင်ပုန်းကွန်ပျူတာနဲ့ ပညာရေးအစီအစဉ်တွေဆိုဦးတောင်မှ  အဖျင်းဆုံး ကလေး ၁ဝ နှစ် အထိ (တချို့ဆို ၁၂ နှစ်အထိတောင် ပြောပါတယ်) ခွင့်မပြုတာ အကောင်းဆုံးပါပဲ။

ဘာ့ကြောင့် သူတို့ ဖန်သားပြင် ကြည့်ချိန်ကို ကန့်သတ်ထားရတယ်ဆိုတာလည်း ကလေးတွေကို အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောပြသင့်ပါတယ်။ မိသားစု ညစာစားတဲ့အခါကျရင်လည်း ထမင်းဝိုင်းမှာ လူကြီးတွေကိုယ်တိုင် အပါအဝင် ဘယ်သူမှ ချက်ချာတဲ့ဖုန်းတွေ သုံးတာမျိုး မလုပ်မိအောင် ထမင်းစားပွဲမှာ အဲဒါတွေ လုံးဝ မထားသင့်ပြန်ဘူး။ လူမှုရေးအရ သင်ယူတဲ့ သဘောတရားအရ အမြင်နဲ့ တတ်မကုန်၊ အတုခိုးမကုန်အောင် လူကြီးတွေကိုယ်တိုင်က ကလေးတွေ ရှေ့မှာ ဖုန်းပွတ်တာ၊ သင်ပုန်းကွန်ပျူတာ ပွတ်တာတွေ မလုပ်သင့်ပါဘူး။

လက်ဦးဆရာတွေရဲ့ အခန်းကဏ္ဍ
---------------------------------------
ကိုယ့်ကလေးတွေကို ပြောပြတဲ့အခါ တချို့ကလေးတွေဆို သင်ပုန်းကွန်ပျူတာတွေ ချက်ချာတဲ့ဖုန်းတွေ အသုံးလွန်သွားပြီး မထိန်းနိုင်တော့တဲ့အတွက် သူတို့ဘဝက အရေးကြီးတာတွေ လွတ်ကုန်ကြပုံကို ရှင်းပြသင့်ပါတယ်။ ဘောလုံးလို ကစား ခုန်စားတွေလည်း သိပ်မလုပ်ဖြစ်တော့၊ စာအုပ်တွေလည်း မဖတ်ဖြစ်တော့၊ သိပ္ပံသဘောတရားနဲ့ သဘာဝတရားကိုလည်း သိပ်စိတ်မဝင်စားတော့တဲ့အပြင် တကယ့်အပြင်လောကက သူငယ်ချင်းတွေနဲ့လည်း အဆက်အဆံ မလုပ်ဖြစ်တော့ဘဲ တချိန်လုံး ဖုန်းနဲ့၊ သင်ပုန်းကွန်ပျူတာနဲ့သာ မျက်နှာအပ်နေတဲ့ ကြောင်တောင်တောင်လေးတွေ ဖြစ်လာတတ်တာမို့ အဲသလို မဖြစ်ရလေအောင် သူတို့ကို ကန့်သတ်ရတာ ဖြစ်ကြောင်းမျိုးကို ပြောပြသင့်ပါတယ်။ အဲသလိုဆိုရင် သူတို့ ပတ်ဝန်းကျင်မှာ တကယ်ဖြစ်နေတဲ့ အနေအထားကို မြင်လာပြီး သိပ်များများ ပြောစရာ မလိုတော့ဘဲ အလွယ်တကူ လိုက်နာလာကြတော့မှာပါ။

