Latest News

Wednesday, January 18, 2017

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုသီဆိုထားတဲ့ သီချင်းတစ်ပုဒ် ပါဝင်မယ့် အရိုးရဲ့ ရုပ်စုံလက်ရာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုသီဆိုထားတဲ့ သီချင်းတစ်ပုဒ် ပါဝင်မယ့် အရိုးရဲ့ ရုပ်စုံလက်ရာ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

စာပေစိစစ်ရေး ရှိစဉ်ကာလက ပိတ်ပင် ခံခဲ့ရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြု သီဆိုထားတဲ့ သီချင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ထွက်ရှိမယ့် ရုပ်စုံလက်ရာ စီးရီးမှာ ပရိသတ်တွေ နားဆင်ရတော့မှာဖြစ်ကြောင်း တေးရေး၊ တေးဆို အရိုးက The Voice ကို ပြောကြားပါတယ်။

“စာပေ စိစစ်ရေးရှိတဲ့ အချိန်တုန်းက ဒီသီချင်းက ခွင့်ပြုချက် မကျခဲ့တဲ့အပြင် ပြဿနာပါ အရှာ ခံခဲ့ရတယ်။ အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြောင်းကို ရေးထားတဲ့ သီချင်းပါ။ ဒီသီချင်းက လွန်ခဲ့တဲ့ ဆယ်နှစ်လောက် ကတည်းက ရေးခဲ့တာပါ။ သီချင်းနာမည်ကိုတော့ ၁၉.၆.၂၀၁၇ လို့ ပေးထားတယ်”လို့ ယင်းသီချင်းနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

ယင်းသီချင်းကို ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေစဉ်ကာလမှာ ရေးသားခဲ့တာ ဖြစ်ပြီး၊ နိုင်ငံရေး အကျဉ်းသားတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုကို ပြည်သူလူထုက မေ့လျော့နေကြပြီလားဆိုတဲ့ ခံစားချက်နဲ့ ယင်းသီချင်းကို ရေးသားခဲ့တာဖြစ်ကြောင်း တေးသံရှင် အရိုးက ပြောကြားပါတယ်။

“ဒီခွေကို ၂ နှစ်လောက် အချိန်ယူပြီး လုပ်ခဲ့ရတယ်။ အစ်ကို ရှေ့မှာ ထွက်ခဲ့တဲ့ လူလည်အာရှသား စီးရီးနဲ့ဆို ဒီခွေက ရှစ်နှစ်လောက် ကွာသွားပြီ။ ဒီကြားထဲမှာ ရေးထားတဲ့ သီချင်းတွေကလည်း များနေတော့ သီချင်း ၂၅ ပုဒ်လောက် သွင်းခဲ့ရတယ်။ နောက်ဆုံးကျတော့မှ စိတ်ကြိုက်ဖြစ်တဲ့ ၁၂ ပုဒ်ကို ပြန်ရွေးထုတ်လိုက်တယ်”လို့ ၎င်းက ပြောကြားပါတယ်။

စီးရီးမှာတော့ ယခင် ရေးနေကျ သီချင်းပုံစံတွေအတိုင်း ရေးသားထားတဲ့ သီချင်းမျိုးတွေ ပါသလို၊ စီးရီး မထွက်ဖြစ်ခဲ့တဲ့ ရှစ်နှစ်တာ ကာလအတွင်းမှာ ပြောင်းလဲသွားတဲ့ အတွေးအခေါ်တွေအရ ရေးသားထားတဲ့ သီချင်းပုံစံ အသစ်အဆန်းတွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ အရိုးက ဆိုပါတယ်။

“စီးရီးနာမည်ကို ရုပ်စုံလက်ရာလို့ ပေးထားတာက ရုပ်သေးစင် တစ်ခုမှာပါတဲ့အတိုင်း မင်းသား ရှိမယ်။ မင်းသမီးရှိမယ်။ ရသေ့ရှိမယ်။ ဘီလူး ရှိမယ်ပေါ့။ ဒီခွေမှာလည်း သီချင်းတွေက အကြောင်းအရာမျိုးစုံ ပါဝင်ပါတယ်။ ဒီခွေမှာ ကိုယ့်ရဲ့ဂီတ ဖန်တီးမှုအပိုင်းကတော့ ဘာမှ ပြောင်းလဲ မသွားပါဘူး။ ဒါပေမဲ့ လူတစ်ယောက်က အသက်အရွယ်အလိုက် ပြောင်းလဲသွားတဲ့ အမြင်လေးတွေတော့ ရှိတာပေါ့”လို့ ၎င်းက ပြောကြားပါတယ်။

Sources: The Voice

No comments:

Post a Comment