Latest News

Sunday, January 8, 2017

မန္တလေး မဟာမုနိဘုရား နဖူးတော် ရွှေသင်္ကန်းကပ်ခွင့် ရပ်ဆိုင်း

မန္တလေး မဟာမုနိဘုရား နဖူးတော် ရွှေသင်္ကန်းကပ်ခွင့် ရပ်ဆိုင်း

မန္တလေး၊ ဇန်န၀ါရီ ၈

မန္တလေးမြို့၏ အထင်ကရ ရုပ်ပွားတော်တစ်ဆူဖြစ်သည့် မဟာမုနိရုပ်ရှင်တော်မြတ်၏ နဖူးတော်တွင် ကပ်လှူထားသော ရွှေသင်္ကန်းများ ပြန်လည်ခွာယူပြီးပါက ရွှေသင်္ကန်း ကပ်လှူခွင့် ပေးတော့မည်  မဟုတ်ကြောင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

“ပညာရှင်တွေနဲ့ သြ၀ါဒ ဆရာတော်တွေနဲ့ မေးကြည့်တဲ့အခါမှာ အရင်က နဖူးတော်မှာ ရွှေတွေမရှိဘူး။ ဖူးမျှော်ချင်စရာ သပ္ပာယ်ခဲ့တယ်လို့ သိရတယ်၊ အခုလက်ရှိအနေအထားက ကပ်ထားတဲ့ ရွှေသင်္ကန်းတွေက မညီမညာ ဖြစ်နေတဲ့အတွက် ပြန်ခွာပြီး မူလအတိုင်း ဖြစ်အောင် ပြုပြင်မှာပါ။ ရွှေသင်္ကန်းတွေ ခွာယူရာမှာလည်း မျက်နှာတော်ကို မထိခိုက်အောင် ခွာလို့ရမယ့် နည်းလမ်းတွေ ရှာထားပါတယ်” ဟု ဘုရားဂေါပက ဥက္ကဋ္ဌ ဦးစိုးလင်းက ပြောကြားသည်။

နဖူးတော်ကို မပြင်ဆင်မီ အလင်းပေးစနစ်များ၊ လေအေးပေး စနစ်များကိုလည်း ပြန်လည့်ပြင်ဆင်သွားမည် ဖြစ်ပြီး ယင်းလုပ်ငန်းများ ပြီးစီးပါက နဖူးတော်ကို ပြင်ဆင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ မကိုဋ်တော်နှင့် ရင်ဘက်တော်တို့တွင် ချိတ်ဆွဲကပ်လှူထားသော ရတနာပစ္စည်းများကိုလည်း ပြန်လည်ဖြုတ်ယူကာ စနစ်ကျ ဆင်မြန်းပူဇော်သွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ကပ်လှူထားသည့် လက်ဝတ်ရတနာများ အနက်မှ အမျိုးသမီး အသုံးအဆောင်များ ဖြစ်သော လက်ကောက်နှင့်  လက်စွပ်များကိုမူ ပြန်လည်ပူဇော်သွားမည် မဟုတ်ကြောင်း၊ ကျန်ပစ္စည်းများအနက် အလေးချိန် တစ်ကျပ်သားနှင့် အထက်ရှိခြင်း၊ တွင်းထွက်ရတနာဖြစ်ခြင်း စသည့် အင်္ဂါရပ်များနှင့်အညီ ရွေးချယ်ကာ စနစ်တကျ ပြန်လည်ကပ်လှူ ပူဇော်မည်ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“အရင်တုန်းက မကိုဋ်တော်တို့ ရင်ဘက်တော်တို့ဆိုတာ သပ္ပာယ်တယ်၊ ခုလည်း မသပ္ပာယ်ဘူးလို့ ပြောတာတော့ မဟုတ်ဘူး၊ အရမ်းရှုပ်နေတယ်။ အဲဒီပစ္စည်းတွေကိုဖြုတ်ပြီး လုံလုံခြုံခြုံ ထားနိုင်အောင် စီစဉ်ရဦးမယ်။ အဲဒါစီစဉ်ပြီးမှ  ပြင်ဖို့လုပ်သွားမှာပါ၊ ခုလောလောဆယ်တော့ မီဒီယာတွေကနေ တစ်ဆင့် ပြည်သူတွေကို အသိပေးတာ” ဟု ဦးစိုးလင်းက ထပ်လောင်းပြောကြားသည်။

ဘုရားပရ၀ုဏ်အတွင်း ပျံကျဈေးသည်များ ၀င်ရောက်ရောင်းချခြင်း၊ ဖိနပ်များ ကိုင်ဆောင်သွားလာခြင်းတို့ကိုလည်း ပိုမိုတင်းကျပ်စွာ ထိန်းသိမ်းသွားမည် ဖြစ်ပြီး ယာဉ်ရပ်နားရာ နေရာများကိုလည်း စနစ်တကျဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့က ဇန်န၀ါရီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက မီဒီယာများကို ရှင်းလင်းပြောကြားခဲ့သည်။

Sources; The Voice

No comments:

Post a Comment