အရေးကြီးတဲ့အချက်တချက်ကတော့ အထီးကျန်နေတဲ့၊ ဖယ်ကြဉ်ခံထားရတဲ့၊ ရည်ရွယ်ချက်မဲ့နေတဲ့၊ ငြီးငွေ့နေတဲ့  ကလေး တွေဟာ အဲသလို တခုခုမှာ စိတ်နှစ်ထားခြင်းနည်းနဲ့ ထွက်ပေါက်ရှာတတ်ကြစမြဲမို့ ဖန်သားပြင်နဲ့ မျက်နှာမခွာတမ်း စွဲနေတာမျိုးအပါအဝင် စိတ်ကိုပြောင်းလဲစေတတ်တဲ့ နည်းကလည်း သူတို့အတွက် ထွက်ပေါက်ဖြစ်နေတတ်ပါတယ်။  ဒါ့ကြောင့် အဓိပ္ပာယ်ရှိတဲ့ ဘဝအတွေ့အကြုံတွေ၊ ချစ်ခင်ယုယမှုတွေကို ပေးသွားဖို့ လိုသလို တကယ့်ဓိဋ္ဌဓမ္မလောကနဲ့ ထိစပ်နေနိုင်အောင် လုပ်ပေးကြရပါမယ်၊ စိတ်ကူးစိတ်သန်းကောင်းတွေ ထွက်လာစေမယ့် စာဖတ်ခြင်းလို နည်းမျိုးတွေနဲ့ ထွက်ပေါက်ရှာတတ်အောင် လေ့ကျင့်ပေးကြရပါလိမ့်မယ်။

ဆောင်းပါးအစက ကလေးအတွက်တော့ သူ့မိခင်က နောက်ဆုံးမှာ ကလေးလက်ထဲက သင်ပုန်းကွန်ပျူတာကို အပြီးတိုင် ဖယ်ရှားလိုက်ပါတော့တယ်။ အတော်တော့ ခဲခဲယဉ်းယဉ်း လုပ်ယူရတာပါ။ ကလေးရဲ့ ဝုန်းဒိုင်းကြဲတဲ့ ဒဏ်ကိုလည်း ခံရင်း ပေါ့။ ကလေးကို အများကြီးပံ့ပိုးပေးရင်း၊ အားပေးရင်းနဲ့ နောက် ၄ နှစ်အကြာမှာတော့ ကနေ့အခါမှာ အဲဒီ့ကလေးက အခြေအနေ အတော်ကောင်းလာပါပြီ။ အခုဆို စားပွဲတင်ကွန်ပျူတာကို ကလေးက ကောင်းကောင်း သုံးတတ်နေပါပြီ။ ဘောလုံးလည်း ပြန်ကစားလာ၊ အလယ်တန်းကျောင်းမှာလည်း သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး ရှိလာသလို အပြင်စာ တွေလည်း ဖတ်လာပါပြီ။ ဒါပေသည့် တခုခုကို စွဲမိထားသူတယောက်ဟာ စွဲခဲ့တာ ပြတ်တယ်ဆိုဦးတောင် စိတ်အားငယ်တဲ့ အချိန်မျိုးမှာ ပြန်စွဲလွယ်တတ်တဲ့ သဘာဝရှိတာကို သိထားတဲ့ သူ့အမေကတော့ စိုးရိမ်စွာနဲ့ သတိကြီးကြီးထားနေဆဲပါပဲ။ ကလေးရဲ့ အိပ်ခန်းထဲမှာ ကွန်ပျူတာ လုံးဝ မထားသလို ညစဉ် မိသားစု ထမင်းဝိုင်းမှာလည်းပဲ ဘာနည်းပညာမှ မပါ အောင် ဂရုထားတဲ့နည်းနဲ့ ဖြေရှင်းနေပါသတဲ့။

(ရည်ညွှန်း - https://goo.gl/DxJsqr)

