Latest News

Saturday, January 7, 2017

ကြယ်မစုံ လမလင်းသော်လည်း ညခင်းက ရွှန်းတင့်စွာ ဒီနေ့ထုတ်ကြေးမုံသတင်းစာ ပုညခင်စောင်းပါး



ကြယ်မစုံ လမလင်းသော်လည်း ညခင်းက ရွှန်းတင့်စွာ

ကောင်းကင်သည်  မိုးရိပ်ဖြင့်ညို့၍နေသည်။  လကို တိမ်ဖုံးကာ ကြယ်ကလေးတစ်ပွင့်၊ နှစ်ပွင့်မှအပ  အခြားအလင်းရောင်ကို မမြင်ရချေ။ ညဦးဆီက ရွာထားသည့် မိုးကြောင့် ကျွန်မထိုင်နေသည့် ကော်ဇောက စိုထိုင်းထိုင်း ဖြစ်၍နေသည်။    ထိုစိုထိုင်းထိုင်းကော်ဇောပေါ်မှာ နွေးထွေးစွာထိုင်နေကြသည့်လူတွေ သိန်းချီရှိနေပါသည်။ ကြယ်မစုံ လမလင်းသည့် ကောင်းကင်ညို့ညို့အောက်တွင် အလွန်ထွန်းလင်းတောက်ပနေသော နေရာတစ်ခုတော့ ရှိနေပါသည်။  ထိုနေရာမှာ  တရားပွဲသဘင် ဆင်ယင်ကျင်းပရာ  ပြည်သူ့ရင်ပြင်ပင်ဖြစ်သည်။  ထိုနေရာမှ ကြည့်လျှင် အရှေ့ဘက်ဆီက ရွှေရောင်ဝင်းဝါနေသော ရွှေတိဂုံဘုရားကို ကြည်ညိုဖွယ် ဖူးတွေ့နိုင်သည်။ ရွှေတိဂုံ ဘုရားနောက်ခံဖြင့် မြင်ရသည့် ထီးဖြူတွေမိုးထားသည့် တရားပွဲစင်မြင့်ပေါ်မှာတော့ ဆရာတော်အရှင်ဆန္ဒာဓိကကို ဖူးတွေ့ကြည်ညိုနိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူဓမ္မသဘင်ကို  ၂-၁-၂ဝ၁၇ နေ့မှစ၍ ပြည်သူ့ရင်ပြင်၌ ညစဉ်  ၇ နာရီခွဲအချိန်တွင် ကျင်းပခဲ့သည်မှာ (၆-၁-၂ဝ၁၇)နေ့တွင် ၅ ရက်မြောက် ခဲ့ပြီဖြစ်သည်။ ၂ ရက်နေ့က ဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ(သီတဂူဆရာတော်)၊  ၃ ရက်နေ့က အရှင်သီရိန္ဒာဘိဝံသ(ယောဆရာတော်)၊ ၄ ရက်နေ့က ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ (ပါမောက္ခချုပ်ဆရာတော်) တို့က ပြည်သူအများကို တရားဓမ္မများ ဟောကြားပေးခဲ့သည်။ အနယ်နယ်အရပ်ရပ်မှ ပြည်သူများလည်း Sky Net နှင့် မဟာဗောဓိ ရုပ်သံလိုင်းမှတစ်ဆင့် နာယူနိုင်ခဲ့ကြသည်။ ၆ ရက်နေ့တွင်တော့  ဆရာတော်အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမဆရာတော်) က ဟောကြားခဲ့သည်။

