Latest News

Wednesday, January 18, 2017

ရန်ကုန်ဒုက္ခသည်များ

ရန်ကုန်ဒုက္ခသည်များ


တကယ်တော့ ပျော်စရာကြီး။
သူများတွေတော့ စိတ်ညစ်ကြတယ်။ ဒုက္ခရောက်တယ် ဘာညာပြောကြတာပဲ။
စိုပြေကတော့ ပျော်နေတာပဲ သိတယ်။
စိတ်လည်း မညစ်ပါဘူး။
စိုပြေ တစ်ယောက်ထဲ ဒုက္ခရောက်တာမှ မဟုတ်တာ။ လူတွေ အများကြီးနဲ့ ဆိုတော့ ဒုက္ခရောက်နေတာတောင် မေ့ပြီး ပျော်နေတာပဲ။

စိုပြေ့လိုပဲ ပျော်နေသူတွေ အများကြီး။
ဆူးလေမှာ အခမဲ့ ကားပေါ်က ဆင်းလာတဲ့ အဒေါ်ကြီးတစ်ယောက်ကလည်း သူ့အိမ်ကို ဖုန်းအော်ပြောနေတယ်။
"ဆန္ဒပြပွဲတွေတောင် ဒီလောက် လူမများဘူးဟေ့....။ ဘာလို့ စိတ်ညစ်ရမှာတုန်း.....ပျော်စရာကြီးဟေ့... ပျော်စရာကြီး...။ ကိုယ်တစ်ယောက်ထဲမှ မဟုတ်ဘဲ...." တဲ့။

မနက်ကတော့ စိတ်ညစ်သလိုလို ဘာလိုလို။
ကားတွေက ကြပ်တာကိုး။
စီးစရာ ကားလည်း မရှိ။ ရောက်ရာ ပေါက်ရာ စီးမိတာပဲ။
ရန်ကုန်မြို့ပဲ။ အဆင်ပြေသလို သွားလိုက်တော့ ရုံးရောက်တာပေါ့။
ဒုက္ခတွေလည်း မညည်းမိပါဘူး။ အတွေ့အကြုံအသစ်တွေ ရတယ်ဆိုပြီး ရုံးမှာတောင်ရယ်ရယ်မောမော ရှင်းပြနေသေးတယ်။
အခြားလူတွေလည်း စိုပြေ့လိုပဲ။ သူတို့ကြုံရတာတွေကို ပျော်ပျော်ပါးပါး ဖောက်သယ်ချနေကြတယ်။

မနက်တုန်းက စိတ်နည်းနည်းညစ်ခဲ့ပေမဲ့ ညနေကျတော့ ဒီလိုမဟုတ်တော့ဘူး။
အခမဲ့ကားတွေ ထွက်လာပြီ။
ဒါဟာ မြန်မာတွေရဲ့ ချစ်စရာ ကောင်းတဲ့ ဓလေ့။
မြန်မာဆိုတာ မြန်မာပြည်ထဲမှာ နေသူတိုင်းကို ပြောတာပါနော်။ အစ္စလာမ်တွေရော၊ ဟိန္ဒူတွေရော ပါတယ်။

ကားရှိသူတွေဟာ အခမဲ့ ကားလေးတွေ ကိုယ်စီနဲ့။
ဆူးလေဘက်ကို သွားကြည့်တော့လည်း တက္ကစီတွေ၊ ကိုယ်ပိုင်ကားတွေကလည်း အခမဲ့ဆိုပြီး ပြေးဆွဲပေးနေတာတွေ့တယ်။
အိတ်စပရက်ကားကြီးတွေလည်း မြောက်ဥက္ကလာဘက်ကို အခမဲ့ ပြေးနေပြန်တယ်။

ဒီနေ့ကျတော့ နှစ်ထပ်ကားကြီးတွေနဲ့ဗျာ။
အခမဲ့ပဲ။
ကားပေါ်မှာ ရေချိုးခန်း အိမ်သာတောင် ပါတယ်ဆိုပဲ။
လူကြီးတစ်ယောက်က အဲ့ကားပေါ်က ဆင်းလာရင်း... "ကားခ ၂၀၀ လည်း သက်သာတယ်။
အိမ်သာပါ ၀င်တတ်လိုက်တော့ ၁၀၀ ထပ်သက်သာတယ်။ ရှယ်ပဲ" တဲ့။