နိဂုံး
----
အတိုချုပ် ပြောမယ်ဆိုရင်တော့ အောက်ပါအတိုင်း အနှစ်ချုပ်လို့ ရမယ် ထင်ပါတယ်။
• အသက် နှစ်နှစ်အောက် ကလေးတွေဟာ ဖန်သားပြင်ပါတဲ့ ချက်ချက်ချာချာ ဖုန်းတွေကိုပဲဖြစ်ဖြစ်၊ တခြား အလက်ထရောနစ်(ခ်) ကိရိယာတွေကိုဖြစ်ဖြစ် လုံးဝ မသုံးသင့်ပါဘူး။
• ကလေးတွေနဲ့ အတူကစားတာ၊ မျက်နှာချင်းဆိုင် ပြောကြဆိုကြတာတွေ လုပ်သင့်ပါတယ်။
• ကစားတာ၊ လူတွေနဲ့ ရောနှောဆက်ဆံတာတွေ လုပ်နိုင်တဲ့ အခွင့်အရေးကို ဖန်သားပြင်ပါတဲ့ အလက်ထရောနစ်(ခ်) ကိရိယာတွေက အနှောင့်အယှက် မပေးအောင် လုပ်ကြရပါမယ်။
• တနေ့ကို နှစ်နာရီအထိပဲ ဖန်သားပြင်တွေ သုံးခွင့်ပြုသင့်ပါတယ်။ ဖန်သားပြင်ဆိုရာမှာ ချက်ချာတဲ့ဖုန်းတွေ၊ ရုပ်မြင် သံကြားတွေ၊ ကွန်ပျူတာတွေ အားလုံးပါဝင်ပါတယ်။
• အထူးအခွင့်အရေးအနေနဲ့ တခါတလေ ဖန်သားပြင် သုံးခွင့်ပေးတာ ပြဿနာ မရှိပါဘူး။
• ကိုယ်ကိုယ်တိုင်လည်း ဖန်သားပြင်သုံးတဲ့အခါမှာ စနစ်တကျ အကန့်အသတ်နဲ့ သုံးတဲ့ နမူနာကို ပြသင့်ပါတယ်။
• မိသားစု ထမင်းဝိုင်း၊ မိသားစု ဝိုင်းဖွဲ့စကားပြောတာတွေ ပုံမှန် လုပ်ပေးသင့်ပါတယ်။
• ဖန်သားပြင်သုံး အစီအစဉ်တွေထဲမှာ ဝေါဟာရကြွယ်စေ၊ သင်္ချာစွမ်းရည်တက်စေ၊ စာတတ်စေ၊ သိပ္ပံသဘောတရား တွေကို သိမြင်လာစေတဲ့ အစီအစဉ်မျိုးကို ရှာဖွေပေးသင့်ပါတယ်။
• ကလေးတွေရဲ့ အိပ်ခန်း၊ အိပ်ရာမှာ ဘာဖန်သားပြင်မှ မထားသင့်ပါဘူး။
• ညအိပ်ရာဝင် ပုံပြင်ပြောတာ၊ စာဖတ်ပြတာများကို မှန်မှန် လုပ်သွားခြင်းအားဖြင့် ကလေးနဲ့လည်း ပိုနွေးနွေးထွေးထွေး ဆက်ဆံလာနိုင်တဲ့အပြင် စာဖတ်ဝါသနာ ထုံလာအောင် လေ့ကျင့်ပေးရာရောက်တယ်ဆိုတာကိုလည်း သတိထားသင့် ပါတယ်။

ခုကာလမှာ ကျေးလက်နေ လူထုတောင်မှ အင်ထနက်တွေ၊ ချက်ချာတဲ့ ဖုန်းတွေကို လက်လှမ်းမီနိုင်နေကြပြီမို့ တိုင်းပြည်ရဲ့ အနာဂတ်ဖြစ်တဲ့ ကလေးငယ်များအတွက် ပစ္စုပ္ပာန်မှာ သတိကြီးကြီး ထားကြရတော့မယ့် အခြေအနေလို့ မြင်မိရတဲ့ အတွက် သည်စာကို ရေးလိုက်ပါတယ်။ စာဖတ်သူလူကြီးမင်းဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို တန်ဖိုးထားသူ ဖြစ်ပါရင် ကျွန်တော် ပြန်ဆို ရေးသားတင်ပြခဲ့တာတွေ သင့်၏ မသင့်၏ တဆိတ်ဆင်ခြင်တော်မူပေးစေချင်ပါတယ်။ ကျွန်တော် ပြောတာ နည်းလမ်းကျတယ်ဆိုရင်တော့ သည်စာကို လူအများလက်ထဲ ပျံ့သည်ထက် ပျံ့အောင် ဖြန့်ပေးတော်မူပေး ကြပါလို့ မရဲတရဲ မေတ္တာရပ်ခံလိုက်ပါရစေလားခင်ဗျာ။

အားလုံးအတွက် တွေးဆ ဆင်ခြင်စရာ တစုံတရာ ရသွားမယ်လို့ မျှော်လင့်နေမိရပါတယ်ခင်ဗျား။     ။

Sources; Atta Kyaw

No comments:

Post a Comment