Latest News

Friday, January 13, 2017

သမိုင်းလူသား “ သခင်ဗဟိန်း (၁၉၁၇-၁၉၄၆) ”

သမိုင်းလူသား “ သခင်ဗဟိန်း (၁၉၁၇-၁၉၄၆) ”

သခင် ဗဟိန်း

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သူ သခင် ဗဟိန်းကို ၁၉၁၇ ခုနှစ်၊ ဇွန် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် အင်းဝမြို့၊ ကိုင်းတန်းရပ်၌ အဖပွဲစားကြီး ဦးမှင်၊ အမိဒေါ်ဦးတို့မှ မွေးဖွားခဲ့သည်။ မူလတန်းကို အင်းဝတွင် သင်ကြားခဲ့ပြီး အလယ်တန်း၊ အထက်တန်းကို မန္တလေးတွင် သင်ကြားခဲ့သည်။ ၁၉၃၅ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို မြန်မာ၊ အင်္ဂလိပ်၊ ရာဇဝင် သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီး၊ ၁၉၃၅-၃၇ တွင် မန္တလေး ဥပစာကောလိပ်၌ ပညာဆက်သင်ခဲ့သည်။ ၁၉၃၆-၃၇ တွင် အိုင်အေ အထက်တန်းကို ပါဠိဂုဏ်ထူးဖြင့် အောင်ကာ၊ ၁၉၃၇-၃၈ တွင် ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာသင်ခဲ့သည်။ ၁၉၃၈-၃၉ ခုနှစ် ဘီအေ အထက်တန်း တက်နေစဉ် ရေနံမြေသပိတ် ပေါ်ပေါက်လာသဖြင့်    နိုင်ငံရေးလောကသို့ အချိန်ပြည့် ကူးပြောင်း ရောက်ရှိခဲ့သည်။

ရုပ်ရည်အားဖြင့် နုနယ်သိမ်မွေ့ကာ၊ စာပေ၊ ဂီတ၊ အနုပညာ နှစ်သက်လိုက်စားသော်လည်း ယုံကြည်ချက် ခိုင်မာပြင်းထန်ပြီး အများက ချစ်ခင်လေးစားခံရသူ ဖြစ်သည်။ အထက်တန်းကျောင်းသား ဘဝကပင် မျိုးချစ်စိတ်ထက်သန်သူ ဖြစ်သည်။ မန္တလေးတွင် ပါတော်မူနေ့ အထိမ်းအမှတ် ဆီမီးထွန်းညှိ လှုံ့ဆော်ခဲ့သည်။ ၁၉၃၅-၃၆ ခုနှစ်၊ မန္တလေး ဥပစာကောလိပ်    ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ၁၉၃၆ ကျောင်းသား သပိတ်ကို ဦးဆောင်ခဲ့သည်။ ၁၉၃၇ မေ ၉ ရက်နှင့် ၁ဝ ရက် တွင် ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) ညီလာခံကို မန္တလေးဗဟို အမျိုးသား အထက်တန်းကျောင်း၌ ဦးစီးကျင်းပခဲ့ရာ ထိုညီလာခံမှစ၍ ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း၏ ခေါင်းဆောင်မှုစွမ်းရည် ထင်ရှားလာခဲ့သည်။

၁၉၃၇-၃၈ တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ)နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ(ဗကသ)၏ အလုပ်အမှုဆောင် ဖြစ်လာသည်။ ဗကသမှ ထုတ်ဝေသည့် မျိုးညွန့် မဂ္ဂဇင်း အယ်ဒီတာအဖြစ်   ဆောင်ရွက်သည်။ ၁၉၃၈-၃၉ တွင် တကသ အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေစဉ် တကသနှင့် ဗကသနှစ်ခုလုံး၏ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်ဆန်းမှာ တို့ဗမာအစည်းအရုံးသို့ ရောက်သွားသဖြင့် ဒုဥက္ကဋ္ဌ ကိုလှရွှေ ကိုယ်စား ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၃၈၊ နိုဝင်ဘာ ၃ဝတွင် ရေနံမြေ အလုပ်သမားသပိတ်တပ်ကြီး ရန်ကုန်သို့ ချီတက်လာရာ၊ မကွေးမှ ဆက်လက်ချီတက်ရန် အခက်အခဲများ ကြုံတွေ့နေရသဖြင့် တို့ဗမာအစည်းအရုံး ဌာနချုပ်နှင့် ကျောင်းသား သမဂ္ဂခေါင်းဆောင်များ အစီအစဉ်အရ သမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ မကွေးသို့ သွားရောက်သည်။