အွန်လိုင်းပေါ်က လူတွေကသာ ဘတ်စ်ကားစီးရတာ ကြပ်တယ်။ လမ်းတွေ ပိတ်တယ် ပြောနေကြတာ။
တကယ် မြေပြင်မှာ ဘတ်စ်ကား စီးနေသူတွေကတော့ ပျော်နေကြတာပဲ။
အပြောင်းအလဲကာလကိုး။
မထသဆိုတာကို မကြားရတာနဲ့တင် တန်ပါတယ်လေ။

အခုဆို ကားသမားတွေလည်း ပျော်နေကြတယ်။
စပါယ်ယာတွေလည်း အရင်ကထက် နေ့တွက်ပိုရကြတယ်။
စပါယ်ယာတောင် သုံးသောင်းကျော် ရသတဲ့လေ။
ပြီးတော့ ကားခတွေကလည်း အရင်က တစ်ရာခရီးကို အခု ၂၀၀ ဆိုပြီး သတ်မှတ်ပေးလိုက်တော့ သူတို့လည်း ကားခ ပိုတောင်းစရာမလိုတော့ဘူး။
အဲ့တော့ ကားခတွေ ပိုလို့တောင်ရသေး။
စနစ်သစ်အရ ရသမျှ ကားခ အပ်ရမယ်တဲ့။ အဲ့တော့ မအပ်ခင် ခိုးလို့လည်း ရသေး။
ခိုးကြေး၊ မောင်းကြေး၊ လခ အကုန်ပေါင်းရင် အရင်ထက် တွက်ချေကိုက်တာ အမှန်။

မနေ့ညကတော့ မြို့တော် ခန်းမ ရှေ့မှာတော့ နည်းနည်းကသီတယ် ပြောရမယ်။
သာကေတတို့ သံလျင်တို့ ပြန်မယ့် လူတွေ အများကြီးပဲ။
ကားတွေကို ကိုးနာရီ အထိပဲ ဆွဲရမယ်ဆိုတော့ လိုင်းကားသမားတွေကလည်း လိုက်နာကြတယ်ထင်ပါရဲ့။
၈ နာရီကျော်ကတည်းက ကားတွေ မရှိတော့ဘူး။ ဒါကလည်း သူတို့ကို အပြစ်မဆိုသာပါဘူး။ စည်းကမ်းလိုက်နာကြတာမဟုတ်လား။
၈ နာရီကျော် အထိ ကားဆွဲနေလို့ ၉ နာရီ ကျော်တဲ့အထိ လမ်းပေါ်မှာရှိနေရင် ဘယ်လို အရေးယူခံရမလဲ ဆိုတာ သူတို့လည်း တိတိကျကျမသိ။
အဲ့တော့ အစောကြီး သိမ်းကြတာပေါ့။

အဲ့တော အခမဲ့ ကားတွေ အများကြီးပဲရောက်လာတယ်။
တက္ကစီတွေကလည်း လူအုပ်ကြီးနားမှာ လာလာရပ်ကြတယ်။
အချို့ တက္ကစီတွေကတော့ အခမဲ့ဆိုပြီး တင်သွားတယ်။
အချို့ကလည်း အုံနာခ မရသေးတော့ လူရမလားဆိုပြီး ရပ်ကြတာပေါ့လေ။

အခမဲ့ ကားတစ်စီးလာလိုက်။ လူတွေ ၀ိုင်းတက်လိုက်။
သာကေတတို့၊ သံလျင်တို့ကို အခမဲ့ပို့ပေးနေတာ။ လိုက်ထရပ်တို့။ ဟိုက်ဂျက်တို့။
လူတွေ အားလုံး ပျော်ပျော်ပါးပါးပဲ။

စိုပြေ့ မိတ်ဆွေ အမျိုးသမီးတစ်ယောက်ဆို မြောက်ဒဂုံ သူ့အိမ်ကို အာရာဖက်ကားကြီးနဲ့ ပြန်တာဗျ။
သူ့ဟာသူဆို ဒီကား ဘယ်စီးနိုင်မလဲ။
အခုလိုမျိုး ဘတ်စကား အသစ်တွေ ပြေးဆွဲချိန်ကျမှ အခမဲ့ ကားဆိုပြီး စီးရတာလေ။
အာရာဖတ်ကားကြီးက နေ့တိုင်း လိုက်ပို့ပေးရင် တော်တော်ကောင်းမယ်နော်။