ရှေ့ရက်များကတော့ တစ်ယောက်တည်း အေးဆေးစွာ နာယူလိုသဖြင့်  အိမ်က  တီဗီရှေ့မှာပင်နာယူခဲ့သည်။ သည်နေ့လည်း အိမ်ကပင်နာယူမည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သို့သော်လည်း မိုးရွာထဲတွင်လူများစွာတို့ ကြွပ်ကြွပ် အိတ်များ ခေါင်းစွပ်၍ တရားနာယူရန် အသင့်ဖြစ်နေကြသော မြင်ကွင်းက ကျွန်မ၏ စိတ်နှလုံးကို ကြည်နူးလှုပ်ခတ် စေခဲ့ပါသည်။ သူတို့တောင် မိုးရွာထဲမှာ နာနိုင်သေးလျှင် ကျွန်မကရော ဘာကြောင့်    မနာနိုင်ရမည်နည်း။ ဆရာတော်တောင် မိုးရွာသည့်နေ့မှာ တရားဟောဖို့ကြွလာ နိုင်သေးလျှင် ကျွန်မက ဘာကြောင့် မိုးလေကင်းလွတ်ရာ မှာ သီးသန့်နေနိုင်ရမည်နည်း။ ကျွန်မသည် ချက်ခြင်းပင် ဆုံးဖြတ်ကာ ကျွန်မခင်ပွန်းနှင့်အတူ တရားပွဲကျင်းပရာ ပြည်သူ့ရင်ပြင်နေရာသို့ ထွက်လာခဲ့ပါသည်။ ကျွန်မရောက် သွားချိန်မှာတော့ မိုးတိတ်ခဲ့ပြီဖြစ်သည်။ အဝင်ဝတွင် ဖိနပ်ထည့်ဖို့ ကြွပ်ကြွပ်အိတ်နှင့်ရေသန့်ဘူးတွေ  ဝေနေသည့် လူများကလည်း အဆင်သင့်ဆီးကြိုနေခဲ့သည်။ အဝင်ဝ အနီးတွင် ပြန်ကြားရေးမဏ္ဍပ်နှင့် အလှူခံမဏ္ဍပ်ကိုတွေ့ရသည်။   ရှေ့ဘက်ညာခြမ်းမှာတော့   ကျန်းမာရေး စောင့်ရှောက်မှု ဆေးခန်းကိုလည်း မြင်ရသည်။ ပြီးတော့ အနီးကပ်ဖူးမြင်နိုင်ရန်  ထားရှိသည့် ပရိုဂျက်တာနှစ်ခု။ မှိုင်းညို့ညို့ညရိပ်အောက်တွင် အရာရာသည်  စည်းကမ်း သေဝပ် စနစ်တကျဝင်းပလင်းချင်းလျက် ရှိလေသည်။

ညလေညင်းသည်  တသုန်သုန်တိုက်ခတ်လျက်ရှိ ချိန်ဝယ် ဆရာတော်၏တရားဓမ္မဟောကြားသောအသံသည် ငြိမ်းချမ်းအေးမြစွာဖြင့် တရားပွဲခင်းတစ်ခုလုံးကို  လွှမ်းခြုံ ဖြန့်ကြက်လျက်ရှိသည်။  ဆရာတော်ဟောကြားမည့် တရားတော် ခေါင်းစဉ်က ''ဖြစ်ရပ်တိုင်းတွင် စိတ်ထား ကောင်းရန်အစီအစဉ် ရှိ၊ မရှိတရားတော်'' ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်ကျင်းပသည့် ပွဲဖြစ်၍ ဆရာတော်က ထိုခေါင်းစဉ်ကို လိုက်ဖက်ညီညီ ရွေးချယ်ထားခဲ့သည်။ ဆရာတော်က စိတ်ထားကောင်းခြင်းနှင့် စိတ်ကောင်းထားခြင်းကိုလည်း ခွဲခြားသုံးသပ်ပြခဲ့သည်။

''ဖြစ်ရပ်တိုင်းတွင် စိတ်ထားကောင်းရန် အစီအစဉ်ရှိ၊ မရှိ'' မေးခွန်းကို ''နှလုံးသားလွှတ်တော်'' က ''မနောအစိုးရ''ကို မေးရမည်ဟုဆိုသည်။  လူတို့သည် မိမိတို့ထားရှိသည့် စိတ်ထားများပေါ်တွင်မူတည်၍ ကောင်းကျိုး၊ ဆိုးကျိုးခံစား ရမည့်အကြောင်းကို ခွဲခြားသုံးသပ်ပြတော်မူခဲ့သည်။