၁၉၃၈၊ ဒီဇင်ဘာ ၁၂ ရက်တွင် မကွေးမြို့ မဲထီးကျောင်းတိုက်တွင် ပြုလုပ်သော ရေနံမြေ အလုပ်သမားများ တရားပွဲတွင် သခင်စိုး၊ သခင်ထိန်ဝင်း တို့နှင့်အတူ တက်ရောက် တရားဟောသည်။ ထိုတရားပွဲတွင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုဗဟိန်း ကြုံးဝါးခဲ့သော““မြင်းခွာတစ်ချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်ရမယ်””ဟူသော စကားမှာ နိုင်ငံအနှံ့ လွင့်ပျံသွား၍ နယ်ချဲ့ အင်္ဂလိပ်အစိုးရကို ကျောချမ်းစေကာ အလုပ်သမား ကျောင်းသား ပြည်သူအားလုံးကို အားတက်စေခဲ့သည်။ ထိုတရားပွဲအပြီးတွင် သခင်စိုး၊ သခင်ထိန်ဝင်း၊ ကိုဗဆွေတို့နှင့်အတူ အဖမ်းခံရပြီး ထောင်ဒဏ် ၃ လအချခံရကာ အင်းစိန်ထောင်သို့ ချက်ချင်း အပို့ခံရသည်။

ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ ဖမ်းဆီးခံရမှုကြောင့် ဒုဥက္ကဋ္ဌ ကိုလှရွှေနှင့် သမဂ္ဂ ခေါင်းဆောင်များ ဦးဆောင်မှုဖြင့် ၁၉၃၈ ကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာခဲ့ရသည်။ ဒီဇင်ဘာ ၁၅ ရက် တွင် ပုဒ်မ ၁၄၄ ကိုဆန့်ကျင်၍ သမဂ္ဂဦးဆောင်မှုဖြင့် ကျောင်းသားများ ရန်ကုန်မြို့အတွင်း လှည့်လည် ဆန္ဒပြကာ ချုပ်ချယ်သည့် ဥပဒေများ ပယ်ဖျက်ရေး၊ ဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူး ကိုဗဆွေတို့ကို အမြန်လွှတ်ပေးရေး တောင်းဆိုကြသည်။ မရသဖြင့် ဒီဇင်ဘာ ၂ဝ ရက်တွင် အတွင်းဝန်ရုံးကို ဝိုင်း၍ ဆန္ဒပြရာ၊ ကိုလိုနီပုလိပ်တို့ လက်ချက်ဖြင့် သမဂ္ဂခေါင်းဆောင် ဂျပ်ဆင်ကောလိပ်    ကျောင်းသား ကိုအောင်ကျော် ကျဆုံးခဲ့ရ သည်။ ဒီဇင်ဘာ ၂၇ ရက်တွင် ကိုအောင်ကျော် ဈာပနအခမ်းအနား ကျင်းပရာ ဥက္ကဋ္ဌ ကိုဗဟိန်းက အင်းစိန်ထောင် အတွင်းမှနေ၍ ကို အောင်ကျော်ကို ချီးကျူးဂုဏ်ပြုလွှာ ရေးပို့ခဲ့သည်။

အင်းစိန်ထောင်အတွင်း အကျဉ်းကျနေစဉ် ဓနရှင်လောက ၁၉၃၉၊ ကျောင်းသားအရေးတော်ပုံ ၁၉၃၉ နှင့် ကမ္ဘာစစ် နှင့် ဗမာ့နောင်ရေး ၁၉၃၉ စာအုပ် ၃ အုပ်ရေးသားခဲ့ကာ သခင်လှဖေ (ဗိုလ်လက်ျာ)၏ ကမ္ဘာ့နိုင်ငံရေး မြေပုံ ၁၉၃၉ ကို တည်းဖြတ်ပေးခဲ့သည်။ နိုင်ငံရေးစာပေသာမက ရသစာပေ၊ ဝတ္ထုဆောင်းပါးများကို ဒဂုန်မဂ္ဂဇင်း၊ နဂါးနီဂျာနယ်နှင့် လက်ရွေးစင်မဂ္ဂဇင်းတို့တွင် ရေးသားခဲ့သည်။ စာရေး ကောင်းသူ အနုပညာအားကောင်း သူအဖြစ် သတ်မှတ်ခံရသူဖြစ်ကာ ဒဂုန်တာရာ၏ မေ ၁၉၄ဝ ဝတ္ထုပါ၊ ကိုဗဟိန်း၏ အမှာသည် မြန်မာစာ ပေလောကတွင် ထင်ရှားသည်။