အခု ညနေမှာတော့ ရဲကားတွေပါ ပါဝင်ကူညီကြတယ်။
လှိုင်သာယာတို့၊ ဒဂုံတို့လိုဝေးတဲ့ နေရာတွေကို လိုက်ပို့နေတာ။
အချို့ရဲကားတွေကတော့ အင်းစိန်ဘက်ကို သွားမှာ။
ရဲကားပေါ်ကနေ အင်းစိန် အင်းစိန် ဆိုပြီး အော်နေတော့ လူတွေလည်း လန့်ကုန်ကြတာပေါ့။
နောက်မှ...။ အော် အခမဲ့ ကားပဲ။ စီးသွားရင် ကျိန်းတောင် ကျေသေးဆိုပြီး တတ်စီးကြတယ်။
ပျော်စရာကြီး။
ရဲကားတွေနဲ့ မလောက်ရင် စစ်ကားတွေလည်း ရှိသေးသတဲ့လေ။
စစ်ကားတွေ ၀င်လာရင်တော့ သိတယ်မဟုတ်လား။ တီဗွီမှာ စစ်သီချင်းတွေပါ ကြားရနိုင်တယ်။

အချို့ကလည်း အဲ့လိုမျိုး မြန်မာ့ စိတ်ရင်းနဲ့ ကူညီနေကြသူတွေကို သိပ်မကြည်ကြဘူး။ အခမဲ့ ကားဘေးမှာ လူကြီးတစ်ယောက်က။
"ဘတ်စ်ကားခတော့ တတ်နိုင်ပါတယ်မောင်ရင်ရယ်....။ မောင်ရင်တို့ အခမဲ့ ကားကို စီးရတော့ ဖီးနည်းနည်းကွေးတာပေါ့ကွာ" တဲ့။
"အဲ့လိုတော့ ဘယ်ဟုတ်မလဲ ဦးလေးရယ်....။ သူတို့လည်း ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကူညီနေကြတာပဲ.....။ ဖီးမကွေးပါနဲ့ဗျာ....ကိုယ်လိုရာ ရောက်ဖို့ပဲ အရေးကြီးတာမဟုတ်လား" လို့ စိုပြေက ပြန်ပြောတော့....။
"အေးပါကွာ...။ ငါတို့လည်း အခုမှပဲ ရန်ကုန်မှာနေပြီး ဘတ်စ်ကားဘေး ဒုက္ခသည်တွေ ဖြစ်ကုန်တော့တာပဲ " တဲ့။

အဲ့တော့မှ စိုပြေလည်း စဉ်းစားမိတယ်။
"ဘတ်စ်ကားဘေး ဒုက္ခသည် ဘတ်စ်ကားဘေး ဒုက္ခသည်"
ဟုတ်တော့ ဟုတ်သား။
ဒါလည်း ကောင်းတယ်။ ရန်ကုန်က လူတွေဟာ သူများ အရပ်ဒေသတွေမှာ ရေကြီးရင် ရေဘေး ဒုက္ခသည်တွေဆို ပြီး စာနာသနားပြလိုက်။
စစ်ပွဲတွေ ဖြစ်တော့ စစ်ဘေးဒုက္ခသည်လို့ ဆိုပြီး သနားချင်ယောင်ဆောင်လိုက်။
မီးဘေးဒုက္ခသည်လို့ ခေါ်လိုက်နဲ့။

အခုတော့ ရန်ကုန်သားတွေ ဘာတတ်နိုင်သေးတုန်း။
တစ်တိုင်းပြည်လုံးနဲ့ တန်းတူ ဒုက္ခသည်ဖြစ်ပြီ။
ဘာတဲ့တုန်းကွဲ....။.... ဘတ်စ်ကားဘေးဒုက္ခသည်ပါ ဘုရား....။

Sources: စိုပြေ ( The Ladies News )

No comments:

Post a Comment