သူတစ်ပါးအပေါ်တွင် မကောင်းသည့် စိတ်ဓာတ်နှင့် ပြုမူဆောင်ရွက်ခဲ့လျှင် ကိုယ်ထားရှိလိုက်သည့် စိတ်ထား၊ စကား၊ အပြုအမူလုပ်ရပ်တို့နှင့် ပုံစံတူမဟုတ်သည့်တိုင် အခြားတစ်ဖက်မှ ပုံစံတစ်မျိုးဖြင့် မိမိထံသို့ ပြန်လည်အကျိုး ပေးမည့်အကြောင်းကို     ဟောကြားတော်မူခဲ့သည်။   ''သုဂတော'' ဆိုသည်မှာ ကောင်းသောစကားကိုဆိုခြင်းဖြစ်သည်။ အတိအကျပြောရလျှင် ''မှန်ကန်၍  အကျိုးရှိသော စကားကိုဆိုခြင်း''  ဖြစ်သည်ဟု  မှတ်သားနာယူရသည်။ အထူးသဖြင့် ယနေ့ခေတ်တွင် ဖေ့စ်ဘွတ်ပေါ်၌ သူတစ်ပါးကို အကျိုးယုတ်စေသော၊ မဖြစ်နိုင်သော စကားများကိုဆင်ခြင် သုံးသပ်ခြင်းမရှိဘဲ တင်ခြင်း၊ Share ခြင်း၊ Like လုပ်ခြင်း များနှင့်ပတ်သက်၍  သတိမူရန်၊  ခေတ်နှင့်လျော်ညီစွာ ဟောညွှန်တော်မူခဲ့သည်။   ဆွမ်းခံကြွရဟန်းတော်ကို အစ်ကိုဖြစ်သူက ဒွန်းစဏ္ဍားကိုသင်္ကန်းပတ်ထားတာဟု Post တင်လိုက်ရာ ညီဖြစ်သူက Like လိုက်တယ်၊ Share လိုက်တယ်၊ Comment   ပေးလိုက်တယ်၊  အဲဒီအကျိုးဆက်ကြောင့် သံသရာမှာ မကောင်းကျိုးခံစားရပုံကို ဟောညွှန်တော်မူခဲ့ရာ ဖေ့စ်ဘွတ်ပေါ်က မမှန်စကားများ၊ အကျိုးမရှိ သောစကားများ၊  သူတစ်ပါးကို  ထိခိုက်နစ်နာစေသော စကားများကို ယုံကြည်စွာ Like  လုပ်ကြသော၊ Share  ကြသော၊ Post   တင်ကြသော သူများကိုသတိရကာ သံသရာအဆက်ဆက်ငရဲဘုံမှ  ဆံ့ပါ့မလားဟု တွေးကာ ပြုံးရသည်။ ဖေ့စ်ဘွတ် တည်ထောင်သူ မက်ဇူကာဘတ်သည် မြန်မာနိုင်ငံတွင်    သံသရာအဆက်ဆက်   မကောင်းကျိုး ခံစားရမည့်သူများကို        များသထက်များပြားအောင် ကြံဆောင်ခဲ့ပါသလားဟူသော မေးခွန်းကိုမေးရမလိုပင်ဖြစ်သည်။  ဆရာတော့်တရားတော်ကို   ကိုးကားမှီငြမ်း၍ ဆိုရလျှင် မြန်မာနိုင်ငံရှိ ဖေ့စ်ဘွတ်ပေါ်က လူများအတွက် ငရဲပြည်ကို တိုးချဲ့ရန်အစီအစဉ် ရှိ၊ မရှိမေးခွန်းကို ယမမင်း အစိုးရသို့ မေးရတော့မလို ရှိသည်။

သို့သော်လည်း ဖေ့စ်ဘွတ်ပေါ်ကတစ်ဆင့် ပရဟိတအလုပ်များနှင့်ကောင်းရာကောင်းကြောင်းများကို မျှဝေခွင့် ရသည့်အတွက်တော့   မက်ဇူကာဘတ်ကို  ကျေးဇူးတင် ရပါမည်။ နတ်ပြည်ကိုတိုးချဲ့ရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်းကို သိကြားမင်းအားမေးခွင့်ရရန်   ဖေ့စ်ဘွတ်အားကောင်းရာ ကောင်းကြောင်းများအတွက် ပိုမိုအသုံးချကြရပါမည်။

