Latest News

Monday, January 16, 2017

အယူခံပယ်ချခံခဲ့ရပြီးနောက် တရုတ်ဆန့်ကျင်သော ဟောင်ကောင်အမတ်နှစ်ဦးက အာဏာပိုင်များအား စစ်ကြေညာ

အယူခံပယ်ချခံခဲ့ရပြီးနောက် တရုတ်ဆန့်ကျင်သော ဟောင်ကောင်အမတ်နှစ်ဦးက အာဏာပိုင်များအား စစ်ကြေညာ


တရုတ်ဆန့်ကျင်သော ဟောင်ကောင် ဥပဒေပြုအမတ်သစ်နှစ်ဦးက ၎င်းတို့အား အမတ်တာဝန်ထမ်းဆောင်ရန် အရည်အချင်း မပြည့်မီကြောင်း ဆုံးဖြတ်ချက်ချထားမှုအား အယူခံဝင်မှုသည် ဇန်န၀ါရီ ၁၆ ရက်တွင် ပယ်ချခံခဲ့ရပြီးနောက် အာဏာပိုင်များကို စစ်ကြေညာခဲ့ကြောင်း သိရသည်။ တရုတ်၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုဖြစ်သော ဟောင်ကောင်ကို တရုတ်မှ ခွဲထွက်ရန်အတွက် တောင်းဆိုသောလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဘက်ဂီယိုလျန်နှင့် ယုဝိုင်ချင်းတို့သည် ပြီးခဲ့သောနှစ် အောက်တိုဘာက ပါလီမန်တွင် ကျမ်းသစ္စာကျိန်ဆိုမှု၌ စနစ်တကျ လုပ်ဆောင်ခဲ့ခြင်း မရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ တရုတ်က ကြားဝင်စွက်ဖက်ခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးသည် ကျမ်းသစ္စာထပ်မံ ကျိန်ဆိုရန်အရည်အချင်း မပြည့်မီကြောင်း ဟောင်ကောင်အထက်တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်အား ရုပ်သိမ်းပေးရန် ၎င်းတို့နှစ်ဦးက ပြီးခဲ့သောနိုဝင်ဘာတွင် အယူခံဝင်ခဲ့ရာ ဟောင်ကောင်အယူခံ တရားရုံးက ပယ်ချခဲ့သည်။ ယင်းအမတ်နှစ်ဦးက ၎င်းတို့၏အမှုအား ဟောင်ကောင်၏ အမြင့်ဆုံး တရားရုံး၏ ဆုံးဖြတ်ချက်ခံယူရန် ကြိုးပမ်းမှုကိုလည်း အယူခံတရားရုံးက ဇန်န၀ါရီ ၁၆ ရက်တွင် ထပ်မံပယ်ချခဲ့သည်။

ယင်းပယ်ချခံရမှုအပြီးတွင် အသက် ၃၀ ရှိ လျန်က စစ်ပွဲစတင်ပြီဖြစ်ကြောင်း တရားရုံးအပြင်ဘက်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။ ပြီးခဲ့သောနိုဝင်ဘာတွင် တရုတ်က ဟောင်ကောင်၏ အခြေခံဥပဒေအား အထူး အဓိပ္ပာယ်ဖွင့်ဆိုမှုကို ဟောင်ကောင်ရှိ တရားရုံးများက ဥပဒေကြောင်းအရ လိုက်နာခဲ့ခြင်းဖြစ်ကြောင်း အယူခံတရားရုံးမှ တရားသူကြီး မက်ဂီပူးန်က ဇန်န၀ါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။ ယင်းအမှုသည် အများပြည်သူ အကျိုးစီးပွားအတွက် ဖြစ်နေလျှင်သော်မှ လက်တွေ့ကျကျ အောင်မြင်နိုင်ခြေရှိမှသာ အယူခံဝင်မှုအား ခွင့်ပြုသွားမည်ဖြစ်ကြောင်း စီရင်ချက်တွင် ဖော်ပြခဲ့သည်။

ဘက်ဂီယိုလျန်နှင့် ယုဝိုင်ချင်းတို့အား တရားရုံးစရိတ်အဖြစ် တစ်ဦးလျှင် ဟောင်ကောင်ဒေါ်လာ ၁၆၇၈၅၁ (ဒေါ်လာ ၂၁၆၀၀) စီ ပေးဆောင်ရန်လည်း တရားရုံးက ချမှတ်ခဲ့သည်။

လျန်က ၎င်းတို့နှစ်ဦးသည် ယင်းအမှုအတွက် ဆက်လက် တွန်းအားပေးသွားမည်ဟု ဆိုခဲ့သည်။ ဟောင်ကောင်ဥပဒေအရ ၎င်းတို့သည် အောက်တရားရုံးများ၏ ခွင့်ပြုချက်မရသော်လည်း နောက်ဆုံး အယူခံအတွက် တရားရုံးချုပ်၌ တိုက်ရိုက်ကြားနာမှု ပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းခွင့်ရှိကြောင်း သိရသည်။

ပြီးခဲ့သော စက်တင်ဘာတွင် ဟောင်ကောင်၌ ကျင်းပခဲ့သည့် ရွေးကောက်ပွဲများတွင် လျန်နှင် ယုအပါအ၀င် ဟောင်ကောင် လွတ်လပ်ရေးနှင့် ကိုယ့်ကိုယ်ကိုယ်ဆုံးဖြတ်ပိုင်ခွင့်အတွက် တောင်းဆိုသော တွန်းလှန်လိုသည့် ကိုယ်စားလှယ်လောင်း အများအပြားက အမတ်များအဖြစ် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။  ဟောင်ကောင်တွင် ၂၀၁၄ ခုနှစ်က ထီးလှုပ်ရှားမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လွတ်လပ်ရေးအတွက် လှုံ့ဆော်သည့် လှုပ်ရှားမှုများ စတင် အားကောင်းလာခဲ့သည်။            

Refး AFP


Sources; Eleven Media Group

No comments:

Post a Comment