Latest News

Sunday, January 8, 2017

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက်ခံရ သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်း

မလေးရှားနိုင်ငံတွင် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက်ခံရ သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်း


''မလေးရှားနိုင်ငံ စီးရီးဆာဒန်းပြည်နယ်မှာ ဇန်နဝါရီ ၅ ရက် ည ၁ဝ နာရီ ဝန်းကျင်မှာ လူသတ်မှုတစ်ခုဖြစ်ပွားတယ်လို့ ပြည်နယ် ရဲဌာနက အကြောင်းကြားလာပါတယ်။ Elecol Switchgear Sdn Bhdကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံက အလုပ် သမားတွေ အချိန်ပိုဆင်းပြီး အပြန်လမ်းမှာ မျက်နှာဖုံးစွပ်လူလေးဦးက ဓားတွေနဲ့ ဝိုင်းဝန်း တိုက်ခိုက်ကြ တဲ့အတွက် အခင်းဖြစ်ပွားတဲ့ နေရာမှာ မြန်မာ အလုပ်သမားလေး ဦး သေဆုံး ပြီးတော့ နှစ်ဦးကတော့ ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိသူတွေအနက် သုံးဦးကတော့ ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သံရုံးက တာဝန်ရှိတဲ့သူတွေရယ်၊ အလုပ်သမားသံ အရာရှိတွေရယ်၊ စစ်သံရုံးက တာဝန်ရှိသူတွေရယ်၊ ပန်းအလင်္ကာ ပရဟိတ အဖွဲ့က တာဝန်ရှိသူတွေက သေဆုံး သွားတဲ့သူတွေ လုပ်ကိုင်တဲ့ စက်ရုံကိုလည်း လိုက်သွားတယ်။ ဆေးရုံကိုလည်း လိုက်သွား တယ်။ လျော်ကြေး ရရှိရေးနဲ့ သတင်းအချက် အလက် ပြည့်ပြည့်စုံစုံ ရရှိရေးအတွက် ဆောင်ရွက်နေပါတယ်''ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဦးက ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ''မလေးရှားမှာ မြန်မာအလုပ်သမားတွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်က ဇန်နဝါရီ ၅ ရက် ညပိုင်း မှာဖြစ်တာပါ။ သူတို့လုပ်တဲ့ အလုပ်ရုံနဲ့နေတဲ့ အဆောင်က လမ်းလျှောက်ရင် ၁ဝ မိနစ်ပဲ ကြာတယ်တဲ့။ ပြန်လာတဲ့အခါမှာ ဖြတ်လမ်း ကနေ ပြန်လာတယ် လို့ ပြောပါ တယ်။ အဲဒီ အချိန်မှာ ရုတ်တရက် ကားနှစ်စီးနဲ့ ဆိုင်ကယ် တွေနဲ့ လူတွေ ရောက် လာတယ်။ ဆိုင်ကယ်စီး ဦးထုပ်တွေဆောင်းထားပြီးမှ ဝင်ပြီး တိုက်ခိုက် တယ်၊ ဓားတွေနဲ့ ခုတ်တယ်လို့ သိရပါတယ်။