ဆရာတော်က လူတို့၏အသက်မွေးဝမ်းကျောင်းနှင့်ပတ်သက်၍လည်း လူတိုင်းကျင့်သုံးလိုက်နာအပ်သည် တို့ကို  ဟောညွှန်တော်မူခဲ့သည်။  လူတစ်ယောက်သည် မိမိ၏အသက်မွေးဝမ်းကျောင်းအလုပ်ကို ဖြောင့်မတ် မှန်ကန်စွာ စေတနာထား၍လုပ်နေပါက အလိုလိုနေရင်း ကုသိုလ်တွေရနေပါကြောင်း၊  ထိုအသက်မွေးဝမ်းကျောင်းမှ ရသောငွေဖြင့် လှူဒါန်းမှကုသိုလ်ရတာမဟုတ်ကြောင်း ဟောညွှန်တော်မူခဲ့သည်။  ထိုတရားကို နှလုံးသွင်းမိသည့် တစ်ခဏအတွင်း မိမိ၏အသက်မွေးဝမ်းကျောင်းအလုပ် အတွက် ဂုဏ်ယူ၍မဆုံးပြီ။

ဆရာတော်များ၏ ဟောကြားညွှန်ပြတော်မူခဲ့သောတရားတော်မှန်သမျှသည် လူ့ဘဝ၌ တန်ဖိုးရှိစွာနေနည်းထိုင် နည်း၊ စိတ်ထားနည်းတို့ကို ညွှန်ကြားပြသနိုင်ခဲ့သဖြင့်လည်း ဗုဒ္ဓ၏တရားတော်များကို   တစ်ဆင့်ပြန်လည်ဟောကြား ညွှန်ပြပေးတော်မူကြသော   ဆရာတော်များကို  ကျေးဇူးတင်၍ မဆုံးပြီ။

ယခုခေတ်သည် နည်းပညာများတိုးတက်ထွန်းကားလာသည်နှင့်အမျှ လူသားတို့၏ စိတ်အနှစ်သာရများ ဆုတ် ယုတ်ကျဆင်းနိမ့်ပါးနေကြသောခေတ်ဖြစ်သည်။ လူလူချင်း စကားဆိုဖို့ထက် ဖေ့စ်ဘွတ်ပေါ်တွင် အသံတိတ်စကားများ ဆိုဖို့ ပို၍အာရုံစိုက်လာသည်။ လူ့ဘဝတွင် အနှစ်သာရရှိရှိ နေထိုင်ဖို့ထက် ဖေ့စ်ဘွတ်ပေါ်တွင်  အနှစ်သာရရှိသူအဖြစ် အထင်ခံရအောင်   နေထိုင်ကြသောခေတ်ဖြစ်သည်။      နှလုံးသားမှလာသောစကားကိုဆိုဖို့ထက် ဖေ့စ်ဘွတ်ပေါ်မှ လာသော စကားကို ဆိုဖို့ပို၍ အာရုံစိုက်ကြသောခေတ်ဖြစ် သည်။ မိမိကိုယ်တိုင် စည်းကမ်းရှိဖို့၊ ကြိုးစားဖို့၊ အဆင့် အတန်းရှိရှိ နေထိုင်ပြောဆိုပြုမူဖို့ထက် အစိုးရကိုအပြစ် ဖို့ရန်  ပို၍အားထုတ်ကြသောခေတ်ဖြစ်သည်။ ကိစ္စရပ် တစ်ခုကို  ကိုယ်ပိုင်အသိဉာဏ်ဖြင့်   ဝေဖန်ပိုင်းခြားမှုမရှိဘဲ  ဖေ့စ်ဘွတ်ပေါ်မှ Post တွေကို  ယုံကြည်နေကြသောခေတ် ဖြစ်သည်။

