Latest News

Wednesday, January 18, 2017

တရုတ်ဖိတ်ခေါ် အမျိုးသမီးပြိုင်ပွဲ မြန်မာနှင့် ယူကရိန်း ယနေ့ကစားမည်

တရုတ်ဖိတ်ခေါ် အမျိုးသမီးပြိုင်ပွဲ မြန်မာနှင့် ယူကရိန်း ယနေ့ကစားမည်

တရုတ်ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂ဝ၁၇ တရုတ်ဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စုအဆင့် ပထမ နေ့ကို ဇန်နဝါရီ ၁၉ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းသည် ယူကရိန်းအသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို အိမ်ရှင် တရုတ်လက်ရွေးစင်အသင်း၊ အာဆီယံဒေသ မှ မြန်မာ့လက်ရွေးစင်အသင်းနှင့် ထိုင်း လက်ရွေးစင်အသင်း၊ ဥရောပမှ ယူကရိန်းလက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ကာ ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်သည်။ အုပ်စုအဆင့်ပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအသင်းနှင့် ယူကရိန်းအသင်း၊ ညနေ ၆ နာရီ ၅ မိနစ်တွင် အိမ်ရှင် တရုတ်အသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား မည် ဖြစ်သည်။ ယင်းပြိုင်ပွဲမှာ ၁၉၉၈ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ကမ္ဘာ့ အမျိုးသမီးဘောလုံးအင်အားကြီးနိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ နော်ဝေစသည့် အသင်းများ ယှဉ်ပြိုင်ခဲ့ဖူးသည့် အဆင့်မြင့်မားသော ပြိုင်ပွဲဖြစ်သည်။ ယခုပြိုင်ပွဲတွင်လည်း အာရှထိပ်သီး တရုတ်၊ ဥရောပမှ ယူကရိန်း၊ အာဆီယံဒေသတွင်း ပြိုင်ဘက် ထိုင်းအသင်းတို့ ပါဝင်နေရာ မြန်မာအမျိုးသမီးအသင်းအတွက် အတွေ့ အကြုံကောင်းများ ရရှိမည့် ပြိုင်ပွဲဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ဧပြီလတွင်ယှဉ်ပြိုင်ရမည့် အာရှဖလားခြေစစ်ပွဲ အတွက် ပြင်ဆင်သည့်အနေဖြင့် ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ် သည်။ မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်တွင် အဓိကနိုင်ငံ တကာပြိုင်ပွဲ များ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အာရှဖလားခြေစစ်ပွဲ အပြီးတွင်၂ဝ၁၇ အာဆီယံ အမျိုးသမီးပြိုင်ပွဲနှင့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတို့ ထပ်မံယှဉ်ပြိုင် ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဇန်နဝါရီ ၂၁ ရက်တွင် တရုတ်၊ ဇန်နဝါရီ ၂၄ ရက်တွင် ထိုင်းတို့နှင့် ထပ်မံကစားရ မည်ဖြစ်ကာ ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ အသင်းမှာ တရုတ်အသင်းဖြစ်သည်။

Sources: ရှိုင်းထက်ဇော် ( ပြန်/ဆက် )

No comments:

Post a Comment