ဖြစ်ဖြစ်ချင်း မှာပဲ မလေးရှားမှာရှိတဲ့ အလုပ်သမားသံအရာရှိတွေ စက်ရုံကို လိုက် သွားပါတယ်။ သံရုံးက ပထမအတွင်းဝန်ရယ်၊ စစ်သံရုံးကတစ်ဦး ပါပါတယ်။ စက်ရုံကို အခြေအနေသွားမေးပြီး ဒီကိစ္စကို ဘယ်လို လုပ်ပေးမ လဲဆိုတာကို ဆွေးနွေးကြတယ်။ ဒဏ်ရာရသူတွေကို ဆေးကု သနိုင်ရေး
 ဆွေးနွေး တယ်။ ရဲစခန်းနဲ့ ဆေးရုံကိုလည်း သွားပြီးတော့
 ဆောင်ရွက်ပေး စရာရှိတာတွေကို လုပ်ဆောင်ပေးတယ်။ နောက်ထပ်ကျန်တဲ့ ခုနစ်ယောက်အုပ်စုကို ဒီကနေ့ ရဲစခန်းမှာ ဖြစ်စဉ်နဲ့ ပတ်သက် လို့မေးဖို့ ခေါ်ထားတယ်လို့ သိရပါတယ်။ မနေ့ကအထိတော့ ရဲတွေက စုံစမ်းနေတာတွေ ရှိပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာအလုပ် သမား ခုနစ်ဦးကို ဖမ်းဆီးထားတာ မဟုတ် ပါဘူး။ ဖြစ်စဉ်နဲ့ပတ်သက်လို့ မေးမြန်းဖို့ ခေါ်ထားတာပါ။ ဒီဖြစ်စဉ်ဟာ ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပတ်သက်မှု ရှိ၊ မရှိ ဆိုတာကိုတော့ စုံစမ်းဖော်ထုတ်နေဆဲဖြစ်လို့ အတိအကျ ပြောလို့မရသေးပါဘူး'' ဟု ပြောသည်။

အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၃ဝ အနက် ၁၅ ဦးမှာ တရားဝင်အလုပ်လုပ်ကိုင်နေခြင်းဖြစ်ပြီး ကျန် ၁၅ ဦးမှာ တရားမဝင် အလုပ်လုပ်ကိုင်နေ သူများဖြစ်သည်ဟု ဆိုသည်။ ယခုသေဆုံး၊ ဒဏ်ရာရနှင့် စစ်ဆေးခံနေရသူ ၁၅ ဦးတွင် တရားဝင်နှင့် တရားမဝင် အလုပ်လုပ် ကိုင် နေသူများ ရောပါနေကြောင်း သိရသည်။

တရားဝင် သွားရောက်အလုပ်လုပ်ကိုင်နေ သည့် အလုပ်သမားများ အတွက် မြန်မာနိုင်ငံ မှ သက်ဆိုင်ရာကုမ္ပဏီများကို သွားရောက် ကူညီရန် ဆောင်ရွက်ခိုင်းထားပြီးဖြစ်ကြောင်း၊ မလေးရှားနိုင်ငံရှိ အလုပ်ရှင်အေ ဂျင်စီ အသင်းချုပ်သို့လည်း ဆက်သွယ်၍ ကူညီ ဆောင် ရွက်ပေးရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။ တရားမဝင် သွားရောက်အလုပ် လုပ်ကိုင်နေသူများအတွက်လည်း သံရုံးမှ တာဝန်ရှိ သူများနှင့် အလုပ်သမား သံအရာရှိ များက တန်းတူအခွင့်အရေးရအောင် လိုက်လံဆောင်ရွက်နေသည်ဟု အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်ထံမှ သိရသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ''မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ တိုက်ခိုက် ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနဲ့ မြန်မာသံရုံးက တာဝန်ရှိ သူတွေက မလေးရှားက တာဝန်ရှိ သူတွေ ပူးပေါင်းပြီးတော့ ဒီဖြစ်စဉ်နဲ့ပတ်သက် လို့ အသေးစိတ် သိရအောင်၊ ဒီဖြစ်စဉ် ဘာကြောင့်ဖြစ်ရတာလဲ၊ ဘယ်သူတွေလုပ်တာ လဲ၊ ဘယ်လိုအကြောင်းအရင်းနောက်ခံတွေ ရှိသလဲ၊ ဘယ်လိုအကြောင်းတွေ ဆက်စပ်နေ သလဲ၊ ကျန်တဲ့ဆက်စပ်မှုတွေ ဘာတွေရှိသလဲ ဒါတွေသိရှိရအောင် မလေးရှားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေ ပါတယ်''ဟု ပြော သည်။

