Latest News

Thursday, January 12, 2017

ကမ္ဘာပေါ်မှာ အရက်ဈေးအချိုဆုံးက မြန်မာနိုင်ငံ ဖြစ်နေတယ်၊ စီးပွားကူးသန်းနဲ့ အကောက်ခွန် ၀န်ကြီးဌာန စစ်ကြပါဦး


ကမ္ဘာပေါ်မှာ အရက်ဈေးအချိုဆုံးက မြန်မာနိုင်ငံ ဖြစ်နေတယ်၊ စီးပွားကူးသန်းနဲ့ အကောက်ခွန် ၀န်ကြီးဌာန စစ်ကြပါဦး



ဂျပန်မိတ်ဆွေတစ်ဦးကို လေဆိပ်မှကြိုပြီး ညစာစားရန် အသွား အင်းယားလမ်းပေါ်ရှိ ယမကာဆိုင်သို့ ၀င်ပြီး အရက်ဝယ်လိုက်သည်။ မိတ်ဆွေဂျပန်က အရက်ဈေးနှုန်းကိုကြည့်ပြီး အံ့သြနေသည်။ သူအံ့သြမည်ဆိုလည်း အံ့သြလောက်ပါသည်။ ဥရောပနှင့် အာရှနိုင်ငံများတွင် အမေရိကန်ဒေါ်လာ တစ်ရာအထက်ပေးရသော ဂိုးလ်လေဘယ် ပုလင်းကို ကျပ်သုံးသောင်း ခုနစ်ထောင်ဖြင့် ရောင်းချသောကြောင့်ဖြစ်သည်။ ကားပေါ်ရောက်သော် ဂျပန်မိတ်ဆွေက ဈေးပေါလွန်းသဖြင့် အရက်အတု ဖြစ်နိုင်သလားဟု မေးလာသည်။ ထို့ကြောင့် ထိုမိတ်ဆွေကို ရှည်လျားစွာ ရှင်းပြရတော့သည်။

စီးပွားကူးသန်းက မြန်မာနိုင်ငံအတွင်းသို့ ၀ိုင်ကို တင်သွင်းခွင့်ပြုထားသော်လည်း အရက်နှင့်ဘီယာကို ဟိုတယ်လုပ်ငန်းအတွက်သာ ကန့်သတ်တင်သွင်းခွင့်ပြုသည်။ ဥပေဒအရဆိုပါက အရက်များကိုလည်း ဟိုတယ်ပရ၀ုဏ် အတွင်းသာ ရောင်းချခွင့်ရှိသည်။ သို့သော် မည်သည့်အတွက် မြန်မာနိုင်ငံအတွင်း အရက်များ ဈေးချိုသာစွာ ရောင်းချနေပါသနည်း။ အချက်နှစ်ချက်ရှိသည်။ ဟိုတယ်လုပ်ငန်းအတွက်ဟုဆိုကာ တင်သွင်းသော အရက်များ ပြည်တွင်းဈေးကွက်အတွင်း ရောက်ရှိခြင်းနှင့် တရားမ၀င် တင်သွင်းနေခြင်းတို့ကြောင့် ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းသို့ အရက်မျိုးစုံကို တရားမ၀င် တင်သွင်းနေသော စီးပွားရေးအုပ်စုကြီး လေးခုရှိသည်။ တရားမ၀င် ဘီယာတင်သွင်းနေသော စီးပွားရေးအုပ်စုကြီး နှစ်ခုရှိသည်။ ထို့အပြင် မန္တလေး၊ တောင်ကြီးနှင့် မော်လမြိုင်တွင် အခြေစိုက်သော အရက်တုလုပ်သည့် အဖွဲ့ကြီး သုံးခုရှိသည်။ ထိုသူများကြောင့် ပြည်တွင်းတွင် အရက်များ ဈေးနှုန်းချိုသာနေခြင်းဖြစ်သည်။