ပါမောက္ခချုပ်ဆရာတော်   ဟောကြားတော်မူသော တရားတော်တွင်လည်း လူတို့သည် Independent   ဖြစ်လျှင်တောင်မှ စိုးရိမ်သောကအတွေးများ၊ အတွယ်အတာများ၏ ချုပ်နှောင်မှုကိုခံနေကြရသဖြင့် Freedom မဖြစ်နိုင်ကြကြောင်း ဟောကြားတော်မူခဲ့သည်။  ဆရာတော်၏ တရားတော်ထဲတွင် လူလေးယောက်တွင်မှ တစ်ယောက်သာ ကောင်းသည့်ခေတ်မျိုးမှသည်   ထိုတစ်ယောက်မှာမှ       တစ်ခြမ်းသာကောင်းနိုင်တော့သည့်ခေတ်ကို မရောက်အောင် လည်း တစ်ဦးချင်းတစ်ယောက်ချင်းက  ကြိုးစားကြရမည် ဖြစ်သည်။

ကျွန်မတို့ငယ်ငယ်က ကျောင်းတွင်ဆိုရသည့် သစ္စာ အဓိဋ္ဌာန်လေးချက်ထဲတွင် မိမိကိုယ်ကိုကောင်းအောင် ကြိုးစားမည်က အရင်ဖြစ်သည်။ လူတိုင်းသည် ဘာကိုပဲ လုပ်လုပ် မိမိကိုယ်ကို အရင်ဆုံး ကောင်းအောင်ကြိုးစားကြရ မည်ဖြစ်သည်။  သို့သော်လည်း ကျွန်မတို့နိုင်ငံတွင်တော့ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားသူများကို ထိုသို့လိုက်ပါ မကြိုးစားနိုင်သူများက မလိုမုန်းထားကြသောခေတ်သို့ ရောက်ရှိနေပါသည်။

ကျွန်မတို့မြန်မာ့လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်ဖို့ ကြန့်ကြာစေသောအရာများထဲတွင် လူတို့၏ ဣဿာမစ္ဆရိယ စိတ်များက ထိပ်ဆုံးမှာပါဝင်နေခဲ့ကြသည်။ ဣဿာဆိုသည် မှာ မနာလိုစိတ်၊ မစ္ဆရိယဆိုသည်မှာ သူတစ်ပါးက ကိုယ့်ထက် သာသွားမှာကို မလိုလားစိတ်ဟု ပါမောက္ခချုပ်ဆရာတော်က ခွဲခြားမိန့်တော်မူခဲ့သည်။  ရှေ့လူက နောက်လူကိုလက်တွဲ ခေါ်ယူရမည့်အစား  ရှေ့လူကနောက်လူတက်လာမှာကို မလိုတမာစိတ်ဖြင့်   ဆီး၍ ကန်ချနေပါက  နောက်လူ ကလည်း ရှေ့လူ၏အောင်မြင်မှုကို မုဒိတာမပွားနိုင်ပါက လူ့အဖွဲ့အစည်းတွင် ဆုတ်ယုတ်မှုများသာ ဖြစ်ပေါ်လာနိုင်ပြီး တိုင်းပြည်သည်လည်း  ရှေ့သို့ရောက်ဖို့ မလွယ်ကူ နိုင်ချေ။

ညသည် တဖြည်းဖြည်းရင့်၍လာသည်။ ညလေညင်း ကလည်း   တသုန်သုန်တိုက်ခတ်နေတုန်းပင်ရှိသည်။ ဆရာတော်၏  တရားဟောသံသည်လည်း ပွဲခင်းတစ်ခုလုံး ကို လွှမ်းခြုံဖြန့်ကြက်ဆဲပင်ဖြစ်သည်။ ကျွန်မသည် ဆရာတော်၏ တရားတော်များကို  ပထမအဆင့်အဖြစ် နားဖြင့် နာယူသည်။ ဒုတိယအဆင့် ... နှလုံးသားဖြင့် ခံစား မှတ်သားသည်။ တတိယအဆင့် ... ကိုယ့်ဘဝအတွေ့ အကြုံများနှင့် နှိုင်းယှဉ်သုံးသပ်အတွေးပွားသည်။ စတုတ္ထ အဆင့်ကတော့ ထိုတရားတော်များနှင့်အညီ  နေထိုင်ဖို့ ဖြစ်သည်။ လူတို့သည် တရားနာယူရာတွင် နာယူရုံနှင့် မပြီးဘဲ ထိုအဆင့် ၄ ဆင့်အတိုင်း ဆောင်ရွက်သင့်သည်ဟု ကျွန်မ ထင်ပါသည်။ ''နာ-ပျောက်-မလုပ်'' မဖြစ်စေဘဲ ''နာ-မှတ်-တွေး-လုပ်'' ဖြစ်စေရမည်ဖြစ်သည်။