အင်းစိန်ထောင်မှ လွတ်ပြီး နောက်တွင် ဘီအေစာမေးပွဲ ဆက်မဖြေတော့ဘဲ၊ နိုင်ငံရေးလောကသို့ အချိန်ပြည့် ဝင်ရောက်ခဲ့သည်။ ၁၉၃၉ သြဂုတ် ၁၅ တွင် မြေနီကုန်း၊ မြေနုလမ်း၊ အမှတ် ၁၄ ရှိ ကိုဗဟိန်း အိမ်တွင် သခင်အောင်ဆန်း၊ သခင်လှဖေ၊ သခင်စိုး၊ ရဲဘော်နတ် (ဂ) တို့နှင့်အတူ မြေအောက်ကွန်မြူနစ် ပါတီကို လျှို့ဝှက်ဖွဲ့စည်းခဲ့သည်။ ၁၉၃၉ အောက်တိုဘာ ၁ တွင် ဗမာ့ထွက်ရပ်ဂိုဏ်း ဖွဲ့စည်းနိုင်ရေး အတွက် ကျောင်းသားခေါင်းဆောင် အဖြစ် ပါဝင်ခဲ့သည်။ ၁၉၄ဝ-၄၁ တွင် မြန်မာ့အလင်း သတင်းစာ ဘာသာပြန် အယ်ဒီတာအဖြစ် ဆောင်ရွက်၍ တစ်ဖက်တွင် နိုင်ငံရေးလုပ်ခဲ့သည်။ ၁၉၄ဝ တွင် ဆရာအတတ်သင် ကျောင်းသူ မခင်ကြီးနှင့် လက်ထပ်ပြီး နှစ်ဦးစလုံး ဒို့ဗမာအစည်းအရုံးသို့ ဝင်ရောက်သည်။

၁၉၄ဝ မတ် ၁၂ တွင် အိန္ဒိယ ကွန်ဂရက်ပါတီ၏ ဖိတ်ကြားချက်အရ သခင်အောင်ဆန်း၊ သခင်သန်းထွန်း၊ သခင်တင်မောင် (ပန်းတနော်)၊ သခင်အုန်းမြင့်၊ သခင်ခင်အောင်၊ သခင်အုန်းဖေ (ဝါးခယ်မ)တို့နှင့်အတူ အိန္ဒိယနိုင်ငံ ရမ်းဂါးညီလာခံသို့ တက်ရောက်ခဲ့သည်။

၁၉၄၁ မတ် ၁ဝ ရက်တွင် ပဲခူးမြို့၌ ကျင်းပသော ပဉ္စမမြောက် နိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံး ဒုတိယအစည်းအဝေးမှ ဗဟိုမြေအောက်တော်လှန်ရေးအဖွဲ့ (Underground Unit)၏ ဝါဒပြန့်ပွားရေး တာဝန်ခံအဖြစ် တာဝန်ပေးခံရ သည်။ ထိုတာဝန်အရ အရေးတော် ပုံ၊ ဗမာ့တော်လှန်မှု၊ မီးပွားစာစောင် များကို ကွန်မြူနစ်ပါတီအမည်ဖြင့် လျှို့ဝှက်ဖြန့်ဝေခဲ့သည်။ လျှို့ဝှက်တာဝန် ထမ်းဆောင်နေစဉ် ၁၉၄၁ အောက်တိုဘာလတွင် ဗြိတိသျှအစိုးရ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

၁၉၄၁-၄၂ တွင် မော်လမြိုင်၊ သာယာဝတီ၊ မန္တလေးထောင်များတွင် အကျဉ်းချခံခဲ့ရသည်။ မန္တလေး ထောင်တွင် သခင်စိုး၊ သခင်ကျော်စိန်၊ သခင်မြသွင်၊ သခင်နုတို့နှင့် အတူ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်းများ ဆွေးနွေးပြီး သခင်နုနှင့်အတူ    ပြည်တွင်းမှ ဖက်ဆစ်တော်လှန်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ယူခဲ့သည်။ ၁၉၄၂-၄၅ တွင် နိုင်ငံခြားရေးဝန်ကြီး သခင်နု၏ ဒုတိယ အတွင်းဝန်အဖြစ် ဆောင်ရွက်၍ သခင်သန်းထွန်းနှင့်အတူ ဖက်ဆစ် ဆန့်ကျင်ရေး လုပ်ငန်းတာဝန်များ ယူခဲ့သည်။ ၁၉၄၄ စက်တင်ဘာတွင် သခင် ဗဟိန်းတို့ ဇနီးမောင်နှံသည် ကိုထွန်းလှိုင် မသန်းမြင့်ဟူသော အမည်ဖြင့် ဖက်ဆစ်တော်လှန်ရေးအတွက် ဖြူးမြို့နယ်သို့ ထွက်ခဲ့ပြီး ဖြူးမြို့နယ်ကို အခြေစိုက်၍  ဖက်ဆစ်တော်လှန်ရေးအတွက် စည်းရုံးရေး၊ ကရင်-ဗမာချစ်ကြည်ရေး၊ စစ်ရေး၊ သဘောတရားရေး သင်တန်းများ ပို့ချခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်    တောင်ငူခရိုင်ပြောက်ကျား စစ်တာဝန်ခံအဖြစ် ပါဝင်ခဲ့သည်။

