Latest News

Wednesday, January 18, 2017

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကုန်သွယ်မှု

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဇန်နဝါရီ ၁၇ ရက်အထိ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၂ သန်း တင်ပို့နိုင်ခဲ့


မောင်တော ဇန်နဝါရီ ၁၈

မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ငါးခြောက်၊ ဝါးအစရှိသည့် ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၁၇ ရက်အထိ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၂ သန်း အထိ တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းတာဝန်ခံ ဦးခင်ကျော်မြင့်က ပြောသည်။

ရခိုင်ပြည်နယ် မောင်တောဒေသအတွင်း အောက်တိုဘာ ၉ ရက်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီးနောက် ပိတ်ထားခဲ့ ရသော မောင်တောနယ်စပ်ဂိတ်ကို ဒီဇင်ဘာ ၂၄ ရက်နောက်ပိုင်း တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ နယ်စပ်ဂိတ် စတင်ဖွင့်လှစ်ပြီး လကုန်ခန့်အထိ ကုန်ပစ္စည်းများ တင်ပို့နိုင်ခြင်းမရှိသေးဘဲ ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ငါးခြောက်မျိုးစုံ၊ ရေငန်ပုစွန်၊ ဝါး၊ ဆီးယို၊ သကြား၊ စောင်ပါး၊ ပဲလှော်၊ ဆပ်ပြာနှင့် အလှကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ဇန်နဝါရီ ၁၇ ရက် အထိ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၂ သန်း အထိ တင်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ အဓိကအားဖြင့် ငါးခြောက် မျိုးစုံ တင်ပို့မှုကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယနေ့အချိန်အထိ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ နယ်စပ်ဖြတ်ကျော်မှုနှင့် သွင်းကုန်များတင်သွင်းနိုင်ခြင်း မရှိသေးသည့်အတွက် လက်ရှိမောင်တော ဈေးအတွင်း ရောင်းချနေသော လျှပ်စစ်ပစ္စည်းများ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ စသည့် သွင်းကုန်ပစ္စည်းများမှာ တန်ဖိုး အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။

Sources: သတင်း - ဇင်ဦး၊ ကိုမင်း ဓာတ်ပုံ - သီဟစည်သူ(ပြန်/ဆက်)

No comments:

Post a Comment