မပြည့်သောလက  အနောက်ဘက်သို့ယွန်းချိန်ဝယ် တရားဟောပုလ္လင်ထက်ဆီက လမင်းကတော့ကျက်သရေ ရှိစွာ သာဆဲ။ အလင်းရောင်ကိုဖြန့်ကြက်နေဆဲ။ ကြယ်မစုံ လမလင်းသော်လည်း  ညခင်းကတော့  တရားဓမ္မ၏ အလင်းရောင်နှင့် အတူ ရွှန်းတင့်နေဆဲဖြစ်သည်။

ထို့နောက်တွင်တော့ တရားပွဲလည်း ပြီးမြောက်ခဲ့ရပြီ။ ဆရာတော်ပြန်မကြွမီ မတ်တပ်ထမရပ်ကြဖို့၊ ထမပြန်ကြဖို့၊ ဆရာတော်ပြန်ကြွပြီးမှ ပြန်ကြဖို့ ကြေညာသံကြားသော် လည်း အနောက်ပိုင်းမှ  လူတချို့ကတော့  ထပြန်ခဲ့ကြပြီ။ အိမ်ပြန်ဖို့ ကားအခက်အခဲရှိသည့် ဝေးလံသောနေရာမှ လာကြသူများထင်ပါရဲ့ဟု တွေးကာဖြေရသည်။ လှိုင်သာယာ၊ သန်လျင်၊ ရွှေပြည်သာစသည့် ဝေးလံသောနေရာများကအစ အလုံလိုနီးသည့် မြို့နယ်အဆုံး ပြန်ရန်အခက်အခဲရှိသူ များအတွက် စီစဉ်ပေးထားသော  ကားတွေကလည်း မနည်းလှပါ။ နောက်နှစ်မှာလည်း ဒီလိုပွဲမျိုးလုပ်နိုင်ပါစေဟု ဆုတောင်းရသည်။

ကျွန်မသည်  တရားပွဲခင်းအတွင်းမှ အေးဆေးစွာ လှမ်းထွက်လာရင်း ကောင်းကင်ကို မော့ကြည့်မိတော့ တိမ်ဖုံးနေသည့်  လတစ်ဝက်တစ်ပျက်ကို   မြင်ရသည်။ လက မလင်းသော်လည်း ညခင်းကတော့ သူ့အလိုလိုပင် ရွှန်းတင့် သာယာခဲ့ရပြီ။

လူတို့၏ ဘဝတွင်လည်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ၍  မိသားစုစုံညီစွာအတူရှိကြသော၊  အောင်မြင် ပြည့်စုံသော ကြယ်စုံ လလင်းသည့်ဘဝ၏  နေ့ရက်များကို ဖြတ်သန်းရနိုင်သလို အောင်မြင်မှုနှင့်နုပျိုမှုတို့  ဆုတ်ယုတ် ပျက်ပြား၍ ကြယ်မစုံ လမလင်းသည့် အချိန်ကာလမျိုးကိုလည်း ဖြတ်သန်းရနိုင်ပါသည်။ ကြယ်မစုံလမလင်း သည့်အခါ ဘဝမှာရွှန်းတင့်စွာသာနိုင်ဖို့ကတော့ မိမိ၏ ကိုယ်ကျင့်သိက္ခာနှင့်   တရားဓမ္မသာ  အားကိုးစရာရှိလေသည်။    ။

Sources; ပုညခင်

No comments:

Post a Comment