အရက်အတုလုပ်သည့် အုပ်စုကြီးများအနက် တောင်ကြီး အခြေစိုက်အုပ်စုသည် ဟိုက်လန်ဒါ၊ ဟိုက်ကော်မရှင်နာ စသည့်အရက်များကို အတုလုပ်လေ့ရှိပြီး မော်လမြိုင် အခြေစိုက်အုပ်စုကမူ ရက်ဒ်လေဘယ်နှင့် ဘလက်လေဘယ် စသည့် ဂျော်နီဝါးကားအုပ်စုဝင် အရက်များကို အတုလုပ်သည်။ မန္တလေးအခြေစိုက် အရက်အတုအဖွဲ့ကမူ မန္တလေးရမ်များကို အကြီးအကျယ် အတုလုပ်လျက်ရှိသည်။ မန္တလေးရမ်အတု ပမာဏမှာ အစစ်ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းအထိပင်ရှိကြောင်း သိရသည်။ ထို့အပြင် တစ်ပိုင်တစ်နိုင် အရက်တုလုပ်ငန်းများသည် မြောက်ဥက္ကလာနှင့် တရုတ်တန်းတွင် မရေမတွက်နိုင်အောင် ရှိနေသည်။ ထိုအရက်တုများ ကြောင့်ရော တရားမ၀င် တင်သွင်းမှုများကြောင့်ပါ ပြည်တွင်းတွင် အရက်များ ဈေးချိုနေခြင်းဟု ကောက်ချက်ချနိုင်သည်။

ယခင်အစိုးရလက်ထက် ရွေ့လျားမိုဘိုင်းအဖွဲ့များဖြင့် လမ်းကြောင်းများချ စစ်ဆေးရှာဖွေမှုတို့ကြောင့် ရန်ကုန်တွင် နာမည်ကြီး ကုမ္ပဏီကြီးများပင် တရားမ၀င်တင်သွင်းလာသော အရက်များ၊ ဘီယာများ၊ ၀ိုင်များပင် ဖမ်းဆီးရမိခဲ့ဖူးသည်။ အစိုးရဟောင်း သက်တမ်းကုန်ခါနီးတွင် အဆိုပါ မိုဘိုင်းအဖွဲ့သည် သမ္မတဦးသိန်းစိန် ဖွဲ့ပေးထားသည့် အတွက်ဆိုကာ ပြန်လည်ဖျက်သိမ်းသွားသည့်အတွက် တရားမ၀င် အရက်များသည် ပြည်တွင်းသို့ တံခါးမရှိ ဓားမရှိ ၀င်ရောက်လာကြသည်။ NGO အဖွဲ့တစ်ခု၏ သုတေသနပြုချက်အရ မြန်မာနိုင်ငံတွင် လူလတ်ပိုင်းများ အရက်သောက်သုံးမှုမှာ ဆယ်နှစ်အတွင်း ၈ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု သိရသည်။ ၁၈၈၆ ခုနှစ် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပြီးချိန်မှ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၁၂၄ နှစ်အတွင်း မြန်မာနိုင်ငံတွင် ဘီယာချက်စက်ရုံသုံးရုံသာ ရှိခဲ့သော်လည်း ၀န်ကြီးဦးစိုးသိန်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ချိန်တွင် သုံးလအတွင်း ဘီယာနှင့် အရက်ချက်စက်ရုံ ခုနစ်ရုံ ခွင့်ပြုပေးခဲ့ခြင်းက ပြည်တွင်းတွင် ယမကာ သောက်သုံးသူများကို တိုးပွားလာစေခဲ့သည့် အကြောင်းတစ်ခုလည်း ဖြစ်သည်။