ဖက်ဆစ်တော်လှန်ရေးပြီး နောက်တွင် ကွန်မြူနစ်ပါတီဗဟို ကော်မတီဝင် အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်(ဖတပလ)ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ထိုသို့ တာဝန်ထမ်းဆောင်နေစဉ် ငှက်ဖျားရောဂါနှင့် ဆင်းရဲပင်ပန်းမှုဒဏ်များကြောင့် ကျန်းမာရေးချို့တဲ့လာသော်လည်း အနားမယူဘဲ၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီ ပူးပေါင်းရေး၊ ကွန်မြူနစ်ပါတီ နှစ်ခြမ်းမကွဲရေးတို့အတွက် မနားမနေ ဆောင်ရွက်ခဲ့သည်။

၁၉၄၆၊ ဖေဖော်ဝါရီ ၂၂ မှ မတ်  ၇ ရက် အထိ ကျင်းပသော ကွန်မြူနစ်ပါတီ အစည်းအဝေး၌ သဘာပတိအဖြစ် ဖြင့် ပါတီတွင်း ဂိုဏ်းခွဲမှုကျူးလွန် သည့် သခင်စိုး၏ တပည့်ရင်း ၇ ဦးကို ပါတီမှ ထုတ်ပယ်ခဲ့သည်။ ၁၉၄၆ မတ် ၁ဝ ရက်တွင် သခင်စိုး ဦးဆောင်သော ကွန်မြူနစ်ပါတီ ဗမာပြည်(အလံနီပါတီ)သည် ဗမာပြည် ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည်။ သခင်ဗဟိန်းမှာ သခင်သန်းထွန်း၊ သခင် သိန်းဖေတို့နှင့်အတူ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် အဖြစ် ကျန်ရစ်သည်။

ပါတီကွဲပြီးနောက် သခင်ဗဟိန်း၏ ကျန်းမာရေးမှာ တဖြည်းဖြည်း ဆိုးဝါးလာသဖြင့် ပါတီမှ ခွင့်တောင်း၍ မန္တလေးရှိ မိဘရပ်ထံပြန်ပြီး မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသနေစဉ် ၁၉၄၆ နိုဝင်ဘာ ၂ ရက်၌ ဖဆပလ အဖွဲ့ချုပ်က ဗမာပြည်ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်သည့် သတင်း ကြားသိခဲ့ရာ အလွန်အမင်း စိတ်ထိခိုက် သွားခဲ့သည်။ ၁၉၄၆ နိုဝင်ဘာ ၂ဝ ရက် ဗုဒ္ဓဟူးနေ့တွင် မန္တလေး ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပါသည်။

ဤကား အသက် ၃ဝ အရွယ်တွင် ကံကုန်ခဲ့ရသည့် သခင် ဗဟိန်း ၏ တိုတောင်းသော ဘဝမှ အလျင်မပြတ် ရှည်လျားသော နိုင်ငံရေး ရုပ်ပုံလွှာဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သူခေတ်က သူ့အပေါ် တောင်းဆိုမှုကို အပြည့်အဝ တုံ့ပြန် ပေးဆပ်ခဲ့သော လူငယ်တစ်ဦး၏ ဖြစ်တည်မှုပင်။ သူ့နောက် မျိုးဆက်သစ် လူငယ်များက သူ့ကို““ကိုဗဟိန်း”” ဟုပင် သိမှတ် ခေါ်ဝေါ်ကြ၏။ ယနေ့ခေတ် ကျောင်းသား လူငယ်များအထိ သူ့ကို သူတို့နှင့် ခေတ်ပြိုင်လူငယ်တစ်ဦးကဲ့သို့ ရင်းနှီးကျွမ်းဝင် နေကြဆဲ။ ဤသည်ပင် သူ့ဘဝတန်ဖိုး ဖြစ်သည်။ ထာဝရ နုပျိုရှင်သန်နေသော သမိုင်းတစ်ခုလည်း ဖြစ်ပါသည်။

 ( မြန်မာ့သမိုင်းတွင် ကမ္ပည်းရေးထိုးရသူ တစ်ဦးဖြစ်သော သခင်ဗဟိန်း၏  နှစ်တရာပြည့် မွေးနေ့ကို  ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။ )

ရည်ညွှန်း- မြန်မာလူကျော် ၁ဝဝ
စိုးမြင့်
Indenpendent News

No comments:

Post a Comment