''ဘာကြောင့်ဖြစ်ရတယ်ဆိုတာ သိမှ ဘာဆက်လုပ်ရမယ်ဆိုတာသိပြီး လုပ်လို့ရမှာ ပါ။ မလေးရှားမှာရှိတဲ့ မြန်မာအလုပ် သမားတွေ၊ မြန်မာနိုင်ငံ သားတွေအနေနဲ့ ဒီဘက်မှာတစ်ခုခု ဖြစ်တိုင်း အဲဒီဘက်မှာ တစ်ခုခုဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေရှိပါတယ်။ မြန်မာနိုင် ငံ ပြည် တွင်းရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုနဲ့ မလေးရှားရောက် မြန် မာနိုင်ငံ သားတွေရဲ့ အခြေအနေတိုးတက်မှုတွေ ဆက်စပ်မှုရှိနေ တယ်ပေါ့။ အလုပ် သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဆိုရင် မလေးရှားကို အလုပ်သမားတွေစေလွှတ်ဖို့ ရပ်ဆိုင်း ထားတဲ့အထိ ဖြစ်ခဲ့ပါတယ်။

မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ သွားရောက်လုပ်ကိုင်တဲ့ အခါမှာ ဘယ်နေရာတွေက အန္တရာယ်များတယ်။ ဒါဆို မသွားနဲ့၊ မဖြစ်မနေသွားရမယ်ဆိုရင်လည်း အနည်းစုနဲ့မသွားဘဲနဲ့ အများစုနဲ့သွား။ မတတ်သာလို့ အများစုနဲ့သွားမယ်ဆိုရင်လည်း ဘယ်သူကဘယ်သွားတယ်၊ ဘာလုပ်တယ် ဆိုတာကို ကိုယ့်ကွန်ရက်နဲ့ကိုယ် အဆက် မပြတ်စေဖို့ လိုပါတယ်။ အလုပ်သမားတွေ အနေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေ၊ နာရေးကူညီမှုအသင်းလိုဟာမျိုးတွေနဲ့ စုစည်းပြီး တော့ သံရုံးတွေနဲ့ အဆက်မပြတ် ဆောင်ရွက် ဖို့လိုပါတယ်''ဟု ဦးဇော်ဌေးက ပြောသည်။

ရေရှည်အနေဖြင့် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံ အစိုးရချင်း ဆွေးနွေး ညှိနှိုင်း နေကြောင်း၊ တရားဝင်လမ်းကြောင်းမှ တရားဝင်အလုပ် သမားများ စေလွှတ်ရေး၊ အလုပ်သမားများအတွက် ရသင့်ရထိုက်သည့် တရားဝင်အခွင့်အရေးများရရှိရေး၊ အကာ အကွယ် လုံခြုံမှုရရှိရေးတို့ကို မလေးရှားနိုင်ငံ နှင့် ညှိနှိုင်းပြီး ဆောင်ရွက်နေကြောင်း၊ ထိုင်း နှင့် မြန်မာနိုင်ငံ အကြား ပူးပေါင်းဆောင်ရွက် နေသည့် ပုံစံမျိုး ဆောင်ရွက်သွား ရန်ဖြစ် ကြောင်း၊ တရားမဝင်သွားရောက် အလုပ်လုပ် ကိုင်ပါက ဥပဒေကြောင်းအရ ထိုက်တန်သည့် အခွင့်အရေးရရှိမည် မဟုတ်ကြောင်း သိရ သည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား များအနေဖြင့် သံရုံးနှင့် ဆက်သွယ်စေ လို ကြောင်း၊ သံရုံးတွင် တွဲဖက်ထားသည့် အလုပ် သမားသံ အရာရှိများနှင့် ဆက်သွယ်စေလို ကြောင်း၊ အဓိကမှာ မလေးရှားနိုင်ငံ တွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ၏ အကျိုးစီးပွားဖော်ဆောင်နိုင် ရန် ဖြစ်ကြောင်း၊ နှစ်နိုင်ငံညှိနှိုင်းပြီး ဆောင်ရွက်သွားလျှင် မလေးရှားနိုင် ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများ၏ အနေအထား ပိုမို ကောင်းမွန် လာမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဖြည့်စွက်ပြောကြားသည်။

တွေ့ဆုံမေးမြန်း

ညီညီထွန်း၊ မျိုးမြင့်၊ ကျော်သူထက်

Sources; MOI

No comments:

Post a Comment