နိုင်ငံတကာတွင် ပြည်ပမှ အရက်၊ ဘီယာ၊ ၀ိုင် တင်သွင်းမှုကို ခွင့်ပြုသော်လည်း ပြည်တွင်းနေပြည်သူများ မသောက်သုံးနိုင်ရန် တားမြစ်သည့် သဘောဖြင့် ကြီးလေးသော အကောက်ခွန်နှုန်းထား သတ်မှတ်လေ့ရှိသည်။ မြန်မာနိုင်ငံကမူ ပြည်တွင်းသို့ လုံးဝတင်သွင်းခွင့် မပြုသော်လည်း တရားမ၀င် တင်သွင်းနေသည်များကို ဖမ်းဆီးခြင်း မပြုသည့်အတွက် ရန်ကုန်အပါအ၀င် နေရာအနှံ့တွင် နိုင်ငံခြားအရက်များသည် လိုင်စင်ရ ဆိုင်များသဖွယ် ပြောင်ပြောင်တင်းတင်း ရောင်းချလျက်ရှိသည်။ ထို့အပြင် အချို့သော ဆိုင်ပိုင်ရှင်များသည် တရားမ၀င်အရက် ပုလင်းများပေါ်တွင် အထူးကုန်စည်ခွန် တံဆိပ်ခေါင်းကပ်ပြီး တရားဝင်သဖွယ် ရောင်းချနေသည်များလည်း ရှိသည်။ အစိုးရ အဆက်ဆက် လက်ထက်တွင်လည်း ပြည်ပအရက်များသည် လာဘ်ပေးရန်အလွန် အသုံးဝင်သဖြင့် ပြည်ပအရက်ဈေးကွက်မှာ ကျယ်ပြန့်လျက်ရှိသည်။ လုပ်ငန်းရှင် တစ်ဦးက “နေပြည်တော် အပါအ၀င် အစိုးရရုံးတွေကို သွားမယ်ဆိုရင် အောက်ခြေအတွက် နှစ်သောင်းခွဲတန် ဘလက်လေဘယ်၊ အလယ်အလတ်အတွက် သုံးသိန်းတန် ဗယ်လင်တိုင်း နှစ် ၃၀ တို့ တစ်သိန်းခွဲတန် ဘလူးလေဘယ်တို့၊ အကြီးတွေအတွက်ဆိုရင် ၃၅ သိန်းဝန်းကျင်ပေးရတဲ့ လူးဝစ် ၁၃ ကော့ညက်တို့ ဒယ်မိုးတို့လောက် ပေးရတယ်။ တချို့လူကြီးတွေကတော့ တကယ်သောက်တယ်။ တချို့ကျတော့ ဆိုင်ပြန်သွင်းကြတယ်။ ကိုယ်ဝယ်ပြီး လက်ဆောင်ပေးတဲ့ ဘလူးလေဘယ်ဆိုရင် အမှတ်အသား လုပ်ကြည့်ထားလိုက် တစ်ခါတစ်လေ ဆိုင်မှာ ပြန်တွေ့ရတယ်”ဟု ပြောပြသည်။

အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးကမူ “ဖမ်းတာတော့ နေ့ရောညရော ဖမ်းနေတာပဲ။ ဖမ်းတိုင်းလည်း မိတယ်။ ခက်တာက ဆိုင်ပေါ်ရောက်သွားရင် တရားဝင်သွင်းတာလား၊ တရားမ၀င် သွင်းတာလား စစ်ရခက်သွားတယ်။ ပြီးတော့ ပြည်တွင်းမှာ လူများစုသောက်နေတဲ့ နိုင်ငံခြားအရက်အများစုက ပြည်ပက သွင်းတာမဟုတ်ဘူး။ ပြည်တွင်းမှာတင် အတုထုတ်နေတာ”ဟု ပြောပြသည်။ နိုင်ငံခြားအရက် ရောင်းချနေသူတစ်ဦးကမူ “ကျွန်တော်တို့လည်း တရားမ၀င်ရောင်းနေရလို့ စိတ်မလုံပါဘူး။ ဘယ်နေ့ လာဖမ်းမလဲ တထိတ်ထိတ်နဲ့နေရတာ။ ဒီအစား နိုင်ငံခြားအရက်တွေကို အခွန်မြင့်မြင့်မာမား ကောက်ပြီး တင်သွင်းပေးလိုက်ရင် အရက်အတု ဈေးကွက်လည်း ပျောက်သွားမယ်။ သောက်တဲ့သူတွေလည်း အရက်အစစ်သောက်ရမယ်။ နိုင်ငံတော်မှာလည်း အခွန်အကောက် အများကြီးရမယ်”ဟု သူ၏အမြင်ကိုပြောပြသည်။ နိုင်ငံများစွာတွင် ပြည်ပမှတင်သွင်းသည့် အရက်ကို အထူးကုန်စည်အဖြစ် သတ်မှတ်ပြီး တန်ဖိုး၏ ၂၀၀ ရာခိုင်နှုန်း မှ ၃၀၀ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံလျက်ရှိကြောင်း သိရသည်။


Sources; လက်စောင်းလက် Tomorrow News

No comments:

Post a Comment